ပါတီတည်ထောင်ခွင့် ရပြီဖြစ်သည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD က ပါတီ မှတ်ပုံတင် ပြီးပါက “ဒီလှိုင်း” အမည်ဖြင့်အပတ်စဉ်စာစောင် ကို တနင်္ဂလာနေ့တိုင်း ဖြန့်ဝေသွားရန် စီစဉ်နေ သည်ဟု အယ်ဒီတာများထံမှ သိရသည်။
ချင်းမိုင် (မဇ္ဈိမ) ။ ။ ပါတီတည်ထောင်ခွင့် ရပြီဖြစ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD က ပါတီ မှတ်ပုံတင် ပြီးပါက “ဒီလှိုင်း” အမည်ဖြင့် အပတ်စဉ်စာစောင်ကို တနင်္ဂလာနေ့တိုင်း ဖြန့်ဝေသွားရန် စီစဉ်နေသည်ဟု အယ်ဒီတာများထံမှ သိရသည်။
ယင်းစာစောင်ကို သတင်းစာဆရာကြီး ဦးဝင်းတင်နှင့် စာရေးဆရာ မောင်မိုးသူက နာယကအဖြစ် တာဝန် ယူမည်ဖြစ်ကာ ဦးအုန်းကြိုင်၊ မုံရွာအောင်ရှင်၊ ဖျာပုံနီလုံဦး၊ ငြိမ်းသစ်နှင့် နီမိုလှိုင်တို့က အယ်ဒီတာအဖွဲ့ဝင်များ အဖြစ် ပါဝင် မည် ဖြစ်သည်။
“စာစောင်နာမည်ကတော့ ဒီလှိုင်းပေါ့၊ ဒီမိုကရေစီလှိုင်းများ ဆိုတာကို ကိုယ်စားပြုတဲ့ ဒီလှိုင်းလို့ နာမည် ပေးထား တာပေါ့။ အဲဒါကို ထုတ်ဝေခွင့်ရတာနဲ့ ကျနော်တို့ လုပ်မယ်၊ သတင်းစာဆရာတွေကလည်း ဝိုင်းရေးကြလိမ့်မယ်။”ဟု စာစောင်ကို တာဝန်ယူမည့် အယ်ဒီတာတဦးဖြစ်သူ ကိုငြိမ်းသစ်က မဇ္စျိမကို ပြောသည်။
ပထမဆုံး ထုတ်ဝေမည့် ပါတီစာစောင်တွင် ပါတီ၏ မူဝါဒနှင့် လှုပ်ရှားမှုများ၊ နှစ် ၂ဝ အတွင်းလုပ်ဆောင်ခဲ့ သည့်ဆောင်ရွက်မှုများ၊ ပါတီကိုယ်စားပြု ရွေးကောက်ပွဲဝင်မည့်လွှတ်တော်ကိုယ်စားလှယ် လောင်းများ အကြောင်းနှင့်ပြင်ပနိုင်ငံရေးပညာရှင်များ၏ သုံးသပ်ချက်များ ပါဝင်မည်ဟု သိရသည်။
တရားဝင် တည်ထောင်ခွင့်ရပါတီများအနေဖြင့် ပါတီစာစောင်အား စာပေစိစစ်ရေးသို့ တင်ပြရန်မလိုဘဲ ထုတ်ဝေခွင့် ရှိသည်။ သို့သော် ထုတ်ဝေခွင့်အတွက်ကိုမူ စာပေစိစစ်ရေးသို့ မှတ်ပုံတင်ကြေး ကျပ်တသိန်းနှင့် အာမခံကြေး ငါးသိန်း ပေးသွင်း လျှောက်ထားရမည် ဖြစ်သည်။
ယင်းကဲ့သို့ အာမခံကြေးတင်ရခြင်းနှင့် ပတ်သက်၍ “ကျနော်တို့မှာ ရေးတဲ့အရေးအသားတွေက ပုဂ္ဂိုလ်ရေး တိုက်ခိုက်မှု လွန်လွန်ကျွံကျွံဖြစ်လာရင် အဲဒီငါးသိန်းထဲက ဖြတ်မယ့်သဘောပါ။” ဟု မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေး ပါတီ - PDP ဥက္ကဋ္ဌ ဦးနေမျိုးဝေက မဇ္စျိမကို ပြောသည်။ PDP ပါတီမှာ ဒိုင်ဗားစတီး - Diversity အမည်ဖြင့် လစဉ် ပါတီစာစောင် ထုတ်ဝေလျက်သည်။
ရွေးကောက်ပွဲဝင် ပါတီတခုဖြစ်သည့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ - SNLD ကလည်း ယခုနှစ် ဇွန်လ အတွင်းက ပါတီအာဘော် အပတ်စဉ်ထုတ် ဂျာနယ် ထုတ်ဝေရန်အတွက် စီစဉ်ခဲ့သေးသည်။
NLD မှာ ပါတီသစ်တည်ထောင်ခွင့်ပြုရန် ဦးတင်ဦး၊ ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းတင်အပါအဝင် တည်ထောင်သူ ၂၁ ဦးဖြင့် နိုဝင်ဘာလ ၂၄ ရက်နေ့က ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သို့ လျှောက်ထားခဲ့ခြင်း ဖြစ်သည်။ ယင်းလျှောက်ထားမှုကို အင်္ဂါနေ့တွင် ခွင့်ပြုလိုက်ကြောင်း ပါတီပြောခွင့်ရ ပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက အတည်ပြု ပြော ဆိုသည်။
ယခုအခါ တရားဝင် တည်ထောင်ခွင့်ရပြီ ဖြစ်သည့်အတွက် ခေါင်းဆောင်နှစ်ဦးရွေးချယ်ကာ ကော်မရှင်သို့ လာမည့် အပတ်အတွင်း သွားရောက်လျှောက်ထားမည်ဟု ပါတီပြောခွင့်ရ ရှေ့နေကြီး ဦးဉာဏ်ဝင်းက မဇ္စျိမကို ပြောသည်။
NLD သည် ပါတီအမှတ်အသားအဖြစ် အနီရောင်အောက်ခံတွင် အဖြူရောင်ကြယ်၊ ရွှေရောင်ခွပ်ဒေါင်းပုံနှင့် အဖြူရောင်ဖြင့် ရေးသားထားသည့် “အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်” စာတန်းကို အောက်ခြေ တွင်ရေးထိုး ထား သည့် အမှတ်တံဆိပ်ကို အသုံးပြုသွားမည် ဟုသိရသည်။