မြန်မာအစိုးရသစ်၏ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးအဖွဲ့နှင့် ရှမ်းပြည်တပ်မတော်
တောင်ပိုင်း SSA (S)အဖွဲ့တို့ တနင်္လာနေ့က တောင်ကြီးမြို့တွင် ဆွေးနွေးခဲ့ကြပြီး အချက် ၁၁ ချက်ပါ သဘောတူညီမှု စာချုပ် ချုပ်ဆိုခဲ့ကြောင်း သိရသည်။
၁၁ ချက်ထဲတွင် SSA ဗဟိုဌာနချုပ်ရုံးနေရာနှင့် နှစ်ဖက် နယ်မြေသတ်မှတ်ရေး အပါအဝင် ဒေသဖွံ့ဖြိုးရေး၊ ဆက်ဆံရေးရုံးများ ပြန်လည်ဖွင့်လှစ်နိုင်ရေး၊ စီးပွားရေးလုပ်ငန်းများ ဖွင့်လှစ်လုပ်ဆောင်နိုင်ရန်တို့ ပါဝင်ပြီး ၎င်း အချက်များအားလုံးကို မူအားဖြင့် သဘောတူစာချုပ် ချုပ်ဆိုခဲ့ကြခြင်းဖြစ်သည်။
“ဒီ ၁၁ ချက်ကတော့ အခုပထမအကြိမ် ပြည်ထောင်စုအဆင့် မူအားဖြင့်သဘောတူညီချက်တွေပေါ့။ လိုအပ်လာတဲ့ အချက်တွေ ရှိခဲ့ရင်လည်း နောက် ဒုတိယအကြိမ်မှာ ထပ်ပြီးတင်ပြ ဆွေးနွေးကြမှာပေါ့။ အဲလိုပဲ သဘောတူထား တယ်” ဟု ငြိမ်းချမ်းရေး အကျိုးဆောင်တဦးက မဇ္စျိမကို ပြောသည်။
ပြည်နယ်အဆင့် နှစ်ဘက်သဘောတူ လက်မှတ်ထိုးပြီး အစိုးရ ကိုယ်စားလှယ်များနှင့် ရှမ်းပြည်တပ်မတော် (တောင်ပိုင်း) ကိုယ်စားလှယ် တို့ကို တွေ့ရစဉ်။ ဓာတ်ပုံ- မဇ္ဈိမ
အစိုးရနှင့် နှစ်ဖက်ဆက်ဆံရေးရုံးများကို တောင်ကြီး၊ ခိုလာမ်၊ ကျိုင်းထုံ၊ မိုင်းဆက်၊ တာချီလိတ်တို့တွင် ဖွင့်လှစ်သွား မည်ဖြစ်ပြီး မူဆယ်နှင့် နမ့်ခမ်းတို့တွင်လည်း စီးပွားရေး ကုန်သွယ်ရေးရုံးများ ဖွင့်လှစ်သွားရန် သဘောတူညီခဲ့ကြ သည်။ ဖွင့်လှစ်မည့် အချိန်ကိုမူ ထုတ်ပြန်ခြင်းမရှိသေးပေ။
သဘောတူညီချက်များအရ နှစ်ဖက်အဖွဲ့များ နယ်စပ်ဒေသ ဝင်ထွက်သွားလာရာတွင် နေရာများနှင့် ပတ်သက်၍ အစိုးရတပ်ဖွဲ့များ နှင့် RCSS/SSA တပ်ဖွဲ့များ ဆွေးနွေးညှိနှိုင်း ဆောင်ရွက်သွားကြရန်နှင့် နှစ်ဖက် ထိန်းချုပ်ရာ နယ်မြေများအတွင်း လက်နက် ကိုင်ဆောင်သွားလာမှုများအား ကြိုတင်ညှိနိုင်း အကြောင်းကြားပြီးမှ သွားလာကြရ မည် ဖြစ်သည်။ အလားတူ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးတွင်လည်း နှစ်ဖက် ပူးပေါင်းဆောင်ရွက်ရန် ဖြစ်သည်။
ဆွေးနွေးပွဲတွင် အခြားအချက်များကို လျှင်မြန်စွာ ဆွေးနွေးနိုင်ခဲ့ကြသော်လည်း နယ်မြေတွင်း နှစ်ဖက်တပ်များ ဆုတ်ခွာပေးရေးနှင့် ပတ်သက်၍ ဆွေးနွေးပွဲကြန့်ကြာစေခဲ့ပြီး နောက်တကြိမ်တွေ့ဆုံရာတွင် အဓိက ဦးတည်
ဆွေးနွေးရမည့် အချက်တခုဖြစ်ကြောင်း ဆွေးနွေးပွဲ နှစ်ဖက်နီးစပ်သူများက ပြောသည်။
ကျိုင်းတုံ၊ မိုင်းပြင်းနှင့် မိုင်းယောင်းမြို့နယ်ထဲတွင် လှုပ်ရှားနေသည့် SSA တပ်များအား မြန်မာအစိုးရဘက်က ထိုင်းနယ်စပ်သို့ ပြောင်းရွေ့ပေးစေချင်သလို၊ ဌာနချုပ်နေရာဖွင့်ရန် တောင်းဆိုထားသည့် ဟိုမိန်းနှင့် မိုင်းထား နယ်မြေများရှိ အစိုးရတပ်များကိုလည်း ဆုတ်ခွါပေးရန် SSA ဘက်က တောင်းဆိုထားသည်။
“အဓိက ပြဿနာက တပ်ဆုတ်ပေးရေး အခြေအနေတွေပေါ့။ အဲဒါကြောင့် ဒီပြဿနာက အခြေအတင် ညှိနိုင်းရဦး မယ့် အနေအထားမှာ ရှိတယ်။ အစိုးရဘက်ကလည်း တပ်မဆုတ်ပေးချင်ဘူး။ ရှမ်းတပ်ဘက်ကလည်း ဆုတ်မပေး ချင်သေးဘူး ဖြစ်နေတယ်” ဟု SSA-S နှင့် နီးစပ်သူတဦးက မဇ္စျိမကို ပြောသည်။
ပြည်ထောင်စုအဆင့် ဒုတိယ အကြိမ်တွေ့ဆုံကြမည့်ရက် မသိရသေးသော်လည်း ယခုတွေ့ဆုံဆွေးနွေးပွဲသို့ SSA-S မှ ဗိုလ်မှူးချုပ် စိုင်းလူးနှင့် ဗိုလ်မှူးချုပ် ပေါင်ခေး တို့က ဦးဆောင်တက်ရောက်ခဲ့ကြပြီး ဗိုလ်မှူးကြီး စိုင်းလှ၊ ဒုဗိုလ်မှူးကြီး စိုင်းမင်း တို့အပါအဝင် ၈ ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။
အစိုးရဘက်မှ ရထားဝန်ကြီး ဦးအောင်မင်း၊ သစ်တောရေးရာဝန်ကြီး ဦးဝင်းထွန်း၊ အမှတ် ၂ လျှပ်စစ် ဝန်ကြီး ဦးခင်မောင်စိုး၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်၊ နယ်စပ်ရေးရာ ဒုဝန်ကြီး ဦးဇော်ဝင်း၊ အစိုးရ ရှေ့နေချုပ် ရုံး ဦးထွန်းထွန်းဦး၊ ရှမ်းပြည်နယ်စပ် လုံခြံုရေးဝန်ကြီး ဗိုလ်မှူးကြီး အောင်သူ၊ ကာကွယ်ရေးဝန်ကြီးဌာနမှ ဗိုလ်မှူးကြီး ကျော်စိုးလင်း၊ တြိဂံတိုင်း စစ်ဦးစီး အရာရှိ ၁ ဗိုလ်မှူးကြီး ဇော်ထွန်းမြင့်နှင့် အရှေ့အလယ်ပိုင်း စစ်တိုင်းရုံးမှ စစ်ဦးစီး အရာရှိ ၁ ဗိုလ်မှူးကြီး ဇော်မင်းအေးတို့ တက်ရောက်ကြသည်။
ပြည်နယ်အဆင့် မြန်မာအစိုးရနှင့် ရှမ်းပြည်တပ်မတော် တောင်ပိုင်း SSA-S တို့ အပစ်ခတ်ရပ်စဲရေး နှစ်ဘက် သဘောတူစာချုပ် တရပ်ကို ဒီဇင်ဘာ လဆန်းပိုင်းက တောင်ကြီးမြို့တွင် လက်မှတ်ရေးထိုးခဲ့ပြီးဖြစ်သည်။
SSA-S ကို ၁၉၉၆ ခုနှစ်က ဗိုလ်မှူးကြီးအဆင့် ဖြစ်သော ရွက်ဆစ်က ဦးဆောင်ကာ ယခင် မိုးဟိန်း ဦးဆောင်သော ရှမ်းပြည် ညီညွတ်ရေးနှင့် တော်လှန်ရေးတပ် SURA တို့ ပူးပေါင်းပြီး ဖွဲ့စည်းထားသည့် MTA မော်ထိုင်း တပ်မတော် အဖွဲ့ဝင်ဟောင်းအချို့နှင့် ပြန်လည် ဖွဲ့စည်းခဲ့သည်။ မြန်မာအစိုးရထံ ၁၉၉၅ ခုနှစ်က လက်နက်ချ သွားသော ခေါင်းဆောင် ခွန်ဆာလက်ထက်တွင် အမ်တီအေသည် ထိုင်း-မြန်မာ နယ်စပ် တလျှောက် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ အနက် အင်အားအကောင်းဆုံး အဖွဲ့တခု ဖြစ်ခဲ့သည်။