နိုင်ငံရေးအကျဉ်းသား ၃၃ ဦး လွတ်

နိုင်ငံရေးအကျဉ်းသား ၃၃ ဦး လွတ်
by -
မဇ္ဈိမ

သမ္မတဦးသိန်းစိန်၏ ‘လွတ်ငြိမ်းချမ်းသာခွင့်’ဟူသော ပြစ်ဒဏ်လျှော့ပေါ့မိန့်အရ နိုင်ငံတဝှမ်း အကျဉ်းထောင်များမှ ပြန်လွတ်လာသည့် အကျဉ်းသား ၁၄၀၀ ကျော်ထဲတွင် နိုင်ငံရေး အကျဉ်းသား ၃၀ ကျော်သာ ပါရှိကြောင်း မဇ္စျိမက လတ်တလော စုဆောင်းရရှိထားသည့် သတင်းအချက် အလက်များအရ သိရသည်။

အင်းစိန်၊ အိုးဘို၊ တောင်ငူ၊ ပူတာအို၊ မြိတ်၊ ကသာ၊ ပြည်၊ တောင်ကြီး၊ ပုသိမ်၊ စစ်တွေ၊ သာယာဝတီ၊ စသည့်ထောင်များ မှ လွတ်ရက်စေ့နှင့် လွတ်ရက်နီး နိုင်ငံရေး အကျဉ်းသား စုစုပေါင်း ၃၃ ဦးကို စုံစမ်းစိစစ်ဆဲ အနေအထား အရ ဖေါ်ပြ လိုက်သည်။

အင်္ဂါနေ့ကလွှတ်ပေးလိုက်သည့် ယင်းစာရင်းသည် ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေး အကျဉ်းသား ကူညီစောင့်ရှောက်ရေး အသင်း (မြန်မာနိုင်ငံ) AAPP-B နှင့် ပြည်တွင်း နိုင်ငံရေး အကျဉ်းသား စောင့်ကြည့်ရေး အဖွဲ့များက သတ်မှတ်သော စာရင်းဖြစ်ပြီး လွတ်မြောက်လာသူ နိုင်/ကျဉ်းများ၏ မိခင် အဖွဲအစည်းများကိုမူ စိစစ်နေဆဲဖြစ်ကြောင်း ၎င်းအဖွဲ့များထံမှ သိရသည်။

ဇန်နဝါရီ ၂ ရက်နေ့ နိုင်ငံပိုင် ရုပ်မြင်သံကြားမှ သမ္မတ အမိန့်ဖြင့် ထုတ်ပြန်ခဲ့သော ‘လွတ်ငြိမ်းချမ်းသာခွင့်’ ဆိုသည်
တွင်သေဒဏ် ကျခံနေရသော အကျဉ်းသားများအား တသက်တကျွန်း အဖြစ် လည်းကောင်း၊ အနှစ် ၃၀ နှင့်အထက် အကျဉ်းကျခံနေရသူများကို နှစ် ၃၀ သို့ လည်းကောင်း၊ နှစ် ၂၀ နှင့်အထက် နှစ် ၃၀ အထိ အကျဉ်းကျ ခံနေရ သူများကို နှစ် ၂၀ သို့ လည်းကောင်း၊ နှစ် ၂၀ အောက် အကျဉ်းကျခံနေသူများကို ပြစ်ဒဏ်၏ လေးပုံတပုံသို့ လည်းကောင်း ပြစ်ဒဏ် လျှော့ချလိုက်ကြောင်း ပါရှိသည်။

ထို့ကြောင့် ထောင်ဒဏ် ၆၅ စီ နှစ် ကျခံနေရသော ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များ နှင့် ထောင်ဒဏ် ၉၃ နှစ် ကျခံနေရသော ရှမ်းတိုင်းရင်းသား ခေါင်းဆောင် ဦးခွန်ထွန်းဦးတို့ လွတ်မြောက်မလာနိုင်ခဲ့ပေ။

ပြည်သူအများ မျှော်လင့်ထားသည့် ခေါင်းဆောင်များကို ထပ်မံ ထိန်းချုပ်ထားနိုင်ရန် ရည်ရွယ်သည့် သမ္မတ လွှတ်ငြိမ်း ချမ်းသာခွင့်သည် ရိုးသားမှန်ကန်မှု မရှိဘဲ နိုင်ငံရေးအရ အမြတ်ထုတ်ခြင်းသာ ဖြစ်ပြီး ယုံကြည်ချက်ကြောင့်အကျဉ်းကျ နေသူများကို ခြွင်းချက်မရှိ လွှတ်ပေးရန် နိုင်ငံရေး အကျဉ်းသား မိသားစုများ အကျိုးဆောင် ကွန်ယက်ကကြေညာ ထုတ်ပြန်၍ တိုက်တွန်းလိုက်သည်။

“ဦးသိန်းစိန် အစိုးရအနေနဲ့ မရိုးမသား မမှန်မကန် ဆောင်ရွက်နေမှုများအား အမြန်ဆုံး ရပ်တန့်လိုက်ခြင်း အားဖြင့် အမျိုးသား ပြန်လည်သင့်မြတ်ရေး၏ ပထမဦးဆုံး တံခါးချပ်ကို ဖွင့်လှစ်နိုင်ရန် တိုက်တွန်းပါသည်” ဟု ထုတ်ပြန်ချက်၌ ပါရှိသည်။

အလားတူ ဦးသိန်းစိန် အစိုးရအနေဖြင့် နိုင်ငံတော်သစ် တည်ဆောက်ရာတွင် ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသူ များနှင့် တရားဥပဒေအရ မကျသင့်ဘဲ ဖမ်းဆီး ချုပ်နှောင်ထားသူများကို အမြန်ဆုံး လွှတ်ပေးဖို့ လိုအပ်ကြောင်း အင်္ဂါနေ့တွင် မန္တလေးအိုးဘိုထောင်မှ လွှတ်မြောက်လာသူ ကယန်းပြည်သူ့ပါတီမှ တွဲဘက် အတွင်းရေးမှူး ဗိုလ်မှူးကြီးစောလွင်က တိုက်တွန်း ပြောဆိုသည်။

“နိုင်ငံရေး အကျဉ်းသားတွေကို အကုန်အစင် ခြွင်းချက်မရှိ လွှတ်ပေးဖို့ လိုပါတယ်။ အလားတူပဲ မမျှတတဲ့ တရားစီရင်ရေး စနစ်ကြောင့် ထောင်မကျသင့်ဘဲ ကျနေရသူ အမြောက်အများကိုလည်း လွှတ်ပေးဖို့ လိုပါတယ်။ အဲလိုပဲ အခြေခံ ဥပဒေ ပြောင်းလဲပြင်ဆင်ရေးကိစ္စတွေကလည်း သမရိုးကျ နည်းလမ်းနဲ့ မဟုတ်ပဲနဲ့ လူထုမျက်နှာကို ထောက်ထားပြီးတော့ အလျှင်အမြန် ဆောင်ရွက်ဖို့လိုတဲ ့အခြေအနေတွေ ဖြစ်ပါတယ်” ဟု သူက မဇ္စျိမကို ပြောသည်။