အိန္ဒိယ လေ့လာရေးခရီး ပါတီများ ရေရေရာရာ မသိသေး

အိန္ဒိယ လေ့လာရေးခရီး ပါတီများ ရေရေရာရာ မသိသေး
by -
ကိုပေါက်

ဒီဇင်္ဘာ ၁၁ ရက်နေ့တွင် စတင်မည့်ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း ခေါင်းဆောင် သည့် မြန်မာလွှတ်တော်မှ ကိုယ်စားလှယ်များ၏ အိန္ဒိယနိုင်ငံ လေ့လာရေးခရီးစဉ်အား ပါတီ အများစုထံ ယနေ့တိုင်တရားဝင် အကြောင်းကြား ခြင်း မရှိသေးကြောင်း ပါတီများက ပြောသည်။

နယူးဒေလီ (မဇ္ဈိမ)။              ။ ဒီဇင်္ဘာ ၁၁ ရက်နေ့တွင် စတင်မည့် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း ခေါင်းဆောင်သည့် မြန်မာလွှတ်တော်မှ ကိုယ်စားလှယ်များ၏ အိန္ဒိယနိုင်ငံ လေ့လာရေးခရီးစဉ်အား ပါတီအများစုထံ ယနေ့တိုင် တရားဝင်အကြောင်းကြားခြင်း မရှိသေးကြောင်း ပါတီများက ပြောသည်။
Shwe-Mann-at-perliment-august-22-2011
လွှတ်တော်ကိုယ်စားလှယ် ၂၀ ဦး အပါအဝင် မြန်မာလွှတ်တော်မှ ၂၆ ဦးပါ လေ့လာရေးအဖွဲ့တခု အိန္ဒိယနိုင်ငံသို့ သွားရောက်လည်ပတ်မည့်အကြောင်း တဆင့်စကားသာ ကြားသိရသေးသော်လည်း တရားဝင် ဖိတ်ကြားထားခြင်း မခံရသေးကြောင်း ရခိုင်တိုင်းရင်းသား တိုးတက်ရေးပါတီ RNDP ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က ပြောသည်။

“ကျနော်လည်း တဆင့်ခံပဲ ကြားနေရပါတယ်။ အတိအကျတော့ မသိပါဘူး။ အမျိုးသားလွှတ်တော်က တော့ မပါဘူးဗျ။ ပြည်သူ့လွှတ်တော်ကလည်း ကျနော်တို့ပါတီကတော့ မကြားဘူး” ဟု ပြောသည်။

လွှတ်တော်နှစ်ရပ်တွင် ဒုတိယ အင်အားအကြီးဆုံး ပါတီဖြစ်သည့် တိုင်းရင်းသားစည်းလုံးညီညွတ် ရေးပါတီ (တစည) ကလည်း ဤခရီးစဉ်နှင့်ပတ်သက်၍ မကြားသိရသေးကြောင်း ပါတီဗဟိုကော်မတီဝင် ဦးဟန်ရွှေက ပြောသည်။

“ကျနော်တော့ မကြားပါဘူး။ ကျနော်တို့လွှတ်တော်ကိုယ်စားလှယ်တွေလည်း လွှတ်တော်ကပြန်လာတဲ့ အခါ ဒီအကြောင်းနဲ့ပတ်သက်လို့ ပြောတာဆိုတာ မရှိပါဘူး” ဟု ပြောသည်။ကမ္ဘောဒီယား နိုင်ငံတွင် စက်တင်္ဘာလအတွင်းက ကျင်းပခဲ့သည့် အာဆီယံလွှတ်တော်ကိုယ်စား လှယ်များညီလာခံသို့ တစည ပါတီမှ ဦးမန်းမောင်မောင်မြင့် လိုက်ပါခဲ့ဖူး။

အမျိုးသားဒီမိုကရေစီအင်အားစု NDF နှင့် အမျိုးသားဒီမိုကရေစီ ပါတီသစ်တို့မှ လွှတ်တော်ကိုယ်စား လှယ်များလည်း ခရီးစဉ်ကိစ္စ ရေရေရာရာ မသိကြရသေးပေ။

“သွားမယ်လို့ပဲ သတင်းကြာတာပါ။ ကျနော်တို့ပါတီက ဘယ်သူမှ မပါဘူးဗျ။ အကြောင်းမကြား သေးပါဘူး။ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီကတော့ ဦးဆောင်လိမ့်မယ်။ တိုင်းရင်းသားထဲကတော့ ပါမလား မသိဘူး” ဟု NDF ပုဇွန်တောင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဇင်က ပြောသည်။

ပြီးခဲ့သည့် လွှတ်တော်အစည်းအဝေးတွင်လည်း ဤခရီးစဉ်နှင့်ပတ်သက်၍ လွှတ်တော်ဥက္ကဋ္ဌက လွှတ်တော်အား တရားဝင်အသိပေးခဲ့ခြင်းမရှိကြောင်း ရှမ်းအမျိုးသား ဒီမိုကရက်တစ်ပါတီ SNDP မှ ကွန်းဟိန်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းနုဝါက “ဦးရွှေမန်း သွားမယ်ဆိုတာပဲ သိတယ်။ ဘယ်နှစ်ယောက်ပါမယ်၊ ဘာကိစ္စသွားမယ်ဆိုတာ မသိဘူးရှင့်။ တရားဝင်လွှတ်တော်အစည်းအဝေး မှာလည်း ပြောတာမရှိပါဘူး” ဟု ပြောသည်။

အဆိုပါခရီးစဉ်တွင် ဦးရွှေမန်း ခေါင်းဆောင်သည့် မြန်မာကိုယ်စားလှယ်များအနေဖြင့် အိန္ဒိယ သမ္မတ မစ္စပရာဘာပတေး Pratibha Patil ၊ ဒုသမ္မတ ဟာမစ်အန်ဆာရီ Hamid Ansari ၊ ၀န်ကြီးချုပ် မန်မို ဟန်ဆင်း Manmohan Singh ၊ အာဏာရ ညွှန့်ပေါင်းအဖွဲ့ဥက္ကဋ္ဌ မစ္စက် ဆိုနီယာဂန္ဓီ Sonia Gandhi အပြင် အတိုက်အခံခေါင်းဆောင်များဖြစ်ကြသည့် အောက်လွှတ်တော်မှ Sushma Swaraj နှင့်အထက် လွှတ်တော်မှ Arun Jaitley တို့နှင့်ပါ တွေ့ဆုံမည်ဖြစ်သည်။

ထို့ပြင် ပါလီမန် အမတ်သစ်များအတွက် ရည်ရွယ်ဖွင့်လှစ်ထားသည့် အိန္ဒိယပါလီမန်လေ့လာရေးနှင့်သင် တန်းဗျူရို BPST သို့လည်း သွားရောက်လေ့လာကြမည်ဖြစ်ပြီး ခရီးစဉ်မှာ ဒီဇင်္ဘာလ ၁၁ ရက်နေ့မှ ၁၇ ရက်နေ့အထိ ကြာမြင့်မည်ဖြစ်ကြောင်း အိန္ဒိယ PTI သတင်းဌာနတွင် ရေးသားဖော်ပြထားသည်။

သမ္မတ ဦးသိန်းစိန် ခေါင်းဆောင်သည့် အစိုးရသစ်လက်ထက်တွင် အိန္ဒိယနိုင်ငံသို့စက်တင်္ဘာလအတွင်း က ကုန်သွယ်ရေးဝန်ကြီး ဦးဝင်းမြင့် လာရောက်ခဲ့ကာ အောက်တိုဘာလလယ်တွင် သမ္မတ ဦးသိန်းစိန်က ၀န်ကြီး ၁၃ ဦးအား ဦးဆောင်ကာ လေးရက်ကြာ လာရောက်ခဲ့သေးသည်။

ယခု လာရောက်မည့် သူရဦးရွှေမန်းမှာ ၂၀၀၈ အခြေခံဥပဒေပါ အာဏာပိုင်အဖွဲ့အစည်းတခုဖြစ်သည့် အမျိုးသားကာကွယ်ရေးနှင့် လုံခြံုရေးကောင်စီ အဖွဲ့ဝင်တဦးလည်း ဖြစ်သည်။

နိုဝင်္ဘာ ၂၉ ရက်နေ့က ပြည်သူ့လွှတ်တော် နိုင်ငံခြားရေးရာ ကော်မတီဥက္ကဋ္ဌ ဦးလှမြင့်ခေါင်းဆောင် သည့် ကိုယ်စားလှယ်အဖွဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ထွက်ခွါသွားပြီး အဖွဲ့ဝင်အဖြစ် RNDP မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းအောင်ကျော်လည်း လိုက်ပါသွားကြောင်း သိရသည်။