သုံးလအတွင်း တနိုင်ငံလုံး အပစ်ရပ်မည်ဟု ဦးအောင်မင်း ပြော

သုံးလအတွင်း တနိုင်ငံလုံး အပစ်ရပ်မည်ဟု ဦးအောင်မင်း ပြော
by -
မဇ္စျိမ

တနိုင်ငံလုံး အတိုင်းအတာဖြင့် အပစ်အခတ် ရပ်စဲရေးများကို သုံးလအတွင်း ပြုလုပ် ပြီးစီးသွားမည်ဟု မီးရထားဝန်ကြီး ဦးအောင်မင်း က ပြောသည်။

ဗုဒ္ဓဟူးနေ့က နိုင်ငံခြားသတင်းဌာနနှင့် ပထမဆုံးအကြိမ် အင်တာဗျူးရာတွင် အစိုးရ၏ ပြည်ထောင်စု ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင်လည်း ဖြစ်သည့် ဗိုလ်ချုပ်(ဟောင်း) ဦးအောင်မင်း က ထိုသို့ပြောဆိုလိုက်ခြင်း ဖြစ်ကြောင်း ရိုက်တာ သတင်းတရပ်တွင် ဖော်ပြပါရှိသည်။

တိုင်းရင်းသားလူမျိုးများနှင့် ဖြစ်ပွားခဲ့သည့် နှစ်ပေါင်း ၆၀ နာတာရှည်ဝေဒနာကြီးအား ယခင်အစိုးရ အဆက်ဆက်က ဆေးမမှန်၍ မကုစားနိုင်ခဲ့ကြောင်းလည်း ဦးအောင်မင်း က ပြောသည်။

“ကျနော်တို့ တိုင်းပြည်မှာ အခြေအနေတွေ ပြောင်းနေပြီး ဒီအရေးကိစ္စဟာလည်း ပြောင်းလဲသွားပါပြီ။ ကျနော်တို့ ဆေးကို ရှာဖွေတွေ့ရှိနိုင်ပါပြီ” ဟု ဦးအောင်မင်း က ဆိုသည်။

လက်နက်ကိုင်အဖွဲ့ ၁၆ ဖွဲ့အနက် ၉ ဖွဲ့နှင့် အပစ်ရပ်ရေး သဘောတူ လက်မှတ်ရေးထိုးနိုင်ခဲ့ပြီး မကြာမီ လအနည်းငယ် အတွင်းမှာလည်း ကချင်လွတ်မြောက်ရေးတပ် (KIA)အပါအဝင် ၆ ဖွဲ့နှင့် အပစ်ရပ်နိုင်လိမ့်မည်ဟု ဦးအောင်မင်း က ပြောသည်။

မတ်လ ၁ ရက်နေ့တွင် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)နှင့် အပစ်ရပ်ရေး လက်မှတ်ထိုးနိုင် မည်ဖြစ်ကာ လက်နက်ကိုင်အဖွဲ့ငယ် ၅ ခုကလည်း လက်နက်ချရန် အဆင်သင့်ဖြစ်နေကြောင်း ၎င်းက ဆိုသည်။

သမ္မတ ဦးသိန်းစိန်အနေဖြင့် ငြိမ်းချမ်းရေး ခြေလှမ်းသုံးရပ် ချမှတ်ထားသည်။ ပထမဦးစွာ အပစ်ရပ်ပြီးနောက်
နိုင်ငံရေးသဘောတူညီချက်များနှင့် နေရာပြန်ချရေးများ ပြုလုပ်မည်ဖြစ်ပြီး ၎င်းနောက် ပါလီမန်တွင်း အထူးညီလာခံ ကျင်းပ၍ အဖွဲ့အသီးသီးနှင့် ရေရှည်သဘောတူညီချက်များ အခိုင်အမာ ချမှတ်သွားရန်ဖြစ်သည် ဟုဆိုသည်။

ဤအစီအစဉ်အားလုံးမှာ ၂၀၀၈ အခြေခံဥပဒေအောက်မှ ဆောင်ရွက်သွားရန်ပြီး တိုင်းရင်းသားအဖွဲ့များ တောင်းဆိုထားကြသည်မှာ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ဖြစ်သည်။