မြန်မာနှင့် မြောက်ကိုရီးယားနိုင်ငံအကြား ထားရှိ သည့် စစ်ရေးဆက်ဆံမှုကို ဖြတ်တောက် သွားမည်ဟု မြန်မာအစိုးရ၏ တုံ့ပြန်မှုအပေါ် ကြိုဆိုကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် က ပြောဆိုလိုက်သည်။
နယူးဒေလီ (မဇ္စျိမ) ။ ။ မြန်မာနှင့် မြောက်ကိုရီးယားနိုင်ငံအကြား ထားရှိသည့် စစ်ရေးဆက်ဆံမှုကို ဖြတ်တောက် သွားမည်ဟု မြန်မာအစိုးရ၏ တုံ့ပြန်မှုအပေါ် ကြိုဆိုကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် က ပြောဆိုလိုက်သည်။
ကလင်တန်၏ မြန်မာပြည်ခရီးစဉ်အတွင်း မြန်မာအစိုးရ သမ္မတ ဦးသိန်းစိန်အပါအဝင် အစိုးရအဖွဲ့များနှင့် ဒီဇင်ဘာလ ၁ ရက်နေ့က တွေ့ဆုံမှုအပြီး နေပြည်တော် သင်္ဂဟဟိုယ်တွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲ၌ ပြောဆိုခဲ့ခြင်း
ဖြစ်သည်။
“ကုလသမဂ္ဂ လုံခြံုရေးကောင်စီ ဆုံးဖြတ်ချက်အမှတ် ၁၇၁၈ နဲ့ ၁၈၇၄ တို့ကို အစိုးရအနေနဲ့ အကောင် အထည်ဖော်ဖို့ ကျမတို့ မျှော်လင့်ပါတယ်။ အစိုးရအနေနဲ့ မြောက်ကိုရီးယားနဲ့ စစ်ရေးဆက်ဆံမှုကို ဖြတ်တောက်ဖို့ ဆုံးဖြတ်တဲ့ အပေါ် ကျမတို့ ကြိုဆိုထောက်ခံပါတယ်” ဟု မစ္စစ် ဟီလာရီကလင်တန်က ပြောသည်။
ကုလလုံခြံုရေးကောင်စီဆုံးဖြတ်ချက် ၁၇၁၈ နှင့် ၁၈၇၄ မှာ မြောက်ကိုရီးယားနိုင်ငံမှ ထုတ်လုပ်သည့် စစ်လက်နက် ပစ္စည်းများအား အခြားကမ္ဘာ့နိုင်ငံများမှ ဝယ်ယူခွင့် မပြုရန် ဖြစ်သည်။
ကလင်တန်မှာ နှစ်ပေါင်း ၅ဝ ကျော်အတွင်း မြန်မာနိုင်ငံသို့ ရောက်ရှိလာသည့် ကန်နိုင်ငံခြားရေး ဝန်ကြီးဖြစ်ကာ ဒီဇင်ဘာလ ၁ ရက် အစိုးရအဖွဲ့နှင့်တွေ့ဆုံခဲ့ရာတွင် သမ္မတအပါအဝင် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရရွှေမန်း၊ပြည်ထောင်စုလွှတ်တော် နာယက ဦးခင်အောင်မြင့်အပါအဝင် လွှတ်တော်ကိုယ်စား လှယ်များနှင့်လည်း တွေ့ဆုံခဲ့ သည်။
မြန်မာနိုင်ငံအနေဖြင့် အမေရိကန်နှင့် ဆက်ဆံရေး တိုးမြှင့်လိုပါကလည်း နျူကလီးယားလက်နက် မပြန့်ပွားမှု ဆန့်ကျင်ရေး နိုင်ငံတကာ သဘောတူညီချက်များအား လိုက်နာနိုင်မှသာလျှင် အဆင်ပြေနိုင်မည်ဟုလည်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက သတိပေးထားသည်။
ကန်နိုင်ငံခြားရေး ဝန်ကြီး၏ မြန်မာပြည်ခရီးစဉ်မှာ မြန်မာနှင့် မြောက်ကိုရီးယားကြား လျှို့ဝှက်ဆက်ဆံမှုနှင့် ဒုံးလက်နက် နည်းပညာ ကိစ္စတို့အား အဓိကထား ဆွေးနွေးသွားမည်ဟုလည်း နိုဝင်ဘာလ ၂၉ ရက်က တောင်ကိုရီးယား နိုင်ငံ ဘူဆန်တွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် အမေရိကန်နိုင်ငံခြားရေး ဝန်ကြီး အကြီးအရာရှိတဦးက ပြောဆိုခဲ့သေးသည်။
“ဆုံးဖြတ်ချက်တွေ ဘယ်လိုချတယ်ဆိုတာက မြန်မာနိုင်ငံမှာ သိရဖို့က ခက်ခဲတယ်။ ရှင်တို့သိတဲ့အတိုင်း ကျမ အရင်က ပြောခဲ့သလို အာရှမှာရှိတဲ့ နိုင်ငံနှစ်နိုင်ငံကတော့ ဆုံးဖြတ်ချက်တွေ၊ နောက်ကွယ်က ကျိတ်ပုန်းခုတ်နေ တာမျိုးတွေ ဘယ်လိုချတယ်ဆိုတာ ကျမတို့ သိရခဲ့ဆုံးပဲ။ မြန်မာနဲ့မြောက်ကိုရီးယား လိုမျိုးပေါ့။ အဓိက ကတော့ ဒုံးလက်နက် နည်းပညာကိစ္စပါပဲ” ဟု ယင်းအရာရှိက ဆိုထားသည်။
မြန်မာနိုင်ငံမှာ မြောက်ကိုရီးယားနှင့် စစ်ရေးအရ ဆက်ဆံမှုများ ရှိခဲ့သည်မှာ မှန်ကန်သော်လည်း နျူကလီးယား လက်နက် ကိစ္စတွင်မူ ပါဝင်ပတ်သက်ခဲ့ခြင်း မရှိကြောင်း ယခင်စစ်အစိုးရတတိယခေါင်း ဆောင် ဖြစ်ခဲ့သူ သူရဦးရွှေမန်းက ငြင်းဆိုခဲ့သည်။
“တချို့စွပ်စွဲတာကတော့ နျူးကလီးယားကိစ္စ အပါအဝင်မိမိသွားပြီးတော့ လက်မှတ်ထိုးခဲ့တယ် လို့ပြောတယ်။ မဟုတ်ပါဘူး။ နျူကလီးယားကိစ္စဆိုတာ အင်မတန်မှ ကြီးမားတဲ့ကိစ္စပါ။ ဒီကိစ္စ မိမိ လတ်မှတ်ထိုးလို့လည်း ရနိုင်တဲ့ အနေအထားမဟုတ်ပါဘူး” ဟု ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌလည်းဖြစ်သူ သူရဦးရွှေမန်းက ဒီဇင်ဘာလ ၁ ရက်နေ့ကပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် မီဒီယာများသို့ ပြောဆိုခဲ့သည်။
သို့သော် မြန်မာ့ တပ်မတော်စွမ်းရည်မြင့်တင်ရေးအတွက် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရန် သဘောတူ လက်မှတ်ရေးထိုးခဲ့ပြီး လေကြောင်းရန် ကာကွယ်ရေးလက်နက်စက်ရုံ၊ လေယာဉ်နှင့်သင်္ဘောကိစ္စရပ် များကိုလည်း လေ့လာမှုပြုခဲ့သည်။
“အမေရိကန်နိုင်ငံမှာ မိမိတို့ သိထားတာထက် လွန်ကဲသော ထောက်လှမ်းရေးစနစ်ရှိပါတယ်။ လူပုဂ္ဂိုလ်တင် မကဘူး။ နည်းပညာထောက်လှမ်းရေးတွေရှိပါတယ်။ ဟိုတုန်းက မိမိ ဗိုလ်ချုပ်ကြီးတယောက်အနေနဲ့ အဲနိုင်ငံ သွားတဲ့အခါမှာ မိမိသွားတဲ့အကြောင်းလဲ သူသိနေမှာပဲ။ မိမိဘာတွေလုပ်နေတယ်ဆိုတာလဲ သိနေမှာပဲ” ဟု ယခင်စစ်အစိုးရ တတိယခေါင်းဆောင်က မီဒီယာများကို ထုတ်ဖော်ခဲ့သည်။
ယခုကဲ့သို့ မြောက်ကိုရီးယားနှင့် စစ်ရေးဆက်ဆံမှု ဖြတ်တောက်မည်ဟု ပြောဆိုနေချိန်မှာပင် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်မှာ တရုတ်နိုင်ငံသို့ ရောက်ရှိနေပြီး ကာကွယ်ရေး ပူးပေါင်းဆောင် ရွက်မှု ဆိုင်ရာ နားလည်မှု စာချွန်လွှာကို သဘောတူ လက်မှတ်ရေးထိုးခဲ့ကြောင်း နိုဝင်ဘာလ ၃ဝ ထုတ် မြန်မာ့အလင်း သတင်းစာတွင် ပါရှိသည်။
တရုတ်ပြည်ခရီးစဉ်အတွင်း တပ်မတော်နှစ်ရပ်ကြား ချစ်ကြည်ရင်းနှီးမှု ခိုင်မာရေးနှင့် ဒေသတွင်း လုံခြံုရေး ခြိမ်းခြောက်မှု ဆိုင်ရာ ကိစ္စရပ်များကိုလည်း အပြန်အလှန်ဆွေးနွေးခဲ့သည်။
ယင်းအပြင် ဒုကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး စိုးဝင်းမှာလည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ သွားရောက်ခဲ့ကာ တပ်မတော်နှစ်ရပ် ချစ်ကြည်မှုတိုးမြှင့်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးကိစ္စများကို အဓိကထား ဆွေးနွေးခဲ့ကြောင်း သိရသည်။
ကလင်တန်၏ မြန်မာပြည်ခရီးစဉ်အတွင်း မြန်မာအစိုးရအာဏာပိုင်များနှင့် နှစ်နိုင်ငံ သံတမန်တိုးမြှင့်ရေး၊ လူကုန်ကူးမှု တိုက်ဖျက်ရေး၊ တိုင်းရင်းသားဒေသ ငြိမ်းချမ်းရေး၊ မြေမြှုပ်မိုင်းဖော်ထုတ်ရေး၊ ပညာရေးနှင့် အသေးစား ငွေချေး လုပ်ငန်းများတွင် အမေရိကန်ဘက်မှ ကူညီရန် ကိစ္စများ ဆွေးနွေးခဲ့သည်။
ယင်းအပြင် မြန်မာနိုင်ငံသို့ လူ့အခွင့်အရေးအဖွဲ့များ ဝင်ရောက်ခွင့်ပြုရန်၊ နိုင်ငံရေး အကျဉ်းသား လွှတ်ပေးရေး ကိစ္စနှင့် လွတ်လပ်မျှတသည့် ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပပေးရေးကိစ္စတို့ကိုလည်း ထည့်သွင်း ဆွေးနွေးခဲ့သည်။
“နိုင်ငံရေးအကျဉ်းသားများ စေလွှတ်ပေးဖို့ ကိစ္စ ဒီလို တိုက်တွန်းပါတယ်။ တိုက်တွန်းတဲ့အခါမှာ မိမိဘက်က ဖြေတာ ကတော့ တိုင်းရင်းသားများ ပြန်လည် စည်းလုံးညီညွှတ်ရေးနဲ့ နိုင်ငံသားများအားလုံး ပါဝင် ဆောင်ရွက် နိုင်ရေး အတွက် နိုင်ငံတော် တည်ဆောက်တဲ့နေရာမှာ ပါဝင်နိုင်ရေးအတွက်သူတိုက်တွန်းသွား တဲ့ကိစ္စ မိမိတို့ဘက်က အစွမ်းကုန် ဆောင်ရွက်ပေးမယ်ဆိုပြီးတော့ကတိပြုလိုက်ပါ တယ်”ဟုပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ သူရရွှေမန်းက သတင်းစာ ရှင်းလင်းပွဲတွင် တရားဝင် ပြောဆိုခဲ့သည်။
သို့သော် ပြည်ထောင်စုလွှတ်တော် နာယက ဦးခင်အောင်မြင့်ကမူ သန့်ရှင်းမျှသည့် ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပပေးရန်မှာ မဖြစ်နိုင်စရာ အကြောင်းမရှိသော်လည်း နိုင်ငံရေး အကျဉ်းသားများမှာမူ အချိန်တန်ပါက သူ့ဟာသူ ထွက်သွားမည် ဖြစ်ကြောင်း လွှတ်တော်အမတ်များကို ပြောဆိုခဲ့သည်ဟု သိရသည်။
ယင်းကဲ့သို့ ပြောဆိုမှုမှာ ဒီဇင်ဘာလ ၁ ရက် နေ့လယ် ၁၂ နာရီခွဲတွင် မစ္စစ်ကလင်တန်နှင့် တွေ့ဆုံမှုအပြီးတွင် ပြောဆိုခဲ့ခြင်း ဖြစ်ကာ ယင်းအပါအဝင် လွှတ်တော်ကိုယ်စားလှယ် ၃၄ ဦး တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။
“သူ ( ကလင်တန်) အကြံပြုတာကတော့ နိုင်ငံရေး အကျဉ်းသားအားလုံးကို လွှတ်ပေးပြီးတော့တဲ့ ဒီကိစ္စတွေ အားလုံးကို ဖြတ်လိုက်ပါတော့တဲ့။ ဦးခင်အောင်မြင့်က သူ ထွက်သွားတော့မှ ပြောတာပေါ့နော်။ ကလင်တန်
တောင်းဆိုတဲ့ အချက်တွေက မဖြစ်နိုင်စရာတွေ မရှိဘူးပေါ့ဗျာ။ နိုင်ငံရေး အကျဉ်းသားဆိုတာလည်း သူ့အချိန် စေ့ရင် ထွက်သွားမှာပဲတဲ့” ဟု တွေ့ဆုံပွဲတွင် ပါဝင်ခဲ့သူ လွှတ်တော်ကိုယ်စားလှယ်တဦးက ပြန်ပြောပြသည်။
ကလင်တန်မှာ ယနေ့တွင်လည်း ရန်ကုန်မြို့၌ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပြင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ဗဟိုကော်မတီဝင်များနှင့် တွေ့ဆုံမည်ဖြစ်ကာ သတင်းစာ ရှင်းလင်းပွဲပြုလုပ်ဦး မည်ဖြစ်သည်။
ယင်းနောက် လူထုအခြေပြု အဖွဲ့အစည်းများ၊ တိုင်းရင်းသား ကိုယ်စားလှယ်များနှင့် တွေ့ဆုံပြီးနောက် မြန်မာနိုင်ငံမှ ပြန်လည်ထွက်ခွာမည် ဖြစ်သည်။