အလုပ်အကိုင်ရရှိရေး ဦးစားပေးမယ်လို့ ဒေါ်စု ပြော

အလုပ်အကိုင်ရရှိရေး ဦးစားပေးမယ်လို့ ဒေါ်စု ပြော
by -
ကျော်ခ

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အနေဖြင့် အလုပ်အကိုင် ရှားပါးနေသည့် ကော့မှူးမြို့နယ်တွင်း ရှိ ပြည်သူများအတွက် အလုပ်အကိုင်ရရှိရေး ဦးစားပေးဆောင်ရွက်သွားမည် ဖြစ်ကြောင်း အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က စနေနေ့က ကတိပေး ပြောဆိုခဲ့သည်။

ကော့မှူးမြို့နယ် ဝါးသင်္ခကျေးရွာတွင် မိန့်ခွန်းပြောကြားနေသည့် ဒေါ်အောင်ဆန်းစုကြည်ကို တွေ့မြင်ရစဉ်။ (ဓါတ်ပုံ-မဇ္စျိမ)ကြားဖြတ်ရွေးကောက်ပွဲတွင် ကိုယ်စားပြု ယှဉ်ပြိုင်မည့် ကော့မှူးမြို့နယ်သို့ စနေနေ့က သွားရောက်သည့် မဲဆွယ် စည်းရုံးရေး ခရီးစဉ်အတွင်း ဝါးသင်္ခကျေးရွာ၌ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့ခြင်းဖြစ်ပြီး ယင်းသို့ ဆောင်ရွက် နိုင်ရန် လူထုအနေဖြင့် ပါတီအားထောက်ခံခြင်းဖြင့် ပါဝင်နိုင်ကြောင်းစည်းရုံးပြော ဆိုသွားသည်။

“ကော့မှူးမြို့နယ်မှာဆိုရင် အရေးအကြီးဆုံး ကိစ္စကတော့ အလုပ်အကိုင် မရှိခြင်းပါပဲ။ အလုပ်အကိုင်ကို ပြည်သူတွေ အတွက် လုံလုံလောက်လောက် ရှိအောင်လို့ လုပ်ပေးရမှာဟာ ပထမဦးဆုံး တာဝန်တခုဖြစ် တယ်ဆိုတာ ကျမတို့ နားလည်ပါတယ်” ဟု NLD ဥက္ကဋ္ဌက ပြောဆိုသည်။
dakomoo14သူက ဆက်၍ “ကော့မှူးမြို့နယ်မှာ ဆိုလို့ရှိရင် ဘွဲ့ရပြီးသား လူငယ်များဟာ အများစုက အခုထက်ထိ အလုပ်အကိုင် မရရှိသေးဘူးဆိုတာ ကျမတို့ သိရပါတယ်။ ဘွဲ့ရလူငယ်တွေ၊ ဘွဲ့မရသေးတဲ့ လူငယ်တွေ၊ လူလတ်တွေ၊ လူကြီးတွေ၊ အလုပ် လုပ်ချင်တဲ့ လူတွေ၊ အလုပ်လုပ်ဖို့ လိုတဲ့လူတွေ အလုပ်လုပ်နိုင်ဖို့ဟာ ပထမဦးစားပေးပြီးတော့ ကျမတို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် က လုပ်သင့်တယ်လို့ ဒီလိုပဲ ကျမတို့ခံယူပါတယ်” ဟု ထည့်သွင်း ပြောဆိုသွားသည်။

ကြမ်းတမ်းခက်ခဲမည့် နိုင်ငံရေးခရီးရှည်အတွင်း ပြည်သူလူထုအနေဖြင့် NLD ပါတီနှင့် လက်တွဲဆောင်ရွက် သွားမည်ဟု ယုံကြည်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့ပြီး ပြည်သူများ၏ လိုအပ်ချက်များ၊ စိုးရိမ်ကြောင့်ကြမှုများနှင့် မျှော်လင့်ချက်များကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အား အသိပေးစေလိုကြောင်း ပြောဆိုသွားခဲ့သည်။

ပါတီ၏ တတိယမြောက် မဲဆွယ်စည်းရုံးရေး ခရီးစဉ်အဖြစ် ကော့မှူးမြို့နယ်သို့ သွားရောက်ခဲ့သည့်
ဒေါ်အောင်ဆန်းစုကြည်၏ ခရီးစဉ်တွင် ဒေသခံများသာမက ရန်ကုန်၊ ဒလ၊ တွံတေး၊ ကွမ်းခြံကုန်း၊ ဒေးဒရဲ စသည့် မြို့နယ်များမှ ပြည်သူများပါ လိုက်လံအားပေး ကြိုဆိုနှုတ်ဆက်ခဲ့ကြသည်။

ရန်ကုန်မြို့မှ အထွက် လှိုင်သာယာမြို့နယ် အစပ်မှ စ၍ အိုးစည်ဒိုးပတ်ဝိုင်းများ၊ ကရင်ဒုံးယိမ်းအကများဖြင့် ကြိုဆို နှုတ်ဆက်သူများ၊ လိုက်လံပို့ဆောင်သည့် ယာဉ်တန်းများ များပြားသဖြင့် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် ယာဉ်တန်းသည် ရန်ကုန်မြို့မှ မိုင် ၄၀ ဝန်းကျင် ခန့်သာ ကွာဝေးသည့် ကော့မှူးမြို့နယ် ဝါးသင်္ခ ကျေးရွာသို့ ၆ နာရီခန့်မျှ သွားခဲ့ရသည်။

“လိုက်ပို့တဲ့ ယာဉ်တန်း ကားစီးရေ ၂၀၀ ကျော် ၃၀၀ လောက်ရှိမယ် ဆိုင်ကယ်တွေက ထောင်နဲ့ချီရှိမယ်။ ယာဉ်တန်း အရှည်ကိုက ၁ မိုင်ခွဲ ၂ မိုင်လောက် အရှည်နဲ့ ရှိတယ်။ လမ်းတလျှောက်လုံး နှုတ်ဆက်နေတဲ့သူ တွေနဲ့ အန်တီကလည်း ပြန်နှုတ်ဆက်တာနဲ့ဆိုတော့ ကားကို ဘီးလှိမ့်ယုံပဲ မောင်းလို့ရတယ်။” ဟု သွား ရောက်သတင်းယူသည့် မဇ္စျိမ သတင်းထောက်က ပြောသည်။

ဝါးသင်္ခကျေးရွာ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောဆိုရာသို့ လာရောက်သည့် ပရိသတ် ၂ သောင်းဝန်း ကျင်ခန့်ရှိပြီး ဝါးသင်္ခကျေးရွာမှ အပြန်တွင် ဒေါ်အောင်ဆန်းစုကြည်သည် မဆည်ဆိပ်၊ ငှက်အော်စမ်း စသည့် ကျေးရွာများသို့ သွားရောက်ခဲ့သေးကြောင်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ကြားဖြတ်ရွေးကောက်ပွဲ မကျင်းပမီ တရက်အလို မတ်လ ၃၁ ရက် ည တွင် ဝါးသင်္ခကျေးရွာ၌ ညအိပ် တည်းခိုမည်ဖြစ်ပြီး နောက်တရက်တွင် ဝါးသင်္ခကျေးရွာ ကိုယ်စားပြု၍ မဲပေးမည် ဖြစ်သည်။

ကော့မှူးမြို့နယ်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် အဓိက ယှဉ်ပြိုင်မည့် အာဏာရ ကြံ့ခိုင်ရေးပါတီမှ ဒေါက်တာ စိုးမင်း သည် ပါတီမှ ဖွင့်လှစ်ထားသည့် ဖြိုးစေတနာ ဆေးခန်းတွင် လုပ်ကိုင်ပြီး လူထု စည်းရုံးမှုအဖြစ် ၂၀၁၀ ရွေးကောက်ပွဲ ကာလ နောက်ပိုင်းတွင် အခမဲ့ နယ်လှည့် ကျန်းမာရေး စောင့်ရှောက်မှုများ ပြုလုပ်နေကြောင်း သိရသည်။