သဘာဝပတ်ဝန်းကျင်နှင့် လူထုကျန်းမာရေးအတွက် ဆိုးကျိုးများ ဖြစ်ပေါ်စေနိုင်သဖြင့် မြန်မာနိုင်ငံအတွင်း လည်ပတ်နေသော ကျောက်မီးသွေးသုံး လျှပ်စစ် ဓါတ်အားပေးစက်ရုံများနှင့် ပြုလုပ်ရန် ပြင်ဆင်နေသည့် ကျောက်မီးသွေး စက်ရုံများအားလုံးကို ရပ်တန့်ပေးရန် ပအိုဝ်းနှင့် ရှမ်း သဘာဝ ပတ်ဝန်းကျင်အဖွဲ့များကတောင်းဆိုလိုက်သည်။
ထားဝယ် အထူးစီးပွားရေးဇုန် စီမံကိန်းတွင် ပါဝင်သည့် မဂ္ဂါဝပ် ၄,ဝဝဝ ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံကို တည်ဆောက်တော့မည် မဟုတ်ကြောင်း ဇန်နဝါရီလဆန်းက အမှတ် ၂ လျှပ်စစ် ဝန်ကြီး ဦးခင်မောင်စိုး ပောဆိုခဲ့ပြီးနောက် ကျန်ရှိနေသေးသော ကျောက်မီးသွေးစီမံကိန်းများကို ရပ်တန့်ပေးရန် ပအိုဝ်းလူငယ်အစည်းအရုံး PYO နှင့် ရှမ်းသဘာဝပတ်ဝန်းကျင် အဖွဲ့အစည်းတို့က အစီရင်ခံစာထုတ်ပြန်၍ တောင်းဆိုခြင်းဖြစ်သည်။
“စီမံကိန်းစနေတဲ့ တီကျစ်တို့၊ မိုင်းကုတ်တို့နေရာတွေမှာ လက်တွေ့ပြည်သူတွေ ခံစားနေရတယ်။ အစိုးရက လုပ်နေတဲ့ ဟာတွေက လူထုထိခိုက်နစ်နာမှုကို ဂရုစိုက်မှု အားနည်းတယ်။ ဒါကြောင့် လူထုတွေလည်း မထိခိုက်အောင်၊ သဘာဝ ပတ်ဝန်းကျင်လည်း သန့်ရှင်းအောင် ကျောက်မီးသွေး စက်ရုံတွေ ရပ်တန့်ဖို့ တောင်းဆိုတာပါ” ဟု PYO မှ ပြောရေး ဆိုခွင့်ရှိသူ ခွန်မျိုးထို က ပြောသည်။
ကျောက်မီးသွေး စက်ရုံများမှတဆင့် ရေနှင့် လေထုညစ်ညမ်းကာ ဒေသခံလူထုများအတွက် ကျန်းမာရေး ထိခိုက်မှု များ ဖြစ်ပွားစေနိုင်သလို လယ်မြေသိမ်းမှုများ၊ သဘာဝပျက်စီးမှုများ ရှိသဖြင့် နိုင်ငံအတွင်း လည်ပတ်နေပြီဖြစ်သော ကျောက်မီးသွေးစက်ရုံ နှစ်ရုံနှင့် နောက်ထပ် ဆောက်လုပ်ရန်နှင့် ဆောက်လုပ်ဆဲ ကျောက်မီးသွေး စက်ရုံ စီမံကိန်း ငါးခုတို့အား ရပ်တန့်ပေးရန် အစီရင်ခံစာ၌ ပါရှိသည်။
စီမံကိန်းအကောင်ထည်ဖေါ်လျက်ရှိသော ရှမ်းပြည်နယ် တောင်ပိုင်း၊ ပင်လောင်းမြို့နယ်ရှိ တီကျစ် ကျောက်မီးသွေး သတ္ထုတွင်း စီမံကိန်းနှင့် ရှမ်းပြည်နယ်အရှေ့ပိုင်းရှိ မိုင်းကုတ် ကျောက်မီးသွေး စီမံကိန်းတို့မှ ရိုတ်ခတ်သော ဆိုးကျိုးများကို ပမာပြု၍ စီမံကိန်းအားလုံး ရပ်တန့်ပေးရန် တောင်းဆိုပြီး အဆိုပါတောင်းဆိုချက်ကို အစိုးရ၏ သက်ဆိုင်ရာ ဌာနများသို့ ပေးပို့သွားမည်ဟုလည်း သိရသည်။
၂ဝဝ၅ ခုနှစ်မှ စတင်လည်ပတ်နေသည့် တီကျစ် ကျောက်မီးသွေး စက်ရုံမှထွက်သည့် ပြာမှုန့်များ၊ ကျောက်မီးသွေးရေ များ၊ မြေဇာအညစ်အကျေးများနှင့် အခိုးငွေ့များကြောင့် ဒေသခံ ၂ဝ,ဝဝဝ ကျော် ယားနာများဖြစ်ပွားခဲ့သည်။ ထို့အတူ လယ်မြေ သိမ်းမှုများ၊ အိမ်ယာရွှေ့ပြောင်းရေးရခြင်းများ ပြုလုပ်ပေးခဲ့ရသည်။
စီမံကိန်းမှ ထွက်သည့် အညစ်အကြေးများကြောင့် စိုက်ပျိုးသည့်စိုက်ခင်းများ အဆိပ်သင့် ပျက်စီးခဲ့ရသလို ဘီလူးချောင်းထဲသို့ စီးဝင်နေသော ကျောက်မီးသွေးရေများကလည်း ချောင်းထဲရှိ ရေနေသတ္တဝါများ သေဆုံးခဲ့ရသည် ဟု ပြောသည်။
“ဒီကထွက်တဲ့ ဓါတ်အခိုးအငွေ့တွေ၊ အညစ်အကျေးတွေကနေတဆင့် အနီးမှာရှိတဲ့ ဒေသခံတွေ အရေပြား ယားဖုတွေ ပေါက်တယ်။ လမ်းတွေကိုလည်း ကျောက်မီးသွေးမှုန့်တွေ သုံးခင်းတော့ ဒီလမ်းကို နင်းပြီး ကျောင်းသွားတက်တဲ့ ကျောင်းသားတွေ အတွက် အန္တရာယ်ရှိတယ်” ဟု ခွန်မျိုးထို က ပြောသည်။
ယင်းဒေသတွင် ပအိုဝ်း လူမျိုးများ အများဆုံးနေထိုင်ကြပြီး ရှမ်း၊ မြန်မာ၊ တောင်ရိုး လူမျိုးများလည်း နေထိုင်ကြကာ လူးဆန်၊ စပါး၊ လက်ဖက်၊ ဂေါ်ဖီ၊ ငရုတ်များ စိုက်ကာ အသက်မွေးကြသည်။
အလားတူ ရှမ်း၊ လားဟူနှင့် အခါလူမျိုးများ အများစုနေထိုင်သည့် ရှမ်းပြည်အရှေ့ပိုင်းတွင်လည်း ၃၆၉ မဂ္ဂါဝပ် ထုတ်လုပ်နိုင်မည့် မိုင်းကုတ် ကျောက်မီးသွေးစီမံကိန်းကို ၂ဝဝ၉/၂ဝ၁ဝ ခုနှစ်မှစ၍ နာမည်ကြီး အီတာလျံထိုင်းကုမ္ပဏီ တာဝန်ယူလုပ်ကိုင်နေလျက်ရှိရာတွင် ဒေသခံများ၏ ကျေးရွာများနှင့် လယ်ယာမြေများ အားဓမ္မ ရွှေ့ပြောင်းမှု ဖြစ်ခဲ့ရ သည်ဟုဆိုသည်။
“အစိုးရအနေနဲ့ တကယ်ပဲ လူထုကျန်းမာရေးကို စိုးရိမ်တယ်ဆိုရင် ဒီထားဝယ်ရေနက်ဆိပ်ကမ်းက ကျောက်မီးသွေး စီမံကိန်းသာ မကဘဲ လတ်တလော အကောင်ထည်ဖေါ်နေတဲ့ မိုင်းကုတ်တို့၊ ရောဂါတွေ လက်တွေ့ခံစားနေရတဲ့ တီကျစ်တို့ အပါအဝင် နောက်လာမယ့်စီမံကိန်းတွေကိုပါ ရပ်တန့်ပေးဖို့ အစိုးရကို တိုက်တွန်းတာပါ” ဟု မြန်မာနိုင်ငံမြစ်ကြောင်းများဆိုင်ရာ ကွန်ယက်အဖွဲ့မှ ခေါင်းဆောင်တဦးဖြစ်သူ စိုင်းစိုင်းက မဇ္စျိမကို ပြောသည်။
လက်တွေ့လုပ်ကိုင်နေပြီဖြစ်သော တီကျစ် နှင့် မိုင်းကုတ် ကျောက်မီးသွေးစီမံကိန်းများကို ရပ်တန့်ပေးရန် သဘာဝ ပတ်ဝန်းကျင် အဖွဲ့များနှင့် ဒေသခံများက တောင်းဆိုမှုများပြုလုပ်ခဲ့သော်လည်း အစိုးရက ရပ်တန့်ပေးမှုမရှိခဲ့ပေ။ ထို့ပြင် ထန်းတပင်၊ ကလေးဝ၊ ကော့သောင်းနှင့် ရန်ကုန်တိုင်းတို့မှ ကျောက်မီးသွေးစီမံကိန်းများကို အကောင်အထည် ဖေါ်ရန် ပြင်ဆင်နေလျက် ရှိသည်။