လာမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် လစ်လပ် နေရာ တခုဖြစ်သည့် စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်အတွက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD မှ မုံရွာအောင်ရှင် ဝင် ရောက် ယှဉ်ပြိုင် အရွေးခံဖွယ်ရှိကြောင်း သိရသည်။
နယူးဒေလီ (မဇ္စျိမ) ။ ။ လာမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် လစ်လပ်နေရာ တခုဖြစ်သည့် စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်အတွက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD မှ မုံရွာအောင်ရှင် ဝင်ရောက် ယှဉ်ပြိုင် အရွေးခံဖွယ်ရှိကြောင်း သိရသည်။
ထိုသို့ ပါဝင်ယှဉ်ပြိုင်ရန် အဆိုပြုချက်များ ရှိထားသော်လည်း ပါတီဗဟိုမှသာ ဆုံးဖြတ်ပေးမှာ ဖြစ်ကြောင်း နိုင်ငံရေး အကျဉ်းသားဟောင်း တဦးဖြစ်သည့် မုံရွာအောင်ရှင်က မဇ္စျိမကို ပြောသည်။
“ပြောနေကြတာပေါ့။ ကျနော်ကတော့ တိတိကျကျ မပြောချင်သေးဘူးဗျ။ အဆိုပြုထားတာတော့ ရှိပါတယ်။ ဗဟိုမှာ ဆုံကြတော့ လစ်လပ်တယ်ဆိုတော့ လုပ်ဖို့ တိုက်တွန်းကြတာတွေ ရှိတယ်။ ဗဟိုကပဲ ရွေးမယ်လို့ ပြောတာကိုး။ ကျနော်က ကြိုပြီးတော့ မပြောချင်သေးဘူး။ လူကြီးတွေက တာဝန်ပေးရင် ယူရမှာပါပဲ” ဟု ပြောသည်။
NLD အနေဖြင့် ကြားဖြတ်ရွေးကောက်ပွဲတွင် လစ်လပ် ၄၈ နေရာလုံး ဝင်ရောက် ယှဉ်ပြိုင်မည်ဟု ဆိုထားရာ ပုလဲမြို့နယ်တွင် ကြံ့ခိုင်ရေးပါတီနှင့် အဓိက ယှဉ်ပြိုင်ရမည် ဖြစ်သည်။
ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ်အဖြစ် ပြန်ကြားရေး ဝန်ကြီး ဦးကျော်ဆန်း၏ညီ ဦးဌေးနိုင် ဝင်ရောက် ယှဉ်ပြိုင်မည် ဟုလည်း သတင်းများ ထွက်ပေါ်နေရာ ယှဉ်ပြိုင်ရာတွင် NLD အနိုင်ရရေး အတွက် များစွာ ကြိုးပမ်းရမည် ဖြစ် ကြောင်းလည်း ဦးအောင်ရှင်က “ဗိုလ်မှူးချုပ် ကျော်ဆန်းရဲ့ နယ်မြေဆိုတော့ တော်တော်လေး လုပ်ထားတာတွေ ရှိတယ်ဗျ။ ကျောင်းဆောက်တာတို့၊ စာကြည့်တိုက် ကိစ္စတွေ၊ လမ်းပန်း ကိစ္စတွေ၊ လတ်တလော လက်လုပ် လက်စား တွေကို ငွေချေးတာတွေပေါ့။ ကျနော်တို့က ဝင်ပြီးယှဉ်ပြိုင်မယ်ဆိုရင် တော်တော်ပြန်လုပ်ရမှာဗျ။ ဒါကြောင့် ပုလဲကို ကျနော် တော်တော်အာရုံစိုက်တယ်။ ပုလဲက တော်တော်လုပ်ရမယ်” ဟု ပြောသည်။
သို့သော် ၁၉၉၀ ရွေးကောက်ပွဲတွင် ၂၆ နှစ်တာ တည်ဆောက်ထားသော လမ်းစဉ်ပါတီ တဖြစ်လဲ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ (တစည)နှင့် ယှဉ်ပြိုင်ရာတွင် NLD အနိုင်ရခဲ့ဖူးကြောင်း အိန္ဒိယနိုင်ငံရောက် ၁၉၉၀ NLD လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာတင့်ဆွေက မဇ္စျိမကို ပြောသည်။
“သူတို့က ၂၆ နှစ် တည်ဆောက်ထားသော်လည်းဘဲ ပုလဲ မဲဆန္ဒရှင်တွေဟာ NLD ကို ပုံအောပြီး မဲပေးကြလို့ အမှတ် ၁ ရော၊ အမှတ် ၂ ရော ကျနော်တို့ နိုင်ပါတယ်။ ခုတခါကတော့ ကျနော်တို့ ၁၉၉၀ ကိုယ်စားလှယ် နှစ်ဦးလုံး ကလည်း မဲဆန္ဒနယ်မြေမှာ မရှိကြတော့ ကြံ့ခိုင်ရေးပါတီက တည်ဆောက်ခွင့် ရသွားတယ်ပေါ့။ ခပ်ရိုင်းရိုင်းပြော ရရင် ကြံ့ဖွံ့က ပွဲလန့်တုန်း ဖျာခင်းခဲ့တာလို့တောင် ပြောချင်ပါတယ်” ဟု ပြောသည်။
ပုလဲတွင် အခြားမည်သည့်ပါတီများ ဝင်ရောက် ယှဉ်ပြိုင်မည်ကို မသိရသေးသော်လည်း ကြံ့ခိုင်ရေးနှင့် NLD အကြိတ်အနယ် ယှဉ်ပြိုင်ကြရမည့် မဲဆန္ဒနယ်မြေတခု ဖြစ်ကြောင်းလည်း ဒေါက်တာတင့်ဆွေက “၂၀၁၀ ရွေးကောက် ပွဲတုန်းက ရွေးကောက်ခံထားရတဲ့ ဦးကျော်ဆန်းကလည်း သူ့ရဲ့လွှမ်းမိုးမှုတွေ၊ သြဇာအာဏာတွေနဲ့ တည်ဆောက်ထားတယ်လို့ ယုံကြည်ပါတယ်။ သို့သော်လည်း ပုလဲမဲဆန္ဒရှင်တွေဟာ မှန်ကန်တဲ့ နိုင်ငံရေး လမ်းကြောင်းကို ရွေးနိုင်ကြလိမ့်မယ်လို့ ယူဆပါတယ်။ အကြိတ်အနယ် နှစ်ဖက်လုံးက ကြိုးစားကြလိမ့်မယ်လို့ ယူဆတဲ့အတွက် ဒါဟာ အင်မတန်မှ ကြည့်ကောင်းတဲ့ နိုင်ငံရေးပွဲတပွဲ ဖြစ်ပါလိမ့်မယ်” ဟု ပြောသည်။
ဒီဇင်္ဘာ ၂ ရက်နေ့က ကျင်းပခဲ့သည့် စစ်ကိုင်းတိုင်း NLD အစည်းအဝေးတွင် ရွေးကောက်ပွဲ အောင်နိုင်ရေး တိုင်းကော်မတီအား အယောက် ၃၀ ကျော်ဖြင့် ဖွဲ့စည်းခဲ့ကြပြီး မုံရွာခရိုင် အောင်နိုင်ရေး ကော်မတီကို စနေနေ့တွင် ဖွဲ့စည်းကြမည် ဖြစ်သည်။ ပုလဲမြို့နယ်မှာ မုံရွာခရိုင်အတွင်း ပါဝင်သည်။
၂၀၁၂ ဇန်နဝါရီလဆန်းပိုင်းတွင် NLD ကိုယ်စားလှယ်လောင်းများနှင့် ဝင်ရောက်ယှဉ်ပြိုင်မည့် မဲဆန္ဒနယ်များ စာရင်းအား ဗဟိုမှ ထုတ်ပြန်နိုင်ဖွယ်ရှိပြီး ရွေးကောက်ပွဲကိုမူ ဧပြီလဆန်းလောက်တွင်မှသာ ကျင်းပနိုင်ဖွယ်ရှိ
ကြောင်း ဦးအောင်ရှင်က ခန့်မှန်းပြောဆိုသည်။
ကဗျာဆရာတဦးဖြစ်သူ မုံရွာအောင်ရှင်အား ၂၀၀၀ ခုနှစ်တွင် စစ်အစိုးရက ဥပဒေပုဒ်မ သုံးခုဖြင့် တရားစွဲဆိုခဲ့ပြီး
ထောင်ဒဏ် ၂၁ နှစ် ချမှတ်ခဲ့ရာ ထောင်အတွင်း ၉ နှစ်နှင့် ၅ ရက် ကျခံခဲ့ပြီး ၂၀၀၉ စက်တင်ဘာ ၁၈ ရက်တွင် လွတ်ငြိမ်း ချမ်းသာခွင့်ဖြင့် ပြန်လည် လွတ်မြောက်လာခဲ့သည်။