ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ဌာနချုပ်ရှိရာ လိုင်ဇာမြို့ရှိ စစ်ပြေးဒုက္ခသည်များအတွက်ကမ္ဘာ့ ကုလသမဂ္ဂ ဒုက္ခသည် များဆိုင်ရာ မဟာ မင်းကြီးရုံး UNHCR နှင့် ကမ္ဘာ့ကုလသမဂ္ဂ ကလေးများဆိုင်ရာ ရန်ပုံငွေအဖွဲ့ UNICEF က ပထမဆုံး အကြိမ် လှူဒါန်းသော ပစ္စည်းများကို လက်ခံသော်လည်း အစိုးရဘက်မှ လှူဒါန်း ပစ္စည်းများကို လက်မခံကြောင်း KIO အရာရှိ တဦးက ပြောသည်။
ချင်းမိုင်(မဇ္စျိမ) ။ ။ ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ဌာနချုပ်ရှိရာ လိုင်ဇာမြို့ရှိ စစ်ပြေးဒုက္ခသည်များ အတွက် ကမ္ဘာ့ကုလသမဂ္ဂ ဒုက္ခသည် များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR နှင့် ကမ္ဘာ့ကုလသမဂ္ဂကလေး များဆိုင်ရာ ရန်ပုံငွေအဖွဲ့ UNICEF က ပထမဆုံး အကြိမ် လှူဒါန်းသော ပစ္စည်းများကိုလက်ခံသော် လည်း အစိုးရဘက်မှ လှူဒါန်း ပစ္စည်းများကို လက်မခံကြောင်း KIO အရာရှိ တဦးက ပြောသည်။
UNICEF မှ စုစုပေါင်း အိမ်တွင်းသုံး ကယ်ဆယ်ရေးပစ္စည်းအစုံ ၈ဝဝ ကို လက်ခံသော်လည်း ကချင်ပြည်နယ် ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဦးစီးဌာနမှ ကယ်ဆယ်ရေးပစ္စည်းအစုံ ၁,ဝဝဝ၊ ပြည်နယ်အမတ် ဦးသိန်းဇော်က ဆန်အိတ် ၃ဝဝနှင့် အနွေးထည် ၁,ဝဝဝ ၊ ကချင်ပြည်နယ် ကြက်ခြေနီအသင်းမှအိမ်တွင်းသုံး ပစ္စည်း အစုံ ၄ဝဝ တို့ကိုမူ KIO ဘက်က လက်မခံခဲ့ခြင်း ဖြစ်သည်။
“လက်ခံလို့ မရဘူးလေ။ အစိုးရက ထိုးစစ်တွေ ဆင်နေတဲ့အချိန်၊ သူတို့အစိုးရဘက်က သူတို့ကူညီတာ လက်ခံတယ် ဆိုရင် တဖက်မှာ သတ်၊ တဘက်မှာ ထမင်းကျွေးဆိုတဲ့ အဓိပ္ပါယ်ဖြစ်နေတယ်။ ဒါကြောင့် ကျနော်တို့ ဒီအချိန်မှာ လက်မခံနိုင်ဘူး”ဟု KIO စစ်ပြေးဒုက္ခသည် ကူညီရေးကော်မတီ တာဝန်ခံဦးဒွဲပီ ဆားက ပြောသည်။
ကုလသမဂ္ဂမှ လှူဒါန်းသည့်ပစ္စည်းများကိုမူ လက်ခံလိုက်ကြောင်း “အခု လောလောဆယ်က အိမ်ထောင်စု ၈ဝဝ ဖို့ အိမ်တွင်းသုံး အိုးခွက်ပန်းကန်၊ ဇွန်းကအစ၊ ခြင်ထောင်၊ မိုးကာတွေ ပါတယ်လို့ ပြောတယ်။ အဲဒါကိုတော့ လက်ခံ လိုက်တယ်”ဟု သူက ဆက်ပြောသည်။
ရန်ကုန်မြို့ရှိ UNICEF မှ ဝန်ထမ်း ဦးမြတ်သာ၊ ဦးညီလင်းထက်၊ UNHCR မှ ဦးဂျိုးဇက်နှင့် UNOCHA မှ ဦးမိုးအောင် တို့ ၄ ဦးတို့က ယမန်နေ့ ညနေပိုင်းက လှူဒါန်းမည့်ပစ္စည်းများတင်ဆောင်လာသော ကား ၈ စီးနှင့်အတူ လိုင်ဇာမြို့ရှိ စစ်ပြေးဒုက္ခသည်များအတွက် သွားရောက်လှူဒါန်းကြခြင်းဖြစ်ကြောင်း ရန်ကုန်မြို့ရှိ ကုလသမဂ္ဂရုံးမှ ပြောရေးဆိုခွင့် ရှိသူ ဦးအေးဝင်း က မဇ္စျိမကို ပြောသည်။
“ကျနော်တို့ သိသလောက် အထောက်အပ့ံ supply တွေ တော်တော်နည်းနေတယ်လို့ ကြားတယ်။ ဆောင်းရာသီ လည်း ဝင်နေပြီ ဆိုတော့ ပိုပြီးတော့ ဂရုစိုက်ပြီးတော့ ပေးရမယ့် အခြေအနေရှိပါတယ်။ ကျနော်တို့လည်း သက်ဆိုင်ရာ အလှူရှင် နိုင်ငံတွေကို အကူအညီတောင်းနေပါတယ်။ အခုဒီလိုစပြီး သွားနိုင်ပြီဆိုကတည်းကလေ ကျနော်တို့ ထပ်ပြီးတော့ လက်လှမ်းမီနိုင်အောင် ကြိုးစားသွားဦးမှာပါ”ဟု ပြောသည်။
ပထမဆုံးလာရောက်၍ စစ်ဆေးခြင်းဖြစ်၍ စစ်ပြေးဒုက္ခသည်များအတွက် လုံလောက်ခြင်းမရှိသော်လည်း လက်ရှိ လိုင်ဇာမြို့အနီးတဝိုက် ရှိနေသော ဒုက္ခသည်စခန်း ၆ ခုတွင် စစ်ပြေးဒုက္ခသည် အိမ်ထောင်စုပေါင်း ၁၄ဝဝဝ ကျော် ရှိသည်။
KIO ထိန်းချုပ်သော နယ်မြေအတွင်း စစ်ပြေးဒုက္ခသည်စခန်းပေါင်း ၂၂ ခုရှိပြီး လူဦးရေ ၄၆ဝဝဝ ရှိနေပြီဟု ဒုက္ခသည် ကူညီရေး ကော်မတီက ခန့်မှန်းသည်။
စစ်ပြေးဒုက္ခသည်များအတွက် ကုလသမဂ္ဂမှ အကူအညီပေးခြင်းကို လက်ခံ ကြိုဆိုကြောင်းနှင့် ဆက်လက် အကူအညီပေးရန် KIO အရပ်ဘက်အရာရှိ ဦးဒွဲပီဆားက ပြောသည်။
“ကျနော်တို့ ဒုက္ခရောက်နေတဲ့အတွက် စစ်က ဘယ်တော့ ပြီးဆုံးမယ်ဆိုတာ မသိသေးဘူး။ ဒါပေမယ့် ကျနော်တို့ပြည်သူတွေဘက်ကနေ စစ်ပြေးဒုက္ခရောက်နေတဲ့အချိန် ဒီလိုကူညီတယ်ဆိုတာ ကြိုဆိုပါတယ်။ ပြည်သူတွေလည်း ဝမ်းသာမယ်လို့ ယုံကြည်ပါတယ်”ဟု ပြောသည်။
ကုလသမဂ္ဂမှ လာရောက်လှူဒါန်းသည့် ကိုယ်စားလှယ်များသည် စစ်ပြေး ဒုက္ခသည်စခန်းများသို့ လိုက်လံ ကြည့်ရှုခဲ့ပြီး ဗုဒ္ဓဟူးနေ့တွင် လိုင်ဇာမြို့မှ ပြန်လည် ထွက်ခွာကြမည် ဖြစ်သည်။
ဒုက္ခသည် ၁၄,၀၀၀ ကျော်အတွက် ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ်များကလည်း ပထမဆုံးအကြိမ် ကျပ်သိန်း ရ၀၀ ကို တနင်္လာနေ့က ပြည်နယ်ဝန်ကြီးချုပ် ဦးလဂျွန်ငံဆိုင်းထံ ပေးအပ်ခဲ့သည်။
မြန်မာအစိုးရနှင့် KIO အကြား ပြီးခဲ့သည့် ဇွန်လမှ စတင်တိုက်ပွဲဖြစ်ပွားခဲ့ရာ ၆ လကြာသည်အထိ အစိုးရက ပြည်ပ အကူအညီနှင့် ပြည်တွင်းမှ အစိုးရမဟုတ်သော NGO များ အကူအညီထောက်ပ့ံမှုကို ပိတ်ပင်ခဲ့ရာမှ ပထမဆုံး အကြိမ်အဖြစ် ကုလသမဂ္ဂမှ သွားရောက် လှူဒါန်းခြင်း ဖြစ်သည်။
ကချင်ပြည်နယ်အတွင်း ထိုးစစ်ဆင်မှု ရပ်ဆိုင်းရန် သမ္မတ ဦးသိန်းစိန်က ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်ထံ စနေနေ့က ညွန်ကြားထားသော်လည်း အင်္ဂါနေ့ ညနေ ၃ နာရီချိန်တွင် KIA တပ်မဟာ ၃ လက်အောက် တပ်ရင်း ၁၅ နယ်မြေအတွင်း တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေသည်ဟု KIO က ပြောသည်။