ဧပြီ ၁ ရက် ကြားဖြတ်ရွေးကောက်ပွဲတွင် တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီ (တစည) အတွက် အဓိက ယှဉ်ပြိုင်ရမည့် ပါတီကြီးနှစ်ခုမှာ ကြ့ံခိုင်ရေးပါတီနှင့် အမျိူးသားဒီမိုကရေစီအဖွဲ့ချုပ် NLD တို့ ဖြစ်ကြောင်း တစည တွဲဘက် အထွေထွေအတွင်းရေးမှူး ဦးခင်မောင်ကြီးက ပြောကြားလိုက်သည်။
သောကြာနေ့ မနက်က ပြုလုပ်သည့် တစည ပါတီ၏ ပြည်ထောင်စုနေ့ အကြို အခမ်းအနားတွင် သတင်း ထောက်များ ကို ဦးခင်မောင်ကြီးက ပြောကြားခဲ့ခြင်း ဖြစ်သည်။
“အခုတခေါက် ကြားဖြတ်ရွေးကောက်ပွဲကတော့ အရင်ရွေးကောက်ပွဲတွေထက် ထူးခြားမှာပါ။ အင်အားကြီး ပါတီက ကျနော်တို့အပြင် NLD လည်း ပါဝင်လာပြီ။ ပြီးတော့ ၂၀၁၀ တုန်းက မတိုးနိုင်ခဲ့တဲ့ ပါတီသေးလေး တွေလည်း ပိုပြီး အင်အားတောင့်တင်းလာတယ်။ ဒီတခါ ပြိုင်ဆိုင်မှုတွေက များလာမယ်။ ပိုပြင်းထန်လာမယ်” ဟု ပြောသည်။
တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီသည် ၂၀၁၀ ရွေးကောက်ပွဲတွင် အမတ်လောင်း ၉၉၅ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့သောကြောင့် ကြ့ံခိုင်ရေးပါတီ ပြီးပါက ဒုတိယ အင်အားအကြီးဆုံး ပါတီအဖြစ် သတ်မှတ်ခံခဲ့ရသည်။ သို့ရာတွင် ၆၁ နေရာတွင်သာ ရွေးကောက်ခံခဲ့ရသည်။
NLD နှင့် ပါတီသက်တမ်းတူညီပြီး လက်ရှိတွင် ပါတီဝင် အင်အား ရ သိန်းနီးပါးခန့် ရှိနေသည့် တစညမှာ ယခု ကြားဖြတ်ရွေးကောက်ပွဲတွင်မူ ၂၃ နေရာတွင်သာ ပါဝင်ယှဉ်ပြိုင်ဖြစ်မည် ဖြစ်သည်။
ကြားဖြတ်ရွေးကောက်ပွဲတွင် ပြည်သူ့ဆန္ဒကို ပိုသိလာမည်ဖြစ်ပြီး ၂၀၁၀ ရွေးကောက်ပွဲကဲ့သို့ ကြိုတင်မဲများကြောင့် ခါးသီးသည့် ဖြစ်ရပ်များ ထပ်မံ မပေါ်ပေါက်နိုင်တော့ဟု ဦးခင်မောင်ကြီး က ယူဆသည်။
ရွေးကောက်ပွဲ ဝင်နိုင်သည့် နေရာများမှာ တနိုင်ငံလုံးတွင် ၄၈ နေရာသာ ရှိသောကြောင့် ပါတီငယ်လေးများ ပင် မဲပေးသည့် နေရာများတွင် ပိုမိုတင်းကြပ်စွာ စောင့်ကြပ်သွားနိုင်မည် ဟု သူက ခန့်မှန်းသည်။
“ရွေးကောက်ပွဲ ကော်မရှင်ကိုလည်း ပြောင်းလဲ ဖွဲ့စည်းထားတယ်။ ပါတီတွေကလည်း အတွင်းထိ ဝင်ပြီး ဒီလိုမျိုးတွေ မဖြစ်အောင် တင်းတင်းကြပ်ကြပ် ကြီးကြပ်ကြမယ်လို့ ထင်တယ်” ဟု ဦးခင်မောင်ကြီးက ပြောသည်။
သို့ရာတွင် အရေးကြီးသည့် အချက်တခုမှာ မဲပေးသည့် စနစ်ကို နားမလည်သည့် ပြည်သူများကို ပယ်မဲများ မပေးမိစေရန် ပညာပေးမှုများ အထူးလိုအပ်သည်ဟု သူက ဆိုသည်။
“မဲတွေ အဟောသိကံတွေ မဖြစ်သွားဖို့ လိုအပ်ပါတယ်။ အားနည်းချက်တွေ အတွက်တော့ ပါတီတွေက ပြင်ဆင် ထားရမှာပဲ” ဦးခင်မောင်ကြီးက ပြောသည်။
ဒေါ်အောင်ဆန်းစုကြည် ရွေးကောက်ပွဲ ဝင်လာသည့်အတွက် ကြိုဆိုကြောင်း၊ အမျိုးသမီးထု၏ ခေတ်ကို ရောက်နေပြီ ဖြစ်ကြောင်း၊ တစည မှ အမျိုးသမီး ကိုယ်စားလှယ်လောင်းတဦးသည်လည်း မင်္ဂလာတောင်ညွှန့်မြို့နယ်တွင် ဝင်ရောက် ယှဉ်ပြိုင်မည် ဖြစ်ကြောင်း သိရသည်။
ထို့ပြင် လွှတ်တော် အတွင်းသို့ ဒေါ်အောင်ဆန်းစုကြည် ရောက်ရှိပါက သူ၏ လုပ်ဆောင်ချက်၊ အဆိုပြုချက်များ အပေါ်မူတည်ကာ လွှတ်တော်၏ အနေအထား ပြောင်းလဲသွားနိုင်ပါကြောင်း၊ သူမ၏ လုပ်ဆောင်ချက် ကောင်းလာ သည်နှင့်အမျှ လွှတ်တော်၏ အခြေအနေ ပြောင်းလဲလာနိုင်သည်ဟု ဆိုသည်။
၂၀၀၈ အခြေခံ ဥပဒေ ပြင်ဆင်ရန် လိုမလိုနှင့် ပတ်သတ်၍ တစည ၏ သဘောထားမှာ ပြည်သူလူထု ကောင်းစားရေး ကိုသာ ရည်ရွယ်ပါကြောင်း ပြောသည်။
တစည ပါတီကို ၁၉၈၈ ခုနှစ်တွင် ဖွဲ့စည်းခဲ့ပြီး ထိပ်ပိုင်းခေါင်းဆောင်များမှာ တပ်မှ အငြိမ်းစား အရာရှိကြီးများ ဖြစ်ကြသည်။ ယခင် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီကို ပြန်လည်ဖွဲ့စည်းထားခြင်း ဖြစ်၍ ပြီးခဲ့သည့် ၁၉၉၀ နှင့် ၂၀၁၀ရွေးကောက်ပွဲများတွင် ပြည်သူ့ထောက်ခံချက်ကို ကောင်းစွာ မရရှိခဲ့ပေ။