ကြံ့ခိုင်ဖွ့ံဖြိုးရေးပါတီက ကြားဖြတ်ရွေးကောက်ပွဲတွင် လစ်လပ်နေရာအားလုံး ဝင်ပြိုင်မည် ဖြစ်သော်လည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ရွေးကောက်ခံရပါက ၎င်းတို့ ပါတီအနေဖြင့် ဝမ်းမြောက်ဝမ်းသာ ကြိုဆိုသွားမည် ဖြစ်ကြောင်း ပါတီ အထွေထွေ အတွင်းရေးမှူးက ပြောကြား လိုက်သည်။
“ကျနော်တို့အနေနဲ့ နိုင်မယ်ထင်လို့ ၄၈ နေရာစလုံး ဝင်ပြိုင်တာ။ နိုင်မယ်/ မနိုင်ဘူးဆိုတာ လူထုရဲ့အဆုံးဖြတ်ပါပဲ။ တကယ်လို့ ဒေါ်အောင်ဆန်းစုကြည် အနိုင်ရသွားမယ်ဆိုရင်လည်း ပါတီအနေနဲ့ ဝမ်းမြောက်ဝမ်းသာ ကြိုဆိုမှာပါ”ဟု ကြံ့ခိုင်ရေးပါတီ အထွေထွေ အတွင်းရေးမှူး ဦးဌေးဦးက မဇ္စျိမကို ပြောသည်။
ဧပြီ ၁ ရက်နေ့ ကျင်းပပြုလုပ်မည့် ကြားဖြတ်ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ်လောင်း ၄၈ ဦး၏ အမည်စာရင်းများကို ဗုဒ္ဓဟူးနေ့က ထုတ်ပြန်လိုက်ပြီးဖြစ်ရာ ရန်ကုန်တိုင်း ကော့မှူးမြို့နယ်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် ယှဉ်ပြိုင်ရန်အတွက် ဒေါက်တာစိုးမင်း အားရွေးချယ် ထားကြောင်း ပါရှိသည်။
ပါတီ ကိုယ်စားလှယ်လောင်းများ ရွေးချယ်သည့်မူနှင့် ပတ်သက်၍ ဦးဌေးဦး က “ရွေးချယ်ခံ ဒေသက ပြည်သူတွေကို ပိုပြီးအကျိုးရှိအောင် လုပ်မယ့်သူ၊ အရင်တုန်းကလည်း လုပ်ခဲ့တယ်။ အခုလည်း လုပ်နေတယ်။ နောင်လည်း လုပ်မယ်ဆိုတဲ့ လူမျိုးကို အဓိကထားပြီး ရွေးပါတယ်။ ဒေါက်တာစိုးမင်းက ကော့မှူးမြို့နယ်က စန်းရွာ ဇာတိသားဘဲ။ ဇာတိသားဖြစ်တဲ့အပြင် သူက ကော့မှူးက ပြည်သူတွေရဲ့ ကျန်းမာရေးစောင့်ရှောက်မှုကို တော်တော်လေးကို အလေးထားလုပ်ပါတယ်”ဟု ပြောသည်။
ဒေါက်တာ စိုးမင်းသည် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီမှ ဖွင့်လစ်ထားသော ဖြိုးစေတနာ ဆေးခန်းတွင် လုပ်ကိုင်ပြီး နယ်လှည့် ကျန်းမာရေး စောင့်ရှောက်မှုပေးသူတဦး ဖြစ်သည့်အတွက် ရွေးချယ်ခံ ကိုယ်စားလှယ်ဖြစ်ပါက မြို့နယ်နေ ပြည်သူများ ပိုမိုတိုးတက်ရန်အတွက် ဆောက်ရွက်ပေးနိုင်လိမ့်မည်ဟု ယုံကြည်၍ ရွေးချယ်ရခြင်း ဖြစ်သည်ဟု ဦးဋ္ဌေးဦးကဆိုသည်။
ပြည်ခိုင်ဖြိုးပါတီမှ ကိုယ်စားလှယ်လောင်းများ မဲဆွယ်စည်းရုံးရေး အသုံးစရိတ်များကို ဗဟိုမှ ရွေးကောက်ပွဲ
ကော်မရှင်၏ ချမှတ်ထားသည့် စည်းမျဉ်းစည်းကမ်းအတိုင်း ဆောင်ရွက်သွားမည်ဟု သိရသည်။
ပြည်ထောင်စု ရွေးကောက်ကော်မရှင်သို့ ကြားဖြတ်ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ကြမည့် ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းရန် သတ်မှတ်ထားသည့် နောက်ဆုံးရက်တွင်မှ ကြံ့ခိုင်ရေးပါတီမှ ယခုကဲ့သို့ အမည်စာရင်း ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
ထို ကြံ့ခိုင်ရေး ကိုယ်စားလှယ်လောင်းများ စာရင်းတွင် လက်ရှိ ပြည်ထောင်စုဝန်ကြီးများနှင့် နီးစပ်သူအချို့ ပါဝင်နေသည်။
ဧရာဝတီတိုင်း မြောင်းမြမြို့နယ်တွင် ဝင်ပြိုင်မည့် ဒေါက်တာ ဖြိုးကိုကိုတင့်ဆန်းသည် လက်ရှိ ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင့်ဆန်း၏ သားဖြစ်သည်။
စစ်ကိုင်းတိုင်း ဒေသကြီး ပုလဲမြို့နယ်တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်း ဦးဌေးနိုင်သည်လည်း လက်ရှိ ပြန်ကြားရေးနှင့် ယဉ်ကျေးမှုဝန်ကြီး ဦးကျော်ဆန်း၏ ညီ ဖြစ်သည်ဟု စုံစမ်းသိရှိရသည်။
သမ္မတ ဦးသိန်းစိန် အနိုင်ရခဲ့သည့် မန္တလေးတိုင်း ဇဗ္ပူသီရီမြို့နယ် မဲဆန္ဒနယ်မြေတွင် ပြည်ခိုင်ဖြိုးပါတီမှ ဦးဝင်းဌေး ဆိုသူက NLD ပါတီမှ ဟစ်ဟော့ပ်အဆိုတော် ကိုဇေယျာသော်နှင့် ယှဉ်ပြိုင်အရွေးခံမည် ဖြစ်သည်။