တရိစ္ဆာန်များ ကူးစက်ရောဂါ ဖြစ်ပွားလေ့ရှိသည့် ဆောင်းကာလ ရောက်လာပြီ ဖြစ်သည့် အတွက် မြန်မာနိုင်ငံတွင်း ကုသရန် ဆေးမရှိ ဖြစ်နေသည့် ကူးစက်အားပြင်း ဝက်နားရွက်ပြာ ရောဂါ ပြန့်နှံ့မှု အရှိန်မြင့် လာမည်ကို ဝက်မွေးမြူရေး လုပ်ငန်း ရှင်များက စိုးရိမ်နေရသည်။
ချင်းမိုင် (မဇ္စျိမ) ။ ။ တရိစ္ဆာန်များ ကူးစက်ရောဂါ ဖြစ်ပွားလေ့ရှိသည့် ဆောင်းကာလ ရောက်လာပြီ ဖြစ်သည့် အတွက် မြန်မာနိုင်ငံတွင်း ကုသရန် ဆေးမရှိ ဖြစ်နေသည့် ကူးစက်အားပြင်း ဝက်နားရွက်ပြာ ရောဂါ ပြန့်နှံ့မှု အရှိန်မြင့် လာမည်ကို ဝက်မွေးမြူရေး လုပ်ငန်းရှင်များက စိုးရိမ်နေရသည်။
ဝက်မွေးမြူရေးလုပ်ငန်းကို ထိခိုက်မှုအများဆုံးဖြစ်စေခဲ့သည့် နားရွက်ပြာရောဂါသည် ၂ဝ၁၁ ဖေဖေါ်ဝါရီမှ စတင်ကာ ပြည်နယ်နှင့် တိုင်း ၆ ခုက မြို့နယ်ပေါင်း ၃ဝ ကျော်ကို ကူးစက်ပြန့်နှံံ့ခဲ့ပြီး ဝက်များ ထောင်နှင့်ချီ ဆုံးရှုံးခဲ့ရသဖြင့် ယင်းအခြေအနေမျိုး ထပ်မံ ဆုံးရှုံးမှုများနှင့် ရင်ဆိုင်ရမည်ကို ဝက်မွေးခြံရှင်တွေက စိုးရိမ်နေကြခြင်းဖြစ်သည်။
“နှစ်စပိုင်းတုန်းက ကူးစက်မှုကို ကျနော်တို့က အလူးအလဲblueearbig ခံလိုက်ရတာ ခြံပြုတ်ပဲ။ သေတဲ့ ဝက်တွေလည်း ရောင်းစား ရတာ မဟုတ်ဘူး။ အကုန် မြေမြှုပ်ပေးရတာ။ ခုက အအေး ဝင်လာတော့ ထပ်ဖြစ်လာရင် ကျနော်တို့မှာ ဘာမှ မတတ်နိုင်ဘူးလေ” ဟု ပဲခူးတိုင်း အတွင်း ဝက်မွေးမြူသူ ခြံပိုင်ရှင် တဦးက မဇ္စျိမကိုပြောသည်။
မြန်မာနိုင်ငံ၌ ပထမဦးဆုံးဖြစ်ပေါ်နေသည့် ဝက်နားရွက်ပြာ ခေါ် မျိုးပွားအင်္ဂါနှင့် အသက်ရှူလမ်းကြောင်း ဗိုင်းရပ်စ်ပိုး ကူးစက်ရောဂါကို ယခုနှစ် ဖေဖော်ဝါရီ ၁၅ ရက်နေ့တွင် စတင်တွေ့ရှိခဲ့ သည်။မန္တလေး တိုင်း အတွင်း အောင်မြေသာစံ၊ ချမ်းအေးသာစံ၊ မဟာအောင်မြေ၊ ချမ်းမြသာစည်၊ ပြည်ကြီးတံခွန်၊ အမရပူရ၊ မတ္တရာ စသည့် မြို့နယ်များ ရှိ ကျေးရွာ၊ ရပ်ကွက်များရှိ ဝက်ခြံများနှင့် အိမ်မွေးဝက်များကူးစက် ခံခဲ့ရပြီး တလအတွင်း ဝက်အကောင်ရေထောင်နှင့်ချီ သေဆုံးခဲ့သည်။
ထို့နောက် နေပြည်တော်၊ စစ်ကိုင်းတိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ မကွေးတိုင်းနှင့် မွန်ပြည်နယ်တို့ တွင် ဆက်တိုက်ဆိုသလို ကူးစက်ပြန့်ပွားခဲ့ပြီး မွေးမြူရေးဝက်များသာမက၊ တပိုင်တနိုင် မွေးမြူကြသည့် အိမ်မွေး ဝက်များပါ ကူးစက်သေဆုံးခဲ့ရသည်။
ရောဂါကူးစက်မှုကိုခံရပြီး ဆုံးရှုံးမှုများ ကြံုတွေ့ခဲ့ရသည့် မွေးမြူရေးခြံပိုင်ရှင် အချို့ကတော့ မွေး/ကုမှ ကာကွယ်ဆေး ထုတ်လုပ်ပေးခြင်း၊ ဆေးထုတ်လုပ်နိုင်သော ပြည်ပနိုင်ငံများမှ တင်သွင်းပေးခြင်းမပြု လုပ်ပေးပါက ဝက်အစား ကြက် သို့မဟုတ် ငုံးများကို ပြောင်းလဲမွေးမြူတော့မည်ဖြစ်သည်ဟု ဆိုသည်။
“ဒီရောဂါကူးခံရတဲ့ ဝက်က ၁ဝဝ% က သေဖို့ပဲရှိတယ်။ တခြားဝက်တွေကို ကူးစက်ဖို့ကလည်း ရာနှုန်းက ၅ဝ နဲ့ ၁ဝဝ ကြားမှာပဲ ရှိတော့။ ကာကွယ်ဆေး မရမခြင်း မွေးလို့မဖြစ်သေးဘူး။ ကြက်တုပ်ကွေးက သူလောက် အန္တရာယ် မများတဲ့အတွက် ကြက်ပဲပြောင်းမွေးဦးမယ်” ဟု ရန်ကုန်တိုင်းတွင်းက ဝက်မွေးမြူသူတဦးက မဇ္စျိမကို ပြောသည်။
မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီးဌာန အောက်ရှိ မွေးမြူရေးနှင့်ကုသရေးဌာနက ဝက်နားရွက်ပြာရောဂါကို ဇီဝ နည်းပညာဖြင့်သာ ထိန်းချုပ်ရန် ကြိုးစားနေသည်မှာ တနှစ်နီးပါး ကြာမြင့်ပြီ ဖြစ်သော်လည်း အောင်မြင်မှု မရရှိသေးပေ။ အလားတူ မွန်ပြည်နယ်နှင့် နေပြည်တော်တို့တွင် ပြန့်ပွားမှု အားကောင်းနေဆဲဖြစ်ကြောင်း နေပြည်တော် တိမွေး/ကု ဌာနပြောခွင့်ရသူတဦး ပြောသည်။
“တခြားနေရာတွေက ဖြစ်ပွားမှုနှုန်း ကျသွားပါတယ်။ ဒါပေမယ့် ဒီနေပြည်တော်နဲ့ မွန်ပြည်နယ်တို့ ရန်ကုန်တိုင်းတို့မှာ က ဖြစ်ပွားမှု များနေတုန်းပဲ။ သေချာတာကတော့ ကျနော်တို့အခု ဇီဝနည်းပညာဆိုတာက ကူးစက်မှုမများအောင်ပဲ ကြိုတင် ထိန်းလို့ရတာပါ။ အမြစ်ပြတ်ပျောက်အောင်ကုဖို့ ကာကွယ်ဖို့တော့ မရပါဘူး” ဟု သူက မဇ္စျိမကိုပြောသည်။
မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနတွင် နှစ်ပေါင်း ၃ဝ တာဝန်ထမ်းဆောင် ခဲ့ပြီး ဆေးသုတေသန လုပ်ငန်း များကို ၂၇ နှစ်ကြာ လုပ်ကိုင်ခဲ့သူ မြန်မာဆေး သုတေသန ပညာရှင် ဒေါက်တာအောင်မြင့်က နားရွက်ပြာ ကုသဆေး ထုတ်လုပ်ခဲ့ပြီး ဆေးနှင့် စမ်းသပ်ထုတ်လုပ်မှု အချက်များကို ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ FAO နှင့် မွေး/ကုဌာန တို့ကို တင်ပြထားသည်ဟု သိရသည်။
“ကျနော့် ထုတ်လုပ်စမ်းသပ်မှုက အောင်မြင်တယ်လို့ဆိုရမှာပါ။ ရောဂါမဝင်တဲ့ခြံတွေမှာ ကျနော်စမ်းထိုး ကြည့်တော့ ရာနှုန်းပြည့် ကူးစက်ခြင်းမခံရတာရှိပြီး၊ ရောဂါဝင်နေတဲ့ ခြံတွေမှာ စမ်းသပ်တော့လည်း ၃ ရာခိုင်နှုန်းလောက်ထိပဲ ဆုံးရှုံးမှုရှိတာပါ။ ဒီအချက်တွေကို ကျနော် FAO ကိုပို့ထားပါတယ်။ လာမယ့် နှစ်ဆန်းပိုင်းလောက်မှာ အကောင်ထည်ပေါ်လာနိုင်စရာရှိပါတယ်” ဟု ဒေါက်တာ အောင်မြင့်က မဇ္စျိမကို ပြောသည်။
ရောဂါဖြစ်နေသည့် ဝက်များတွင် နားရွက်၊ ခန္ဓာကိုယ်၊ အရေပြားနှင့် ဝက်နောက်ပိုင်း အင်္ဂါများတွင် အပြာရောင် အကွက်များ ဖြစ်သွားသည်။ ၎င်းဗိုင်းရပ်စ်ပိုးကြောင့် ဝက်ခန္ဓာကိုယ် အရေပြားရှိ သွေးကြောများ ပေါက်ကုန်ပြီး၊ အစွန်အဖျား နေရာများသို့ သွေးမရောက်တော့သဖြင့် အနီကွက်များ ဖြစ်လာကာ ကြာသည့်အခါ အပြာရောင်များဖြစ်သွားသည်ဟု တိမွေးကု ထုတ်ပြန်ချက်အရ သိရသည်။
ယင်းဗိုင်းရပ်စ်ပိုး ဝင်လျှင် မျိုးပွားလမ်းကြောင်းနှင့် အသက်ရှုလမ်းကြောင်းများတွင် ဖြစ်စေတတ်သဖြင့် သန္ဓေရှိ ဝက်မများ သားလျှောခြင်း၊ အသေများ မွေးခြင်း၊ မသန်မစွမ်း ဝက်များ မွေးခြင်းတို့ ဖြစ်နိုင်သည်။
အသက်ရှူလမ်းကြောင်း၌ ဖြစ်ပါက ဝက်များ အစားပျက်ခြင်း၊ မှိုင်တွေခြင်း၊ ကိုယ်ပူရှိန်များပြီး ဖျားခြင်း၊ နှာရည်ယိုခြင်း၊ ချောင်းဆိုးခြင်းများ ဖြစ်ပေါ်မည်ဟု မွေး/ကုဌာနက တရားဝင် ထုတ်ပြန် ပြောဆိုထားသည်။
ယင်းဝက်များ၏ အသားကို စားသုံးလျင် လူသို့ အန္တရာယ် မဖြစ်စေနိုင်သော်လည်း အခြားဝက်များသို့ ထပ်မံ မကူးစက်စေရန်အတွက် သေဆုံးသည့် ဝက်များကို မြေမြှုပ်ပြီး မီးရှို့ရန် လိုအပ်သည်။
ဝက်နားရွက်ပြာရောဂါမှာ ၁၉၈၇ ခုနှစ်တွင် အမေရိကန်နိုင်ငံ၌ စတင်ဖြစ်ပွားခဲ့ပြီး ဂျာမဏီ၊ စပိန်၊ နယ်သာလန်၊ပြင်သစ်၊ အင်္ဂလန်နှင့် ကနေဒါနိုင်ငံများတွင် ၁၉၉ဝ နှင့် ၁၉၉၅ အတွင်း ဖြစ်ပွားခဲ့သည်။
အာရှနိုင်ငံများဖြစ်သည့် တရုတ်တွင် ၂ဝဝ၆ ၊ ဗီယက်နမ်နှင့် ဖိလစ်ပိုင်တွင် ၂ဝဝ၇၊ ထိုင်းတွင် ၂ဝဝ၈ နှင့် မြန်မာနိုင်ငံ တွင် ၂ဝ၁၁ ဖေဖော်ဝါရီ်လဆန်း၌ မန္တလေးမြို့တွင် စတင်ဖြစ်ပွားခဲ့သည်။