ဆန္ဒပြခွင့် ဥပဒေမူကြမ်း ပဟေဋ္ဌိ

ဆန္ဒပြခွင့် ဥပဒေမူကြမ်း ပဟေဋ္ဌိ
by -
ကိုဝိုင်း

စီတန်းလှည့်လည် ဆန္ဒပြနိုင်မည့် ဥပဒေကြမ်းကို လွှတ်တော်နှစ်ရပ်လုံးက သဘောတူ ထားပြီ ဖြစ်ပြီး သမ္မတဦးသိန်းစိန်က လက်မှတ်ရေးထိုး ထုတ်ပြန်ရန်သာ ကျန်တော့သော်လည်းသမ္မတ ထံ ပေးပို့ပြီးခြင်း ရှိ၊ မရှိမှာ ပဟေဋ္ဌိ ဖြစ်နေသည်။

ချင်းမိုင် (မဇ္စျိမ) ။       ။ စီတန်းလှည့်လည် ဆန္ဒပြနိုင်မည့် ဥပဒေကြမ်းကို လွှတ်တော်နှစ်ရပ်လုံးက သဘောတူ ထားပြီ ဖြစ်ပြီး သမ္မတဦးသိန်းစိန်က လက်မှတ်ရေးထိုး ထုတ်ပြန်ရန်သာ ကျန်တော့သော်လည်း သမ္မတထံ ပေးပို့ပြီးခြင်း ရှိ၊ မရှိမှာ ပဟေဋ္ဌိ ဖြစ်နေသည်။

ပြည်ထောင်စုလွှတ်တော် နည်းဥပဒေ အခန်း ၁၂ နှင့် ဖွဲ့စည်းပုံ ဥပဒေ အခန်း ၄ ပုဒ်မ ၁ဝ၅ (က) တို့အရ
ပြည်ထောင်စု လွှတ်တော် နယကက သမ္မတထံပို့သည့် စာကို “လက်ခံရရှိသည့်နေ့၏ နောက်တနေ့မှ ၁၄ ရက် အတွင်း” လက်မှတ်ရေးထိုး၍ ဥပဒေအဖြစ် ထုတ်ပြန်ကြေညာရမည်။

သို့သော် ဥပဒေ၏ အားနည်းချက်တခုဟု လေ့လာသူများ ဝေဖန်ကြသည်မှာ ပြည်ထောင်စုလွှတ်တော် နာယက က မည်သည့်နေ့ရက်တွင် သမ္မတထံပို့ရမည်ဆိုသည်ကို ဥပဒေများတွင် တိတိကျကျ ဖော်ပြမထားခြင်းဖြစ်သည်။

ယခုအခါ နိုဝင်ဘာ ၂၂ ရက်နေ့က ပြည်ထောင်စုလွှတ်တော်တွင် အတည်ပြုခဲ့သော "ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်" ဥပဒေမူကြမ်းသည် မည်သည့်အဆင့်ရောက်နေသည်ကို လွှတ်တော် အမတ်များ ပင် မသိဘဲဖြစ်နေသည်။ ထိုဥပဒေမူကြမ်းကို စက်တင်ဘာ ၂၆ ရက်နေ့တွင် ပြည်ထဲရေးဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ကိုကိုက ပြည်သူ့လွှတ်တော်သို့ တင်သွင်းခဲ့ခြင်းဖြစ်သည်။
meetlotdaw

ဆန္ဒပြ ဥပဒေမူကြမ်း၏ အခန်း ၈ ခန်း၊ ပုဒ်မ ၂၄ ခုပါ ဥပဒေကို ကန့်သတ်မှုများရှိသည်ဟု ပြောဆိုသူများ ရှိသကဲ့သို့ ဒီမိုကရေစီကာလအစပိုင်းတွင် လက်ခံနိုင်သည့် အနေအထားဖြစ်သည်ဟု ယူဆသူများလည်း ရှိနေသည်။

ဆန္ဒပြလိုသူသည် မြို့နယ်ရဲမှူးထံသို့ အနည်းဆုံး ငါး ရက်ကြိုတင် တင်ပြရမည့် အချက်နှင့် ဆန္ဒပြရန် လျှောက်ထားသူ၊ ဆန္ဒပြခေါင်းဆောင်နှင့် ဟောပြောမည့်သူတို့၏ ကိုယ်ရေးအချက်အလက်များ ပေးရမည်ဟု အခန်း (၃) တွင် ပါရှိသည် ကို ကန့်သတ်ချက်အဖြစ် မြင်နေကြသည်။

“နှုတ်မိန့်ပေါင်း မြောက်များစွာနဲ့ ကန့်သတ်နိုင်ရေးအလို့ငှာလို့ ယူဆပါတယ်။ ထိန်းချုပ်ရေး၊ကန့်သတ်ရေးဆို တဲ့ သဘောတရားတွေပဲ ဥပဒေမှာ ထွန်းကားနေတုန်းပဲလို့ ကျနော် မြင်ပါတယ်။” ဟု ရှေ့နေဦးဖိုးဖြူက ပြောသည်။

ဦးဖိုးဖြူသည် လယ်ယာမြေ နိုင်ငံပိုင်ပြုလုပ်ရေး ဥပဒေကို ပယ်ဖျက်ပေးရန် လယ်သမားများနှင့်အတူဆန္ဒပြခဲ့ ရာ ဗိုလ်တထောင်ရဲစခန်းတွင် တည ထိန်းသိမ်းခံခဲ့ရပြီး ကျပ်သိန်း ၅ဝ အာမခံဖြင့် အောက်တိုဘာ ၂၈တွင် ပြန်လွတ် လာသည်။

အလုံမြို့နယ် အမျိုးသားဒီမိုကရေစီအင်အားစု NDF ပြည်သူ့လွှတ်တော်အမတ် ဦးခိုင်မောင်ရည်ကမူ ကိုယ်ရေး အချက်အလက် ဆိုသည့်အစား အမည်နှင့်နေရပ်လိပ်စာဟု ပြောင်းလဲပေးရန် တင်သွင်းပြီး ရခိုင် RNDP မှ ဦးအောင်ထွန်းသာက ထောက်ခံသော်လည်း ရှုံးနိမ့်ခဲ့သည်။

“ကျနော်က မလိုလားအပ်ဘဲနဲ့ ရဲကတောင်းရင် အချက်တွေအများကြီး တောင်းတယ်ပေါ့။ ကျနော် ရှုံးသွားတယ်။ထောက်ခံမဲ ၂၆ မဲရတယ်။ ကြားနေ ၉ မဲ။ ကန့်ကွက်မဲ ၃၄၉ မဲ။” ဟု ပြောသည်။

မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီဥက္ကဋ္ဌ ဦးနေမျိုးဝေ ပါဝင်သည့် ခုနှစ်ဦးအဖွဲ့ကမူ ဥပဒေအသစ်နှင့် အညီ ဒီဇင်ဘာ ၁၂ ရက်နေ့တွင် ဆန္ဒပြရန် စီစဉ်နေကြသည်။ ဥပဒေအဖြစ် သမ္မတလက်မှတ်ထိုး၍ ဒီဇင်ဘာ ခြောက် ရက်နေ့တွင် ထွက်လာမည်ဟုလည်း ယူဆထားသည်။

သက်ဆိုင်ရာ မြို့နယ်ရဲမှူးက မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူး၏ အတည်ပြုချက်ဖြင့် ခွင့်ပြု၊ မပြုကို ဆန္ဒပြမည့်နေ့ရက်အချိန် မတိုင်မီ ၄၈ နာရီကြိုတင် အကြောင်းပြန်ရမည်။ ငြင်းပယ်ကြောင်းအကြောင်းကြား စာ ရရှိသည့်နေ့မှ ရ ရက်အတွင်း သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ် ရဲတပ်ဖွဲ့မှူးထံ အယူခံဝင်နိုင်သည်ဟု ဥပဒေက ပြဋ္ဌာန်းထား သည်။

ပြည်ထဲရေးဝန်ကြီး၏ မူကြမ်းတွင် ပုဒ်မ-၁ဝ၊ ခွဲ-က တွင် “အစိုးရဌာန၊ အစိုးရအဖွဲ့ အစည်းရုံး၊ စက်ရုံအလုပ်ရုံ၊ စျေး၊ ဘာသာရေးနေရာ၊ စာသင်ကျောင်း၊ ဘူတာရုံ၊ လေဆိပ်၊ သင်္ဘောဆိပ်၊ ကားဂိတ်၊ ဆေးရုံတို့နှင့် အဆိုပါနေရာတို့ကို အနှောင့်အယှက်ဖြစ်စေနိုင်သည့် နေရာများတွင် ဆောင်ရွက်ခွင့် မပြု။” ဆိုသည်ကိုမူ ခွင့်ပြုချက်ရထားသည့် နေရာ၊ လမ်းကြောင်းအတိုင်းသာ စုဝေး၊ စီတန်းလှည့်လည်ရမည်ဟုပြောင်းလဲခဲ့ကြ သည်။

ဖွဲ့စည်းပုံဥပဒေ အခန်း ၈၊ နိုင်ငံသားများ၏ မူလအခွင့်အရေး၊ ပုဒ်မ ၃၅၄ (ခ)ပါ နိုင်ငံသားများသည်“ဥပဒေများ နှင့် မဆန့်ကျင်လျှင် လက်နက် မပါဘဲ ငြိမ်းချမ်းစွာ စုဝေးခွင့်၊ စီတန်းလှည့်လည်ခွင့်ကို လွတ်လပ်စွာသုံးစွဲ ဆောင်ရွက် ခွင့်ရှိသည်။” ဟုဖော်ပြချက်ကို အခြေခံထားသဖြင့် လက်နက်ကိုင် တပ်ဖွဲ့ဝင်များလည်း အကျုံးဝင်သည်ဟု အမည် မဖော်လိုသူ ပြည်သူ့လွှတ်တော် အမတ် တဦးက ယူဆသည်။

“ဥပဒေမှာတော့ တပ်မတော်သားတွေကို မတားဆီးထားဘူး။ နိုင်ငံသားတိုင်းလို့ရေးထားတယ်။ အမှန်ဆိုရင် ဒီဥပဒေ က ဖွဲ့စည်းပုံအရ ဖြစ်တဲ့အတွက် ဒီဥပဒေကိုသာ အတည်ယူရမှာ။” ဟု ဆိုသည်။

ပြည်ထဲရေးဝန်ကြီးဌာန မူကြမ်းပါ ပုဒ်မ ၁၂ (က)ပါ ဆန္ဒပြရာတွင် “အများပြည်သူကို အနှောင့်အယှက် အဟန့်အတားဖြစ်တန်ရာသည်ဟု စိုးရိမ် ထိန့်လန့်စေခြင်းကို မပြုလုပ်ရ။” ဟုဖော်ပြချက်မှ ဖြစ်တန်ရာသည် ဆိုသည့် စကားလုံးကိုဖြုတ်ရန် ကြိုးစားခဲ့သော်လည်း ရှုံးနိမ့်ခဲ့သည်ဟု ဦးခိုင်မောင်ရည် ပြောသည်။

“မဖြစ်သေးဘဲနဲ့ ဖြစ်တန်ရာသည်လို့ ယူဆရင် အမျိုးမျိုး ဒုက္ခပေးလို့ရတယ်။ ဖြစ်တန်ရာသည်ကို ဘာနဲ့ တိုင်းတာမလဲပေါ့။ ပြည်ထဲရေးဝန်ကြီးက လက်မခံပါဘူးတဲ့။ ဖြုတ်မပေးနိုင်ရင် ရုပ်သိမ်းပါတယ်လို့ ပြောလိုက်တယ်။ မဲခွဲရင်လည်း ရှုံးမှာလေ။” ဟု သူက ပြောသည်။

ပြည်ထဲရေးဝန်ကြီးဌာန မူကြမ်းပါ အခန်း ၅၊ စည်းကမ်းသတ်မှတ်ချက်များ၊ ပုဒ်မ ၁၂ ခွဲ (င) တွင်“ကြွေးကြော် ခြင်းနှင့်အော်ဟစ်ခြင်းများ မပြုလုပ်ရ။” မှ ကြွေးကြော်ခြင်း ဆိုသည့် စကားလုံးကို ဖြုတ်ရန် ကျားဖြူပါတီ SNDP မှ ပြည်သူ့ လွှတ်တော် အမတ် ဦးထွန်းမြင့်ဦးက တင်ပြရာ အနိုင်ရခဲ့သဖြင့် ဆန္ဒပြရာတွင်ကြွေးကြော် ခွင့် ရကြမည် ဖြစ်သည်။

“ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်” ဥပဒေတွင် ၁၈၆၁ ခုနှစ် ပြစ်မှုဆိုင်ရာ ဥပဒေ၊ ၁၈၉၉ ခုနှစ် ရန်ကုန် ရဲအက်ဥပဒေ၊ ၁၉၄၅ ခုနှစ် ရဲ အက်ဥပဒေ၊ နဝတ အမိန့်အမှတ် ၃/၉ဝ၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ ညွှန်ကြားချက် အမှတ် ၂/၂ဝ၁ဝ စသည့် တည်ဆဲ ဥပဒေများလည်း ပါဝင်ထည့် သွင်း ထားကြောင်း သိရသည်။