'အဲ့ဒီအခန်းဖြတ်' က ဖြစ်ရပ်မှန်ဟု ဒါရိုက်တာ ဝိုင်း ပြော

'အဲ့ဒီအခန်းဖြတ်' က ဖြစ်ရပ်မှန်ဟု ဒါရိုက်တာ ဝိုင်း ပြော

မြန်မာ့ ရုပ်ရှင်ဆင်ဆာဘုတ် အဖွဲ့၏ ရုပ်ရှင်နှင့် ဗီဒီယိုများအပေါ် ဆင်ဆာဖြတ်တောက်မှုအခြေ အနေများကို ပထမဆုံး သရုပ်ဖေါ် ရိုက်ကူး ထားသည့် “အဲ့ဒီအခန်းဖြတ်” ရုပ်ရှင်ကားတိုသည် တကယ့်  ဖြစ်ရပ်မှန်ကို အခြေခံ ရိုက်ကူးထား ခြင်းဟု ထိုရုပ်ရှင်ကို ကိုယ်တိုင် ဇာတ်ညွှန်းရေးပြီး ရိုက်ကူးခဲ့သူ ဒါရိုက်တာ ဝိုင်းက မဇ္ဈိမကိုပြော သည်။

ချင်းမိုင် (မဇ္ဈိမ) ။        ။ မြန်မာ့ ရုပ်ရှင်ဆင်ဆာဘုတ် အဖွဲ့၏ ရုပ်ရှင်နှင့် ဗီဒီယိုများအပေါ် ဆင်ဆာဖြတ် တောက်မှုအခြေ အနေများကို ပထမဆုံး သရုပ်ဖေါ် ရိုက်ကူး ထားသည့် “အဲ့ဒီအခန်းဖြတ်” ရုပ်ရှင်ကား တိုသည် တကယ့်  ဖြစ်ရပ်မှန်ကို အခြေခံ ရိုက်ကူးထား ခြင်းဟု ထိုရုပ်ရှင်ကို ကိုယ်တိုင် ဇာတ်ညွှန်းရေးပြီး ရိုက်ကူးခဲ့သူ ဒါရိုက်တာ ဝိုင်းက မဇ္ဈိမကိုပြော သည်။

“အဲဒီထဲမှာ တကယ်အမှန်အကန် အကုန်ပါတာ။ ကျနော် လုပ်ကြံပြီး ရိုက်ထားတာ တခုမှ မပါဘူး။ တကယ့် ဖြစ်ရပ် မှန်တွေပါ။” ဟု ဒါရိုက်တာ ဝိုင်းက မဇ္ဈိမကို ပြောသည်။ အဆိုပါ ဇာတ်ကားနှင့် ပတ်သက်၍ မိမိတို့ ရုပ်ရှင်လောက သားများ ခံစားနေရသည့် ဆင်ဆာဖြတ်တောက်ခံရမှုများကို တင်ပြလိုခြင်းဟုလည်း ဒါရိုက်တာ ဝိုင်းက ပြောသည်။

၁၈ မိနစ်ကြာမြင့်သည့် အဆိုပါ ရုပ်ရှင်ကားတွင် ပြန်ကြားရေး၊ ပြည်ထဲရေး၊ ကျန်းမာရေး၊ ယဉ်ကျေးမှု၊ သာသနာရေး စသည့် ဝန်ကြီးဌာနများမှ ဝန်ထမ်းများနှင့် ဖွဲ့စည်းထားသည့် ရုပ်ရှင်ဆင်ဆာဘုတ် အဖွဲ့သည် ယင်းတို့ ကိုယ်စားပြုသည့် ဝန်ကြီးဌာနကို ထိခိုက်စေမည့် ပြကွက်များ စိစစ်ဖြတ်တောက်ပုံကို သရုပ်ဖေါ် ရိုက်ကူးထားခြင်း ဖြစ်သည်။

ဒါရိုက်တာက ရိုက်ကူးတင်ပြလာသည့် သူတောင်းစား အခန်းကို ပြန်ကြားရေးဝန်ကြီးဌာန ဝန်ထမ်းမှ “သူတောင်းစားက အပြင်မှာရှိချင်ရှိမယ် ရုပ်ရှင်ထဲမှာ မရှိရဘူး။ ဒါ နိုင်ငံတော်ကို သိက္ခာချနေတာ။”ဟု ဆိုကာဖြတ်ပစ်သည့် ဇာတ်ဝင်ခန်းကိုလည်း ရိုက်ကူး တင်ပြထားသည်။

ယင်းအပြင် ဝန်ထမ်းများ လာဘ်စားသည် သရော်သည့် ရုပ်ရှင်ဇာတ်ဝင်ခန်းကို တင်ပြရိုက်ကူး ထားသည် ကိုလည်းပြည်ထဲရေး ဝန်ကြီးဌာနမှ ဝန်ထမ်းက “ Good Governance Clean Governmentလုပ်နေတဲ့ အချိန်မှာ အဲဒီပြကွက်တွေ ခွင့်ပြုလိုက်ရင် အကုန်လုံး ကွိုင်တက်ကုန်မှာပေါ့” ဟုဆိုကာ ဖြတ်ခိုင်းပြန်သည်။

ထိုကဲ့သို့ မိမိတို့ ဖန်တီးထားသည့် အနုပညာကို ထိုကဲ့သို့ ဖြတ်တောက်မှုများကြောင့်စိတ်ထိခိုက်ရသည် ဟုလည်း ဒါရိုက်တာဝိုင်းက ပြောသည်။

“တခါတလေကျရင် အသေအလဲ သရုပ်ဆောင်ထားတဲ့ ပြကွက်တွေ ဘာမှန်းမသိဘဲနဲ့ ဖြတ်ခံလိုက်ရတယ်။ ဒီမှာ လုပ်ထားတာက ရင်ဘတ်တွေနဲ့ လုပ်ထားတာ သေရော။ သူတို့တွေက ကျနော်တို့ နှလုံးသားတွေကို ဓါးနဲ့ ဖြတ် လိုက်သလိုပဲ။ အဲဒီအခါကျတော့ သရုပ်ဆောင်တွေမှာလည်း အခက်အခဲ၊ ဒီဘက်ကစဉ်းစားပြီး လုပ်ထားတဲ့ ဇာတ်ညွန်းဆရာမှာလည်း အခက်အခဲ၊ ဖန်တီးထားတဲ့ ဒါရိုက်တာမှာလည်း အခက်အခဲ Felling တွေက သွားပြီပေါ့ဗျ။ လူကိုသတ်တာထက် Felling တွေကို သတ်တာ ပိုဆိုးတယ်။” ဟု ဝိုင်းက မဇ္ဈိမကို ပြောသည်။

အဲဒီအခန်းဖြတ် ဇာတ်ကားတွင် ပြန်ကြားရေးဝန်ကြီးဌာနမှ ဝန်ထမ်းအဖြစ် သရုပ်ဆောင်ခဲ့သူ သရုပ်ဆောင် ကိုဇော်ဝင်းနိုင်ကလည်း “ကိုယ်ရိုက်တဲ့ အခန်းလေး ဖြတ်တဲ့အထဲ ပါသွားတယ်ကွ ဆိုတာ ကျနော်တို့ ကားတွေတော်တော်များများ ခံစားဖူးပါတယ်။ အဲဒါဖြတ်တဲ့အထဲ ပါသွားတယ်ဆို ရင်ထဲမချမ်းသာဘူးလေ။ ဪ ငါတို့ လုပ်ထားတာ နိုင်ငံရေး၊ ဘာသာရေး၊ လူမှုရေးတို့ ဘာတခုမှလည်း မစော်ကားဘူး၊ နောက် ဆဲရေးတိုင်းထွာ တာလည်း မဟုတ်ဘူးဗျ။” ဟု မဇ္ဈိမကို ပြောသည်။

ယင်းအပြင် ဆင်ဆာဘုတ်အဖွဲ့သည် ရိုက်ကွက် တခုတည်းကိုပင် ပေးချင်သည့်သူကိုပေးကာ၊ မပေးချင်သည့်သူကို ဆင်ဆာဖြတ်တောက်မှုများ ပြုလုပ်သည်ဟု ဒါရိုက်တာ ဝိုင်းက မဇ္ဈိမကို ပြောသည်။

“အဲဒီအခန်းဖြတ်” ရုပ်ရှင်ဇာတ်လမ်းတိုသည် ဒါရိုက်တာ မင်းထင်ကိုကိုကြီးနှင့် ဒါရိုက်တာ ကိုသူရတို့ ဦးဆောင် ကျင်းပသည့် လွတ်လပ်ခြင်း အနုပညာ ရုပ်ရှင်ပွဲတော်အတွက် ပြိုင်ပွဲဝင်ကား ဖြစ်သည်ဟုလည်း သိရသည်။

လွတ်လပ်ခြင်း အနုပညာ ရုပ်ရှင်ပွဲတော်အတွက် ပြိုင်ပွဲဝင်ကားပေါင်း ၁၈၀ ခန့် လက်ခံရရှိပြီး ဇန်နဝါရီလ ၁၊ ၂၊ ၃ ရက်နေ့များတွင် ရွေးချယ်ကာ လေးရက်နေ့တွင် ဆုပေးပွဲ ကျင်းပမည်ဟုလည်း ဒါရိုက်တာ မင်းထင်ကိုကိုကြီးက မဇ္ဈိမကို ပြောသည်။