အစိုးရ၏ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့ ခေါင်းဆောင် ဦးအောင် သောင်း၊ ဒုခေါင်းဆောင် ဦးသိန်းဇော်တို့သည် အမျိုးသားဒီမိုကရေစီ မဟာမိတ်တပ်မတော် (NDAA-ESS) ခေါ် ရှမ်းပြည်နယ်အထူး ဒေသ ၄ မိုင်းလားအဖွဲ့နှင့် ဝပြည် သွေးစည်းညီညွတ်ရေး တပ်မတော် UWSA တို့နှင့် တနင်္လာ-အင်္ဂါနေ့များက သီးခြားစီ တွေ့ဆုံခဲ့သည်။
ချင်းမိုင်(မဇ္စျိမ) ။ ။ အစိုးရ၏ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့ ခေါင်းဆောင် ဦးအောင်သောင်း၊ ဒုခေါင်းဆောင် ဦးသိန်းဇော်တို့သည် အမျိုးသားဒီမိုကရေစီ မဟာမိတ်တပ်မတော် (NDAA-ESS)ခေါ် ရှမ်းပြည်နယ်အထူးဒေသ ၄ မိုင်းလားအဖွဲ့နှင့် ဝပြည် သွေးစည်းညီညွတ်ရေးတပ်မတော် UWSA တို့နှင့် တနင်္လာ-အင်္ဂါနေ့များက သီးခြားစီ တွေ့ဆုံခဲ့သည်။
မိုင်းလားအဖွဲ့အား ရှမ်းပြည်နယ် အရှေ့မြောက်ပိုင်းရှိ မိုင်းလားဌာနချုပ်မြို့တွင် အင်္ဂါနေ့က တွေ့ဆုံခဲ့ကြောင်း မိုင်းလား အရာရှိတဦးက မဇ္စျိမကို ပြောသည်။
“ဒီနေ့ ရဟတ်ယာဉ်နဲ့လာကြတယ်။ (မနက်) ၁ဝ နာရီလောက်မှာ ရောက်တယ်။ ၁၂ နာရီခွဲမှာ ဆွေးနွေးပွဲ ပြီးသွား တယ်။ လူတွေကတော့ မူရင်းအဖွဲ့တွေဘဲ” ဟု ပြောသည်။
သို့သော် မည်သည့်အကြောင်းများ ဆွေးနွေးသည်ကိုမူ ပြောဆိုရန် ငြင်းဆိုခဲ့သည်။
ပြီးခဲ့သည့် စက်တင်ဘာလ ရ ရက်နေ့က ကျိုင်းတုံမြို့တွင် ပဏာမ တွေ့ဆုံပြီး အောက်တိုဘာလ ၉ ရက်နေ့ တွင် ဦးအောင်သောင်း၊ ဦးသိန်းဇော်၊ ရှမ်းပြည်နယ် ဝန်ကြီးချုပ် စိုင်းအောင်မြတ်၊ ပြည်နယ် လုံခြံုရေးနှင့် နယ်စပ်ဝန်ကြီး ဗိုလ်မှူးကြီးအောင်သူ၊ ပြည်နယ် ဥပဒေချုပ် ဦးမောင်မောင်တို့နှင့် မိုင်းလားအဖွဲ့ ဒုဥက္ကဋ္ဌ ဦးစံပေ့ ဦးဆောင်သော အဖွဲ့တို့ ထပ်မံတွေ့ဆုံ၍ အပစ်ရပ်ရေး သဘောတူ လက်မှတ်ရေးထိုးခဲ့ကြသည်။
အောက်တိုဘာ တွေ့ဆုံပွဲတွင် နှစ်နှစ်ခန့်ကြာ ပိတ်ထားခဲ့သည့် ဆက်ဆံရေးရုံးများ ပြန်ဖွင့်ရေး၊ အစိုးရ ဝန်ထမ်းများစေလွှတ်ရေး၊ အထူးဒေသ ၄ တွင် ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေး၊ လမ်းပန်းဆက်သွယ်မှု ကောင်းမွန်ရေး၊ မူးယစ်ဆေး ပပျောက်ရေးတို့ ပူးပေါင်းဆောင်ရန် သဘောတူခဲ့ကြသည်။
ထို့ပြင် ယခင်အပစ်အခတ် ရပ်စဲသည့် ကာလက သတ်မှတ်ထားသည့် နယ်မြေများအတိုင်း ဆက်လက် ထားရှိပြီး နယ်မြေကျော်လိုပါက ကြိုတင်အကြောင်းကြားရမည်ဟု သဘောတူညီချက်တွင် ပါဝင်သည်။
မိုင်းလားအဖွဲ့က နယ်ခြားစောင့်တပ် အသွင်ပြောင်းရေး လက်မခံခဲ့သဖြင့် အစိုးရဝန်ထမ်းများ ထိုဒေသများမှ ထွက်ခွာခဲ့ပြီးနောက် ယခုလဆန်းပိုင်းက ပြန်လည် ဝင်ခွင့်ပြုလိုက်ပြီ ဖြစ်သည်။
မိုင်းလားအဖွဲ့မှာ ရှမ်းပြည်နယ် အရှေ့မြောက် ကျိုင်းတုံခရိုင်၊ မိုင်းဟောင်း၊ မိုင်းမြတ်မြို့နယ်မှ လာအိုနှင့် တရုတ်နိုင်ငံ နယ်စပ် မဲခေါင်မြစ် ဘေးအထိ လှုပ်ရှားနေပြီး ရှမ်း၊ ပလောင်၊ အခါ လူမျိုးများဖြင့်ဖွဲ့စည်း ထားသော အင်အား ၃,ဝဝဝ ကျော်ရှိသည်ဟု ခန့်မှန်းရသည်။
အလားတူ အပစ်အခတ် ရပ်စဲရေးသဘောတူညီမှု ရရှိထားပြီးဖြစ်သော ဝ ပြည်သွေးစည်းညီညွတ်ရေး တပ်မတော် UWSA ခေါင်းဆောင်များနှင့်လည်း ဦးအောင်သောင်း ခေါင်းဆောင်သော ငြိမ်းချမ်းရေးအဖွဲ့တို့ ဝ ဌာနချုပ် ပန်ဆန်းမြို့တွင် တနင်္လာနေ့က တွေ့ဆုံခဲ့သေးသည်။
UWSA ၏ သတ္တုနှင့် ကျွန်းသစ်ဆိုင်ရာ လုပ်ငန်းများကို ကုမ္ပဏီအဖြစ် သစ်တောဝန်ကြီးဌာနသို့ တင်ပြရန်နှင့် ငြိမ်းချမ်းရေးအဖွဲ့များထံသို့လည်း မိတ္ထူ တင်ပြရန် ဦးအောင်သောင်းက ပြောဆိုခဲ့သည်ဟု ဝပြောရေးဆိုခွင့် ရှိသူ ဦးအောင်မြင့်က မဇ္စျိမကို ပြောသည်။
ဒုတိယအကြိမ်တွေ့ဆုံခဲ့စဉ်က UWSA ထိန်းချုပ်နယ်မြေအတွင်း တလလျှင် ကျွန်းနှင့် သစ်မာ တန်ချိန် နှစ်သောင်း ထုတ်ခွင့်၊ စီးပွားရေး လုပ်ငန်းများ လုပ်ပိုင်ခွင့်၊ အစိုးရ ထိန်းချုပ်နယ်မြေသို့ ဝတပ်ဖွဲ့များ သွားလာခွင့်၊ အခြား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် အပစ်ရပ်ရေး၊ တလလျှင် ဆန်အိတ်နှစ်ထောင်၊ ငွေကြေးထောက်ပံ့ရေးနှင့် ကန့်သတ် နယ်မြေအတွက် ကားလိုင်စင်များ ထုတ်ပေးရေးတို့ တောင်းဆိုခဲ့သည်။
“လားရှှိုးမှာ ဒုတိယအကြိမ်ဆွေးနွေးနဲ့ ကိစ္စတွေကို အကောင်အထည်ဖော်ဖို့ ဆွေးနွေးတယ်။ ကျနော်တို့ဘက်က တောင်းဆိုတဲ့ဟာတွေကို ကုမ္ပဏီပုံစံနဲ့ တင်ပြဖို့၊ တခြားတော့ ငြိမ်းချမ်းရေး ကိစ္စတွေ ပြောတယ်။ နောက်တကြိမ်ဆွေးနွေးမယ့် အကြောင်းအရာတွေ ဆွေးနွေးသွားတယ်။ ဒါပေမယ့် ခိုင်ခိုင်မာမာတော ့မရှိဘူး”
“ဝဒေသက လူတွေ မြို့နယ်တွေ သူတို့ရဲ့ ဆန္ဒကို ဖော်ထုတ်နိုင်ဖို့ ကိုယ်စားလှယ်ရွေးပြီးတော့ ပြည်ထောင်စု အဆင့်ဆင့်က လွှတ်တွေမှာ တက်ရောက်ပြီးတော့ ဝဒေသရဲ့ အကြံပြုချက်တို့၊ တင်ပြချက်တို့ လုပ်ပိုင်ခွင့်တို့
ဆောင်ရွက်နိုင်ဖို့ နောက် တကြိမ်မှာ ဆွေးနွေးမယ်ဆိုတဲ့ဟာလည်း ရှိတယ်။ ဘယ်အချိန်ဆိုတာ မသိသေးဘူး”ဟု သူက မဇ္စျိမကို ပြောသည်။
ထို့ပြင် နောက်တကြိမ် တွေ့ဆုံပါက ဝ ဒေသအတွင်း ကျန်းမာရေး၊ ပညာရေးဆိုင်ရာများကို အစိုးရနှင့် UWSA တို့ ပူးပေါင်း၍ တိုးမြင့်လုပ်ဆောင်သွားရေးနှင့် ကြားဖြတ် ရွေးကောက်ပွဲဆိုင်ရာများကို ဆက်လက် ဆွေးနွေးသွားရန် သဘောတူညီမှု ရယူခဲ့သည်ဟု ဦးအောင်မြင့်က ပြောသည်။
“တိုးတက်မှုရှိပါတယ်။ အရင်က တိတိကျကျ ဆွေးနွေးတာ မရှိဘူး။ အခုတော့ တိတိကျကျ သဘောတူ ထားတဲ့။ ချမှတ်ထားတဲ့ စာချုပ်ချုပ်ထားတဲ့ ကိစ္စတွေ ရှိတော့ တိုးတက်မှုရှိတယ်၊တဆင့်ပြီးတဆင့်သွားရ မှာဘဲ”ဟု သူကပြောသည်။
အစိုးရဝန်ထမ်းပေါင်း ၁၃ဝ ခန့်က ပြီးခဲ့သည့် လကုန်ပိုင်းက ဝင်ရောက်နေထိုင်ပြီး ဖြစ်သည်ဟု သိရသည်။
ဝ နယ်မြေအတွင်း ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပနိုင်ရေးနှင့် ပတ်သက်၍ ဆွေးနွေးနိုင်မည်ဟုသုံးသပ် သူများကပြောသည်။ ၂ဝဝ၈ ဖွဲ့စည်းပုံအရ ဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းကို မြို့နယ် ၆ မြို့နယ်ဖြင့် ဖွဲ့စည်းထားပြီး ၂ဝ၁ဝ ခုနှစ်ရွေးကောက်ပွဲတွင် နှစ်မြို့နယ်သာ ကျင်းပခဲ့သည်။