“ကျုပ်ပါးစပ် လွတ်လပ်ရေးရပြီ” ဟု ရွှေညဝါ ဆရာတော်မိန့်

“ကျုပ်ပါးစပ် လွတ်လပ်ရေးရပြီ” ဟု ရွှေညဝါ ဆရာတော်မိန့်
by -
မျိုးသန့်

တရားဟောခွင့် ပိတ်ပင်ထားခြင်းကာလ ကုန်ဆုံးတော့မည်ဖြစ်၍ မိမိပါးစပ် လွတ်လပ်တော့မည်ဖြစ်ကြောင်း ရန်ကုန်မြို့ ကြည့်မြင်တိုင်မြို့နယ်ရှိ သာဓုကျောင်းတိုက်မှ ရွှေညဝါဆရာတော်က မိန့်ကြားလိုက်သည်။

ရွှေညဝါဆရာတော်သည် ၂ဝ၁၁ ခုနှစ် ဖေဖေါ်ဝါရီလမှစ၍ တနှစ်တိတိ တရားဟောခွင့် ပိတ်ပင်ခံထားရာမှ
ဖေဖေါ်ဝါရီလ ၁၁ ရက်နေ့တွင် ကန့်သတ်ပိတ်ပင်မှု ကုန်ဆုံးတော့မည် ဖြစ်၍ တရားဟောပုလ္လင်ပေါ်တွင် ပထမဆုံး မိန့်ကြားချင်သည့် စကားနှင့် ပတ်သက်၍ "ကျုပ် ပထမဆုံး ပြောချင်တဲ့စကားကတော့ ကျုပ်ပါးစပ် လွတ်လပ်ရေးရပြီ လို့ပဲ ပြောရမှာပေါ့" ဟု မဇ္ဈိမကို ဆရာတော်က အမိန့်ရှိသည်။

ရွှေညဝါဆရာတော်သည် ၂ဝ၁၂ ခုနှစ်အတွက် တရားဦးကို တာချီလိတ်မြို့တွင် ဖေဖေါ်ဝါရီလ ၁၁၊ ၁၂ ရက်နေ့များတွင် ဟောကြားမည်ဖြစ်ပြီး ၁၃၊ ၁၄၊ ၁၅ ရက်နေ့များတွင် စစ်ကိုင်းတိုင်း ခင်ဦးမြို့တို့တွင် ဟောကြားမည်ဖြစ်သည်။ ယင်းနောက် ရန်ကုန်အပါအဝင် နယ်မြို့များတွင်လည်း လှည့်လှည်ဟောကြား မည်ဟု သိရသည်။

ဆရာတော်သည် တရားပွဲများအတွင်း ဗုဒ္ဓဘာသာနှင့် မသက်ဆိုင်သော အသုံးအနှုန်းများကို ထည့်သွင်း ဟောပြော သည်ဟူသည့် အကြောင်းပြချက်ဖြင့် သံဃာ့နာယက မဟာနာယက (မဟန) မှ တရားဟောခွင့် ပိတ်ပင်ခဲ့ခြင်းဖြစ်သည်။

ဆရာတော်က "ကျုပ်တို့ ဘုရားရှင် ဟောထားတဲ့ ပါဋ္ဌိတော်တွေ အဲဒီပါဋ္ဌိတော်တွေကို ဖွင့်ဆိုထားတဲ့ အဋ္ဌကထာတွေ အဲဒီထဲကအတိုင်းပဲ ဟောမှာပဲ။ ပါတဲ့အတိုင်းပဲ ဟောမှာပဲ" ဟုလည်း မဇ္ဈိမကို အမိန့်ရှိသည်။

မဟန ၏ ညွှန်ကြားချက် ထုတ်ပြန်ထားသည့် ကာလ ၂ဝ၁၁ စက်တင်ဘာလအတွင်း မန္တလေး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရုံးတွင် ပြုလုပ်သည့် ကမ္ဘာ့ဒီမိုကရေစီနေ့တွင် တရားဟောသည်ဟူသည့် စွပ်စွဲချက်ဖြင့် ဆရာတော် ကျောင်းထိုင် သီတင်းသုံးရာ သာဓု ပရိယတ္တိ ကျောင်းတိုက်မှ ဖယ်ရှားရန်နှင့် ကျောင်းတိုက်တွင်း မည်သည့် သင်တန်းမှ မပြုလုပ်ရန် မဟန မှ ဒီဇင်ဘာလ ၁၂ ရက်နေ့က စာပေးပို့ ညွှန်ကြားခဲ့ခြင်း ဖြစ်ပေါ်ခဲ့သည်။

ဆရာတော်သည် သာဓု ပရိယတ္တိ ကျောင်းတိုက်မှ ဖေဖေါ်ဝါရီလလ ၁၉ ရက်နေ့ နောက်ဆုံးထားထွက်ခွာ ပေး ရန်လည်း မဟန ထံ ကတိပြုလက်မှတ် ရေးထိုးထားရသည်။

ရွှေညဝါဆရာတော်၏ အဆိုပါ ဖြစ်ရပ်နှင့် အလားတူပင် ရန်ကုန်တိုင်း မှော်ဘီ မင်္ဂလာကျောင်းတိုက်မှ ဓမ္မကထိက ဆရာတော် ဦးသုမင်္ဂလ (ဒယ်အိုးဆရာတော်) ကိုလည်း မဟန မှ ၂ဝ၁၁ ခုနှစ် ဒီဇင်ဘာလ အတွင်းက တရားဟောခွင့် ပိတ်ပင်ခဲ့သေးသည်။

ထို့အပြင် ၂ဝဝ၇ ခုနှစ် ရွှေဝါရောင်သံဃာ့အရေးအခင်းကြောင့် ထောင်ကျခံခဲ့ရပြီး ဇန်နဝါရီလအတွင်း ပြန်လည် လွတ်မြောက်လာသည့် ဆရာတော်များကို မရမ်းကုန်းမြို့နယ် အတွင်းရှိ ပေါက်စေတီ ကျောင်း တိုက်တွင် သိက္ခာ ထပ်ရန်နှင့် လွတ်မြောက်လာသည့် နိုင်ငံရေးအကျဉ်းသားများ တွေ့ဆုံပွဲလုပ်ရန် ကြိုးပမ်းမှုကိုလည်း မဟန မှ ကြာသာပတေးနေ့တွင် တားမြစ်လိုက်သည်။

သံဃာတော် ၃၈ ပါးကို ပင့်ဖိတ်ကာ သိက္ခာထပ်ရန်နှင့် လှူဖွယ်ဝတ္ထုများကို လှူဒါန်းရန် စနေနေ့တွင် ပြုလုပ်ရန် ဖိတ်စာ ၁၅ဝဝ ခန့် ဖိတ်ကြားထားပြီးမှ မဟန မှ ပိတ်ပင်မှုကြောင့် အစီအစဉ် ပျက်သွားသည်ဟု ကမကထလုပ် စီစဉ်သူနိုင်ငံရေး အကျဉ်းသားဟောင်း ဦးကိုကိုလေးက မဇ္ဈိမကို ပြောသည်။

"တိုင်းသံဃာ့ နာယက က လှမ်းပြီးပိတ်တယ်။ ကျောင်းမှာ နိုင်ငံရေးနဲ့ ပတ်သက်တဲ့ပွဲ လုပ်လို့ မရတော့ ဘူးပေါ့။ ကျနော်တို့ လုပ်ခွင့်မရတော့ဘူး" ဟု မဇ္ဈိမကို ပြောသည်။

ထောင်ကျခံရာမှ ပြန်လွတ်လာသည့် ဆရာတော်များမှာ မဂ္ဂင်ဆရာတော်ကြီးနှင့် ရွှေဝါရောင် သံဃာ့လှုပ်ရှားမှု
ခေါင်းဆောင် ဦးဂမ္ဘီရတို့ အပါအဝင် ရန်ကုန်မြို့ရှိ ငွေကြာယံကျောင်းတိုက်၊ မင်္ဂလာဒုံကျောင်းတိုက်တို့မှ ဆရာတော်များ ပါဝင်သည်။ ထို့အပြင် ပခုက္ကူ၊ ဖျာပုံ၊ မြင်းခြံ၊ မုဒုံမြို့များမှ ဆရာတော်များကိုလည်း ပင့်ဖိတ်ထားသည်ဟု ဦးကိုကိုလေးက ပြောသည်။

နယ်မြို့များမှ ဆရာတော်အချို့လည်း အဆိုပါ ပွဲသို့ကြွရောက်ရန် ရန်ကုန်မြို့ ကျောင်းတိုက်များတွင် ယာယီသီတင်းသုံး နေပြီဖြစ်ပြီး စနေနေ့နံနက်တွင် ဆရာတော် တပါးချင်းဆီသို့ သွားရောက်ကာ လှူဖွယ်ဝတ္ထုများ လှူဒါန်းရန်ရှိသည်ဟု အဆိုပါ အစီအစဉ် ဖြစ်မြောက်ရေးတွင် ပါဝင်သည့် ကိုညီညီထွန်းက မဇ္ဈိမကိုပြောသည်။

အထက်ပါ ဖြစ်စဉ်များကြောင့် မြန်မာနိုင်ငံသည် ဒီမိုကရေစီ စနစ်ကို အကောင်အထည်ဖေါ်ဆောင် နေသည်ဟု ဆိုသော်လည်း နှေးကွေးလွန်းသည်ကို "ကျနော်တို့ကို လျှောက်ခွင့်ပြုတဲ့ လမ်းလေးက ဝါးလုံးတံတားလေး လောက်ပဲ ပေါ့ဗျာ၊ ခနော်ခနဲ့နဲ့ ဝါးလုံးတလုံးထဲနဲ့ လုပ်ထားတဲ့ တံတားလေးကို ကျနော်တို့ ဖြည်းဖြည်းလျှောက်နေရတဲ့ သဘော ဖြစ်နေတယ်။ ကျနော်တို့ကို လမ်းမပေးသေးဘူး" ဟု နိုင်ငံရေးအကျဉ်းသားဟောင်း ဦးကိုကိုလေးက ညွှန်းဆို ပြောပြ သည်။

မြန်မာနိုင်ငံသည် ဒီမိုကရေစီဖော်ဆောင်ရေး၊ လူ့အခွင့်အရေး တိုးတက်ရန်တို့အတွက် ကြိုးပမ်းဖေါ်ဆောင် နေပြီး နောက်ကြောင်းပြန်လှည့်ရန် မရှိဟု ဦးသိန်းစိန် အစိုးရ၏ ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်းက အယ်လ်ဂျာဇီးယား သတင်းဌာနကို ဒီဇင်ဘာလ အတွင်းက ပြောကြားခဲ့သေးသည်။