ရွှေညဝါ ဆရာတော်အား ကျောင်းတိုက်မှ ဖယ်ရှားရန် မဟန ညွှန်ကြား

ရွှေညဝါ ဆရာတော်အား ကျောင်းတိုက်မှ ဖယ်ရှားရန် မဟန ညွှန်ကြား
by -
ကျော်ခ

အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့က မန္တလေးတိုင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ၌တရားဟော ခဲ့သော ရွှေညဝါဆရာတော် အရှင် ပညာသီဟကို ၎င်းသီတင်းသုံးနေထိုင်သည့် ကြည့်မြင်တိုင်မြို့နယ် သာဓုပရိယတ္တိကျောင်းတိုက်မှ ဖယ်ရှားရန် နိုင်ငံတော် သံဃာ့မဟာနာယကမှ ဒီဇင်ဘာ ၁၂ ရက် နေ့စွဲဖြင့် ထုတ်ပြန် ညွှန်ကြားလိုက်သည်။

ချင်းမိုင် (မဇ္စျိမ) ။       ။ အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့က မန္တလေးတိုင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ၌ တရားဟောခဲ့သော ရွှေညဝါဆရာတော် အရှင် ပညာသီဟကို ၎င်းသီတင်းသုံးနေထိုင်သည့် ကြည့်မြင်တိုင်မြို့နယ် သာဓုပရိယတ္တိကျောင်းတိုက်မှ ဖယ်ရှားရန် နိုင်ငံတော် သံဃာ့မဟာနာယကမှ ဒီဇင်ဘာ ၁၂ ရက် နေ့စွဲဖြင့် ထုတ်ပြန် ညွှန်ကြားလိုက်သည်။

မန္တလေးတိုင်း NLD ရုံး၌ တရားဟောခဲ့ခြင်းနှင့် စပ်လျဉ်း၍ သာဓုကျောင်းတိုက်မှ ဖယ်ရှားရန်၊ သံဃာ့ အဖွဲ့အစည်း အဆင့်ဆင့်၏ ဆုံးမညွှန်ကြားသည်ကို မနာခံပါက ဒုဗ္ဗစပုဂ္ဂိုလ် (ဆုံးမ၍မရသောသူ) အဖြစ် သတ်မှတ်ရန်အပြင်နိုင်ငံတော်သံဃာ့မဟာ နာယက ၏ ခွင့်ပြုချက်မရပဲ သာဓုပရိယတ္တိ ကျောင်းတိုက် အတွင်း မည်သည့်သင်တန်းမှ ဖွင့်လှစ်ဆောင်ရွက်ခြင်းမပြုရဟု ညွှန်ကြားချက်၌ ပါရှိသည်။
Shwe-Nya-War-Monk
ယင်းညွှန်ကြားချက်ကို ရန်ကုန်တိုင်း သံဃာ့မဟာ နာယကမှတဆင့် သာဓုကျောင်းတိုက်သို့ ဗုဒ္ဓဟူးနေ့ ညနေပိုင်း က ပို့ဆောင်ခဲ့ပြီး ရွှေညဝါ ဆရာတော်အနေဖြင့် ငြိမ်းချမ်းစွာဖြေရှင်းသွားရန် ဆန္ဒရှိနေကြာင်း ဆရာတော်က မိန့်ကြားသည်။

“တိုင်းကနေ စာပို့လာတာ ဟုတ်ပါတယ်။ ဒါနဲ့ပတ်သက်ပြီး ဒီအခြေအနေမှာ ဘာဆုံးဖြတ်မယ်ဆိုတာကို ဦးဇင်း အနေနဲ့ ဘာမှ မပြောချင်သေးပါဘူး။ ဦးဇင်းဘက်ကနေပြီးတော့ ငြိမ်းငြိမ်းချမ်းချမ်းပဲ ဖြေရှင်းဖို့ ဆန္ဒရှိပါတယ်” ဟု အရှင် ပညာသီဟ က မဇ္စျိမ ကို မိန့်ကြားသည်။

ရွှေညဝါဆရာတော်မှာ ယခုနှစ် ဖေဖော်ဝါရီ ၁ဝ ရက်မှစ၍ ၂ဝ၁၂ ဖေဖေါ်ဝါရီ ၁၁ နေ့ထိ တရားမဟောရန် အတွက် ရန်ကုန်တိုင်း သံဃာ့မဟာနာယက အဖွဲ့က ပိတ်ပင်ထားသည်။

သံဃာ့မဟာနာယက၏ ဖိအားပေးမှုကြောင့် ကျောင်းတွင်းဖွင့်လှစ်ထားသည့် သာဓုပရိယတ္တိ စာသင်တိုက် အပါအဝင် ရွှေညဝါ ပညာ့ဗိမာန်တို့ကို လက်ရှိတွင် ပိတ်ထားလိုက်ရသည်။ ယင်းပရိယတ္တိ စာသင်တိုက်တွင် သံဃာတော်ပေါင်း ၅ဝ ခန့် စာဝါချလျက် ရှိသည်။

မြန်မာအတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ နိုဗယ်ငြိမ်းချမ်းရေးဆု ရရှိခြင်း နှစ် ၂ဝ ပြည့် အခမ်းအနားကို ဒီဇင်ဘာလ ၁ဝ ရက်နေ့က ဆရာတော်၏ ကျောင်းတိုက်တွင် ကျင်းပခွင့်ပေးခဲ့ပြီး ဆရာတော် ကိုယ်တိုင် အမှာစကား မြွှတ်ကြားချီးမြှင့်ခဲ့သည်။

ထို့အပြင် NLD ၏ အခြား နိုင်ငံရေးဆိုင်ရာပွဲများ၊ အလှူအတန်း ပြုလုပ်ခွင့်များကိုလည်း ဆရာတော် ကျောင်းတိုက် တွင် ခွင့်ပြုပေးခဲ့သည်။ 

ဆရာတော်မှာ မကြာသေးမီက မြန်မာနိုင်ငံသို့ လာရောက်ခဲ့သည့် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် ခရီးစဉ်အတွင်း ထင်ရှားသည့် လူမှုရေးလုပ်ငန်း လုပ်ဆောင်သူများနှင့် အတူ တွေ့ဆုံဆွေးနွေးမှု များ ပြုလုပ်ခဲ့သေးသည်။

သံဃာ့မဟာနာယက၏ ထုတ်ပြန်ချက်တွင် ပါရှိသည့် ဒုဗ္ဗစပုဂ္ဂိုလ်အဖြစ် သတ်မှတ်ခြင်းမှာ ဆရာတော်အား ယင်းနေရပ်မှ စွန့်၍ အခြားနေရာတွင် ပြောင်းရွှေ့သီတင်းသုံးရန် ဖိအားပေးခြင်းဖြစ်ကြောင်း ထိုင်းနိုင်ငံတွင်ရောက်ရှိနေသည့် ဆရာတော် အရှင်ဇဝနက မိန့်သည်။

ယင်းကဲ့သို့ ပြောင်းရွှေ့ခံရမည်ကို စိုးရိမ်သူ ကျောင်းတိုက်မှ စာသင်သား သံဃာအပါး ၅ဝ ခန့်နှင့် ဒါယကာ၊ ဒါယိကာမများမှာ ကျောင်းတိုက်တွင်း ကြာသပတေးနေ့ နံနက်ပိုင်းကတည်းက စုဝေးရောက်ရှိနေပြီးကျောင်းပြင်ဘက်တွင်လည်း အခြားသော ကျောင်းတိုက်များမှ သံဃာတော်များ၊ သတင်းထောက်များအပြင် အရပ်ဝတ် စစ်ဘက်ထောက်လှမ်းရေး အပါအဝင်  စုစုပေါင်း ဦးရေ ၂ဝဝ ကျော် စောင့်ကြည့်လျက်ရှိသည်။

“ဆရာတော်က ဒီလိုစာရောက်လာတယ်လို့လည်း အကြောင်းကြားလိုက်ရော တပည့်ဒကာတွေက ကျောင်းကို ငိုယိုပြီးတော့ ရောက်လာကြတယ်။ ဆရာတော်ကတော့ စိတ်အေးအေးထားကြဖို့ ငြိမ်းချမ်းစွာ ဖြေရှင်းမယ်လို့
ပြောတယ်” ဟု ဆရာတော်အနီး ရောက်ရှိနေသည့် ဒါယိကာတဦးက မဇ္စျိမကို ပြောသည်။ 

မွန်းလွဲပိုင်းတွင် NLD ခေါင်းဆောင် ဦးတင်ဦးက ရွှေညဝါဆရာတော်အား သွားရောက် လျှောက်တင်စကား ဆိုခဲ့ပြီး အပြင်မှစောင့်ဆိုင်းနေသောသူများအား “အားလုံး ငြိမ်းငြိမ်းချမ်းချမ်း ဖြစ်သွားမှာပါ” ဟု ပြောဆိုခဲ့ကြောင်းကျောင်းတိုက်ရှေ့တွင် ရောက်ရှိနေသည့် သတင်းထောက်များက မဇ္စျိမကို ပြောသည်။

အလားတူ ဆရာတော် အရှင်ပညာသီဟကလည်း ကျောင်းရှေ့တွင်ရောက်ရှိနေကြသည့် လူအုပ်အား “မလိုလား အပ်တဲ့ မြားဦးဘက်ကို လှည့်မသွားအောင် ထောင်ချောက်ထဲကို ရောက်သွားမှာစိုးလို့ အဲဒီလို မဖြစ်အောင် အားလုံး သတိတရားကိုယ်စီနဲ့ ထိန်းသိမ်းပေးကြပါ။ မိမိတို့ နေထိုင်ရာ အိမ်နေရာဌာနကို အားလုံးပြန်သွားကြဖို့မေတ္တာရပ်ခံပါတယ်။ ဒါဟာ ဘုန်းကြီးအကျိုးကို တကယ်လိုလားတဲ့ လူတွေအတွက် ဒီစကားကို အလေးအနက် ထားပြီး နားထောင်ပေးကြပါ” ဟု မေတ္တာရပ်ခံခဲ့သည်။

ပြီးခဲ့သည့် နိုဝင်ဘာလထဲတွင်းက မန္တလေးမြို့၌ နိုင်ငံရေးအကျဉ်းသားများနှင့် အကျဉ်းကျ သံဃာတော်များ လွှတ်ပေးရန် တောင်းဆိုသည့် သံဃာတော်များကိုလည်း မန္တလေးတိုင်း သံဃာ့မဟာနာယကနှင့် အာဏာပိုင်များ ပူးပေါင်း၍ နယ်မြို့များသို့ ပို့ဆောင်ပစ်ခဲ့ဖူးသည်။

တချိန်တည်းမှာပဲ ရွှေညဝါဆရာတော်အား ယခုကဲ့သို့ အပြစ်မဲ့လုပ်ဆောင်နေခြင်းကို ပြည်ပရောက် ရဟန်းတော် များက ကန့်ကွက်လိုက်ပြီး သာသနာနှင့် ပြည်သူဘက်မှ ရပ်တည်မည့် စစ်မှန်သော သံဃာ့ မဟာနာယက အဖွဲ့ကြီးပေါ်ပေါက်စေရန် ကြာသပတေးနေ့တွင် ကြေညာချက် ထုတ်ပြန်လိုက်သည်။

“တကယ်က ဓမ္မစက်ရှေ့ကသွားရမှာ။ အာဏာပိုင်တွေ ခိုင်းတာလိုက်လုပ်နေရတဲ့ ဘဝရောက် နေတယ်။ တဖြေးဖြေး တောရွာအထိ ရောက်အောင် ပို့မှာပေါ့” ဟု ထုတ်ပြန်ချက်အား ဦးဆောင်ပါဝင်သူ အရှင် ဇဝနက မဇ္စျိမကို မိန့်ကြားသည်။

နိုင်ငံတဝန်းရှိ သံဃာတော်များအနေဖြင့် လွတ်လပ်စွာ တရားဟောပြောခွင့်၊ ဒါယိကာ ဒါယကာများ၏ ဖိတ်ကြားမှု အား လက်ခံခွင့်၊ အခြားသော ကျောင်းတိုက်များ၌ သီတင်းသုံးခွင့်များကို အာမခံချက် ပေးနိုင်သည့် သံဃာ့မဟာ နာယက အဖွဲ့ ပေါ်ပေါက်ရန်လည်း ထုတ်ပြန်ချက်မှ တဆင့် တိုက်တွန်းထားသည်။

ယင်းအပြင် ယင်းကဲ့သို့သော သံဃာ့မဟာနာယက အဖွဲ့ကိုလည်း အထက်ပါ အချက်များအား ဖော်ဆောင်ပေးနိုင်သည့် နာယကဆရာတော်များနှင့်သာ ဖွဲ့စည်းရန် ထုတ်ပြန်ချက်တွင် ပါရှိသည်။