ဖွံ့ဖြိုးရေးလုပ်ရန် ဗဟု ခေါင်းဆောင်တို့ ပြည်တော်ပြန်

ဖွံ့ဖြိုးရေးလုပ်ရန် ဗဟု ခေါင်းဆောင်တို့ ပြည်တော်ပြန်
by -
မဇ္စျိမ

ထိုင်းနိုင်ငံ အခြေစိုက် ဗဟု ဖွံ့ဖြိုးရေးအဖွဲ့ကို တည်ထောင်သူများ ဖြစ်သည့် ဦးဇော်ဦး၊ ဦးတင်မောင်သန်း၊ ဦးအောင်သူငြိမ်းနှင့် ဦးအောင်နိုင်ဦးတို့သည် ဖွံ့ဖြိုးရေး လုပ်ငန်းများ တိုးမြှင့်လုပ်ဆောင်ရန် မြန်မာနိုင်ငံသို့ သောကြာနေ့တွင် ပြန်လည် ထွက်ခွာသွားပြီ ဖြစ်သည်။

vahu
ဗဟု ဖွံ့ဖြိုးရေးအဖွဲ့သည် ရပ်ရွာဖွံ့ဖြိုးရေး လုပ်ငန်းများမှအစ နိုင်ငံ၏ စီးပွားရေး မူဝါဒများအထိ လိုအပ်သည် များကို ပြင်ဆင်ဖြည့်စွက် မြှင့်တင်နိုင်ရန် သင်တန်းများကို မြန်မာနိုင်ငံအတွင်း ပို့ချပေးနိုင်ရန်လည်း ရည်ရွယ် သည်ဟု အဖွဲ့၏ Senior Staff ဦးအောင်သူငြိမ်းက မဇ္ဈိမကို ပြောသည်။

“မူဝါဒနဲ့ ပါတ်သက်တဲ့ သုတေသန၊ မူဝါဒတွေနဲ့ ပတ်သက်လို့ တိုက်တွန်း၊ စည်းရုံး ပြောဆိုတာပေါ့။ အရည်အသွေး မြှင့်တင်ရေး သင်တန်းတွေပေါ့။ ဖွံ့ဖြိုးရေး လုပ်ငန်းတွေနဲ့ ပတ်သက်လို့ မြန်မာပြည်ထဲမှာ ကျနော်တို့ ဒီကိစ္စတွေ တိုးပြီးတော့ လုပ်လို့ရမယ်လို့ ထင်ပါတယ်” ဟု ပြောသည်။

ဦးအောင်သူငြိမ်းက ဦးသိန်းစိန် အစိုးရသည် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများကို အမှန်တကယ် လုပ်ဆောင်နေသည် ဟု ယူဆပြီး၊ အောက်ခြေ အုပ်ချုပ်ရေး အဖွဲ့အစည်းများ၏ အရည်အသွေးများ မြှင့်တင်ရန် လိုအပ်သည်ဟုလည်း ပြောသည်။

“ဒေသန္တရ အုပ်ချုပ်ရေးပေါ့။ အထူးသဖြင့် အပေါ်မှာ ပြောင်းတာ တပိုင်းပေါ့၊ အောက်ခြေမှာ ကိုယ်တိုင် ကိုယ်က အားကောင်းလာဖို့ လိုတာပေါ့။ အောက်ခြေစနစ် အုပ်ချုပ်ရေးတွေကစလို့ ပိုပြီးတော့ လုပ်နိုင် ကိုင်နိုင်အောင်လို့ အဲဒီလို သင်တန်းတွေ ပေးဖို့ရှိပါတယ်” ဟု မဇ္ဈိမကို ပြောသည်။

သောကြာနေ့တွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိသွားပြီဖြစ်သည့် ဦးအောင်နိုင်ဦးနှင့် ဦးအောင်သူငြိမ်း တို့သည် ၁၉၈၈ အရေးအခင်း အပြီးတွင် ဖွဲ့စည်းခဲ့သည့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF) တွင် ခေါင်းဆောင်များအဖြစ် ပါဝင်ဆောင်ရွက်ခဲ့သူများလည်းဖြစ်သည်။

သူတို့နှစ်ဦးသည် မြန်မာနိုင်ငံသို့ ပြန်မရောက်သည်မှာ ၂၃ နှစ်ကျော် ရှိပြီးဖြစ်ပြီး ယခုခရီးသည် ပထမဆုံး ပြည်တော်ပြန် ခရီးဖြစ်သည်ဟုလည်း သိရသည်။

မြန်မာနိုင်ငံတွင် သီတင်းနှစ်ပတ်ကြာနေထိုင်မည့် ဦးအောင်သူငြိမ်းနှင့် ဦးအောင်နိုင်ဦး တို့သည် ခရီးစဉ် အတွင်း ဒေါ်အောင်ဆန်းစုကြည် အပါအဝင်၊ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်များ၊ အစိုးရ တာဝန်ရှိသူများနှင့် ဖွံ့ဖြိုးရေး လုပ်ငန်းများအတွက် ဗဟု မှ မည်သို့ ကူညီနိုင်မည်ကို တိုင်ပင် ဆွေးနွေးသွား မည်ဟုလည်း သိရသည်။

နိုင်ငံရေး အကျဉ်းသားအချို့ကို လွှတ်ပေးခြင်း၊ NLD ပါတီကို မှတ်ပုံတင်ခွင့်ရရန် ရွေးကောက်ပွဲ ဥပဒေများ၏ အချို့ အပိုင်းများကို ပြင်ဆင်ပေးခြင်းတို့ကို ရည်ညွှန်း၍ မြန်မာနိုင်ငံသည် ပြုပြင်ပြောင်းလဲရေး လမ်းပေါ်သို့ ရောက်ရှိနေပြီ ဖြစ်ပြီး အစိုးရ၏ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများကို ယုံကြည်သည်ဟုလည်း ဦးအောင်သူငြိမ်းက မဇ္ဈိမကို ပြောသည်။

“အစိုးရ ကိုယ်တိုင်ကလည်း အားတိုက်အင်တိုက်ပေါ့ ပြုပြင်ပြောင်းလဲရေးတွေ လုပ်နေတာပေါ့။ ကျနော် အခု လက်ရှိ သမ္မတ ဦးသိန်းစိန်တို့ တချို့ခေါင်းဆောင်တွေက သူတို့ ပြောင်းချင်တယ်ဆိုတာကို တစိုက်မတ်မတ် လုပ်နေတယ် ဆိုတာတော့ ကျနော်ယုံပါတယ်" ဟု ပြောသည်။

အဆိုပါ အပြောင်းအလဲများအတွက် အစိုးရ ထိပ်ပိုင်းခေါင်းဆောင်များတွင်သာ မူတည်မနေဘဲ တည်ငြိမ်သည့် အပြောင်းအလဲများ ဖြစ်ရန်၊ ယခုထက် ပိုမိုတိုးတက်ရန်တို့အတွက် လူအများ၏ ပညာအရည်အချင်းနှင့် အရည်အသွေး များလည်း မြှင့်တင်ပေးရန်လိုသည်ဟု ဦးအောင်သူငြိမ်းက ယူဆသည်။

ဗဟု ဖွံ့ဖြိုးရေးအဖွဲ့သည် ပြည်တွင်းမှ သင်တန်းသားများကို ခေါ်ယူ၍ စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေး ဘာသာရပ်များကို ထိုင်းနိုင်ငံ ချင်းမိုင်တက္ကသိုလ်နှင့် ချိတ်ဆက်၍ သင်တန်းများ ပေးနေသည်ဟုလည်း သိရသည်။

ထို့အပြင် ထိုင်းနိုင်ငံ ချင်းမိုင်တက္ကသိုလ်တွင် ဖွင့်လှစ်ထားသည့် လူမှုဖွံ့ဖြိုးရေး အစီအစဉ် Community Development and Civic Empowerment (CDCE) တွင်လည်း ပြည်တွင်းမှ သင်တန်းသားများ ခေါ်ယူ၍ သင်တန်းများ ဖွင့်လှစ် ပို့ချပေးနေသည်။

ဗဟုအဖွဲ့တွင် ဒေါက်တာဇော်ဦး၊ ဦးအောင်နိုင်ဦး၊ ဦးတင်မောင်သန်း၊ ဦးအောင်သူငြိမ်း တို့ ပါဝင်ပြီး မြန်မာနိုင်ငံ၏ ပညာရေး၊ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေးနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး လုပ်ငန်းများ လုပ်ဆောင်ရန် ရည်ရွယ်ချက်ဖြင့် ၂၀၀၅ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့သည်။