စင်္ကာပူ-မြန်မာ နည်းပညာ ပူးပေါင်းဆောင်ရွက်ရေး သဘောတူ

စင်္ကာပူ-မြန်မာ နည်းပညာ ပူးပေါင်းဆောင်ရွက်ရေး သဘောတူ
by -
မဇ္ဈိမ

မြန်မာနိုင်ငံ လူ့စွမ်းအား ဖွံ့ဖြိုးတိုးတက်ရေးအတွက် စင်္ကာပူနိုင်ငံမှ နည်းပညာနှင့် သင်တန်းများ ရယူသွားရန် တနင်္လာနေ့က နှစ်နိုင်ငံ လက်မှတ်ရေးထိုးကြကြောင်း စင်္ကာပူ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

moueqution
သမ္မတဦးသိန်းစိန်၏ ဇန်နဝါရီ ၂၉ မှ ဖေဖော်ဝါရီ ၁ ရက်နေ့အထိ ၄ ရက်ကြာ ခရီးစဉ် ဒုတိယနေ့တွင် မြန်မာ နိုင်ငံခြားရေး ဝန်ကြီး ဦးဝဏ္ဏမောင်လွင်နှင့် စင်္ကာပူ နိုင်ငံခြားရေးနှင့် ဥပဒေ ရေးရာဝန်ကြီး K Shanmugam တို့ “နည်းပညာ ပူးပေါင်းဆောင်ရွက်ရေး အစီအစဉ်” နားလည်မှု စာချွန်ကို လက်မှတ်ထိုးကြခြင်းဖြစ်သည်။

ဦးသိန်းစိန်နှင့် စင်ကာပူ ဝန်ကြီးချုပ် Lee Hsien Loong တို့ ရှေ့တွင် လက်မှတ်ထိုးသည့် စာချုပ်အရ မြန်မာအစိုးရ၏ ဦးစားပေးလုပ်ငန်းများဖြစ်သည့် “စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၊ လူ့စွမ်းအား ဖွံ့ဖြိုး ရေး၊ လူထု စီမံခန့်ခွဲမှု” ကဏ္ဍ ၃ ခု အတွက် စင်္ကာပူက သင်တန်းများပေးရန်နှင့် ဖွံဖြိုးရေးဆိုင်ရာ အတွေ့အကြံုများကို ဖလှယ်ပံ့ပိုးသွားမည်ဟု ပါရှိသည်။

အကြီးစား စီးပွားရေးနှင့် ဖွံဖြိုးရေး မူဝါဒများ ချမှတ်ခြင်း၊ ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေး၊ ကျေးလက် ဖွံ့ဖြိုးတိုးတက်ရေး၊ အသေးစားနှင့် အလတ်စား စီပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးရေး၊ ကူးသန်းရောင်း ဝယ်ရေး ကြီးကြပ်မှု၊ နိုင်ငံခြားခရီးသွားလုပ်ငန်း ဖွံ့ဖြိုးရေးတို့အတွက် သင်တန်းများ ပေးသွားမည် ဖြစ်သည်။

ထို့ပြင် ဗဟိုဘဏ်လုပ်ငန်း ငွေကြေးမူဝါဒ ချမှတ်ရာတွင်လည်း စင်္ကာပူက အကြံဉာဏ်များ ပေးသွားမည် ဖြစ်သည်။

နည်းပညာအထောက်အကူပေးရေး အစီအစဉ်ကို စင်္ကာပူ ဝန်ကြီး K Shanmugam ၏ ၂ဝ၁၁ ခု ဒီဇင်ဘာလ ခရီးစဉ် တွင် ဦးဝဏ္ဏမောင်လွင်နှင့် ဆွေးနွေးခဲ့ကြသေးကြောင်း စင်္ကာပူနိုင်ငံခြားရေးဝန်ကြီးဌာနက ၂ဝ၁၁ ဒီဇင်ဘာ ၁၃ ရက်နေ့ တွင် ထုတ်ပြန်ထားသည်။

“ဝန်ကြီး Shanmugam နှင့် ဦးဝဏ္ဏမောင်လွင်တို့သည် စင်ကာပူနိုင်ငံက သူ၏ဖွံ့ဖြိုးရေးဆိုင်ရာ အတွေ့အကြံု ဖလှယ်နိုင်ရေး အပါအဝင် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေး မြှင့်တင်ရန်တို့ ဆွေးနွေးခဲ့သည်။ အာဆီယံအဖွဲ့အတွင်း လုပ်ငန်းဆောင်တာများ ကို နီးနီးကပ်ကပ် ဆက်လက် ဆောင်ရွက်ရန်လည်း သဘောတူကြသည်” ဟု စင်္ကာပူနိုင်ငံခြားရေး ဝန်ကြီးဌာနက ဆိုသည်။

တနင်္လာနေ့က နိုင်ငံခြားရေးဝန်ကြီးနှစ်ဦး လက်မှတ်ထိုးကြရာတွင် ၂ဝ၁၄ ခု ဥက္ကဋ္ဌတာဝန်ယူရန် ပြင်ဆင်နေသည့်မြန်မာအရာရှိများကို နည်းပညာသင်တန်းများ၊ အင်္ဂလိပ် စကားပြောသင်တန်း၊ အာဆီယံဆိုင်ရာ စာချုပ်စာတမ်းနှင့် ညီလာခံ ကျင်းပရေး လုပ်ငန်းများဆိုင်ရာ ရှင်းလင်းဆွေးနွေး ခြင်းတို့ကို လူ့စွမ်းအားဖွံ့ဖြိုးရေး ခေါင်းစဉ်အောက်၌ ထည့်သွင်းထား သည်။

စင်္ကာပူနိုင်ငံ၌ ကျင့်သုံးနေသည့် စနစ်နှင့် မူဝါဒများကို လေ့လာနိုင်ရန်လည်း မြန်မာအကြီးတန်း အရာရှိများကို စင်္ကာပူနိုင်ငံသို့ အလည်အပတ်ခေါ်ယူရန် စီစဉ်သွားမည်ဟုလည်း သိရသည်။

အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ IMF မှ Ms. Meral Karasulu ဦးဆောင်သည့် အကြံပေးရေး အဖွဲ့ကလည်းမြန်မာနိုင်ငံ၌ ဇန်နဝါရီလက ၁၇ ရက်ကြာ နေထိုင်ပြီး စီးပွားရေးနှင့် ငွေကြေ ကိစ္စများ ဆွေးနွေးအကြံပြုခဲ့သည်။

IMF ၏ ဇန်နာဝါရီ ၂၆ ရက်ထုတ်ပြန်ချက်တွင် “နိုင်ငံခြားရင်းနီးမြှုပ်နှံမှုများနှင့် ကူးသန်းရောင်းဝယ်ရေး အဆင်ပြေစေရန် တင်းကျပ်သည့်ဥပဒေများနှင့် နိုင်ငံခြားငွေလဲနှုန်း တခုတည်းထားရန်လိုအပ်နေကြောင်း ထောက်ပြခဲ့ပြီး မြန်မာ့စီးပွားရေး တိုးတက်နှုန်းသည် ၂ဝ၁၁-၂ဝ၁၂ ဘဏ္ဍာရေးနှစ်တွင် ၅.၅ ရာနှုန်းရှိရာမှ ယခုလာမည့် ၂ဝ၁၂-၂ဝ၁၃ နှစ်တွင် ၆ ရာခိုင်နှုန်းအထိ တက်လာမည်” ဟု ဖော်ပြပါရှိသည်။

၂ဝ၁၁ ခု နိုဝင်ဘာလကုန် စာရင်းအရ မြန်မာနိုင်ငံတွင် စီမံကိန်း ၄၅၆ ခုမှ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုသည် အမေရိကန်ဒေါ်လာ ဘီလီယံ ၄ဝ.၄၂ ကျော် ရှိခဲ့ပြီး စင်္ကာပူနိုင်ငံက ၁.၈၁ ဘီလီယံဖြင့် ခြောက်နိုင်ငံမြောက် အများဆုံးဖြစ်သည်။ တရုတ်နိုင်ငံက ၁၄ ဘီလီယံခန့်ဖြင့် အများဆုံးဖြစ်ကြောင်း ဒီဇင်ဘာ ၂၃ ရက် ဆင်ဟွာသတင်းတပုဒ်က ဖော်ပြသည်။

ဗုဒ္ဓဟူးနေ့တွင် မြန်မာနိုင်ငံသို့ ပြန်လည်ထွက်ခွာမည့် သမ္မတဦးသိန်းစိန်သည် စင်္ကာပူ ဝါရင့် နိုင်ငံရေးခေါင်းဆောင် ဂိုချုပ်တောင်၊ သမ္မတ Tony Tan Keng Yam၊ ဝန်ကြီးချုပ် Lee Hsien Loong တို့နှင့် တွေ့ဆုံဆွေးနွေးသည်။