အအေးပိုနေသော ကချင်ပြည်နယ်ရှိ စစ်ဘေး ဒုက္ခသည်များအတွက် လှူဒါန်း ထားသောစောင်နှင့် အနွေးထည်များကို မြစ်ကြီးနားသို့ ပေးပို့လိုက်ပြီ ဖြစ်ကြောင်း ရန်ကုန်အခြေစိုက် နာရေးကူညီမှု အသင်းထံမှ သိရသည်။
နယူးဒေလီ (မဇ္စျိမ) ။ ။ အအေးပိုနေသော ကချင်ပြည်နယ်ရှိ စစ်ဘေးဒုက္ခသည်များအတွက် လှူဒါန်းထားသောစောင်နှင့် အနွေးထည်များကို မြစ်ကြီးနားသို့ ပေးပို့လိုက်ပြီဖြစ်ကြောင်း ရန်ကုန်အခြေစိုက် နာရေးကူညီမှု အသင်းထံမှ သိရသည်။
နိုဝင်ဘာ ၂၉ ရက်နေ့က ရထားဖြင့် ပေးပို့ခဲ့ခြင်းဖြစ်ကာ ပိဿာချိန်စုစုပေါင်း ၁၅၀ ဝန်းကျင်ရှိ ကူညီရေး ပစ္စည်းများဖြင့် မြစ်ကြီးနားနှင့် ဝိုင်းမော်မြို့နယ်ရှိ စစ်ဘေးဒုက္ခသည်စခန်းများကို ပို့ဆောင်သွားမှာဖြစ်သည်။
“ပို့လိုက်တဲ့ပစ္စည်းက ကာလတန်ဖိုး ဘယ်လောက်ရှိမလဲတော့ မသိဘူး။ များတော့ များတယ်။ အထုပ်ကြီးတွေ ၅၊ ၆ ထုပ်လောက် ရှိတယ်။ အနွေးထည်ပေါ့။ အခုက ရာသီဥတုက ဟိုမှာ အရမ်း အေးနေပြီလေ။ ကလေးတွေဆို ဒုက္ခရောက်တာပေါ့။ အဲဒါကြောင့် စောင်တို့၊ အနွေးထည်တို့က အဓိက” ဟုနာရေးကူညီမှု အသင်း ဥက္ကဋ္ဌ ဦးကျော်သူက မဇ္စျိမကို ပြောသည်။
လက်ရှိတွင် မြစ်ကြီးနားနှင့် ဝိုင်းမော်မြို့ ရာသီဥတုမှာ စတင်အေးလာပြီဖြစ်ကာ နံနက်ပိုင်းများတွင် ပိုမို အေးကာနိုဝင်ဘာလတွင်းရှိသည့် ပျမ်းမျှအပူချိန်ထက် လေးဒီဂရီစင်တီဂရိတ်ထိ လျော့နည်းနေကြောင်း အစိုးရပိုင် သတင်းစာ များတွင် ဖော်ပြထားသည်။ ယင်းအပြင် ဒုက္ခသည်များရှိနေသည့် မိုင်ဂျာယန်မြို့တွင်မူ ရာသီဥတု ဆိုးဝါးနေကာနှင်းကျသည့်အပြင် လေတိုက်ခက်ရှိနေသည်ဟု ဒေသခံများထံမှ သိရသည်။
“Border (နယ်စပ် ) လိုင်းထိတော့ သွားလို့ မရဘူးလေ။ ကျနော်တို့ပါ ကိစ္စတွေ များကုန်မယ်။ ကျနော်တို့က သူတို့ သတ်မှတ်ထားတဲ့နယ်မြေထဲပဲ ကျနော်တို့က သွားရမှာပဲ။ သတ်မှတ်ထားတဲ့နယ်မြေမှာဒုက္ခသည်တွေ ကို ကူညီ လှူဒါန်းရမှာပဲ။ ဟိုအထိ သွားလို့ကတော့ နိုင်ငံရေးပုဒ်မ ညှိသွားမယ် မဟုတ်လား” ဟု ဦးကျော်သူက ဆိုသည်။
မန္တလေးအခြေစိုက် ဘဝအလင်း ပရဟိတအဖွဲ့နှင့် ရန်ကုန်ရှိ ၈၈ ကျောင်းသားအဖွဲ့မှလည်းအတူလိုက်ပါကြ မည်ဖြစ်ကာ ယင်းတို့မှ သီးခြားစီ ကူညီသွားကြမည် ဖြစ်သည်။
ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ထိန်းချုပ်ရာ မိုင်ဂျာယန်မြို့တွင်လည်း ရာသီဥတုကြောင့် ဖျားနာသူများ တိုးပွား လျက်ရှိပြီး ယခင်ထက် နှစ်ဆခန့်၊ လူဦးရေ ၈ဝဝ နီးပါးမှာ အဆုတ်နှင့် ပတ်သက်သည့် ဒေနာများ ခံစားနေရသည်ဟု သိရသည်။ တရုတ်-မြန်မာနယ်စပ်ရှိ မိုင်ဂျာယန်မြို့တွင် ဒုက္ခသည်စခန်း ခြောက်ခုရှိကာ ဒုက္ခသည် ထောင်နှင့်ချီ၍ ရှိသည်။
“ဖျားတယ်။ အဓိက ကတော့ ချောင်းဆိုးတဲ့ဟာ။ သူတို့ အိပ်ရတဲ့နေရာက မြေကြီး သံမန်တလင်းပေါ့။ သူတို့ အတွက် တခြား ပျဉ်ပြားလည်း မခင်းပေးနိုင်ဘူး။ ဒီဟာတွက်လည်း ကုန်ကျမှုက မတက်နိုင်တဲ့အခါကျတော့ ဒီအတိုင်းပဲ ဖျာပဲ ခင်းပြီးမှ အိပ်ခိုင်းတော့ သူတို့ အေးတယ်။ အေးတော့ သက်ကြီးရွယ်အိုနဲ့ ကလေးတွေက အဓိက နှာစေး ချောင်းဆိုးတွေ ဖြစ်တယ်” ဟု ဒုက္ခသည်များအား ကူညီပေးနေသည့် ကချင်အမျိုးသမီးအဖွဲ့ (ထိုင်းနိုင်ငံ) KWAT အဖွဲ့ဝင်ဒေါ်မိုင်းဂျာက မဇ္စျိမကို ပြောသည်။
ယင်းအပြင် နိုဝင်ဘာလ ၂ဝ ရက်နေ့မှစ၍ အဝါရောင်မိုးများ ရွာသွန်းမှုကြောင့် မိုင်ဂျာယန်နှင့် ယင်းတဝိုက်ရှိ
သောက်ရေသိုလှောင်ကန်များတွင်း စီးဝင်းနေပြီး ယင်းရေကိုပင် သောက်သုံးနေရကြောင်း၊ မည်သည့် အတွက်ကြောင့် ရွာသည်ကိုမူ မသိကြောင်းလည်း ဒေသခံများထံမှ သိရသည်။
“ဒေသခံတွေလည်း ဒီအတိုင်းပဲ သောက်ရတယ်။ ဒုက္ခသည်တွေလည်း ဒီအတိုင်းပဲ သောက်နေရတယ်၊ စားနေရတယ်။ အရွက်တွေပေါ်မှာ လည်းကျတယ်၊ ဟင်းသီးဟင်းရွက်ပေါ်မှာလည်း ကျတယ်။ ဒီအတိုင်းပဲ စားရတယ်။ သေလည်း မတတ်နိုင်တော့ဘူး။ သေလည်း ဒီလိုပဲ သေရတော့မှာပဲ။ ဒီ Yellow Rain က ဘာကြောင့်ကျမှန်းတော့ မသိဘူး။ အဲဒါ တသက်လုံးမှာ ဒါမျိုးတခါမှ မကျဖူးဘူး” ဟု မိုင်ဂျာယန်ဒုက္ခသည် စခန်းရှိ ဒေါ်မိုင်းဂျာက ဆိုသည်။
လက်ရှိတွင်လည်း KIO နှင့် စစ်အစိုးရတပ်များအကြား တိုက်ပွဲများ ဆက်ဖြစ်ပွားနေမှုကြောင့် ဒုက္ခသည်များ ထပ်မံ တိုးလာလျက်ရှိရာ ယခုချိန်အထိ ကချင်ပြည်နယ်တဝန်းတွင် ဒုက္ခသည် လေးသောင်းကျော်ခန့် ရှိနေပြီဟု KIO ဒုက္ခသည်ကူညီရေးကော်မတီက ခန့်မှန်းထားသည်။
နိုဝင်ဘာလ၂၈ ရက်နေ့ကလည်း ကချင်ပြည်နယ် အရှေ့တောင်ဘက် ဗန်းမော်နှင့် မူဆယ်မြို့ကြားဘလောင် ဒိန်ဆာ ရှိ KIA တပ်ရင်း ၂၇ အား စစ်အစိုးရမှ တိုက်ခိုက်သိမ်းပိုက်စဉ်ကလည်း ယင်းအနီးနားမှ ဒုက္ခသည် အများအပြား ထွက်ပြေး တိမ်းရှောင်ခဲ့ရသည်။
“အများအားဖြင့်ဆိုရင် ရွာမှာ နေလို့မရဘူး။ တောမှာ၊ ချုံမှာ တဲထိုးပြီး နေရတယ်ဆိုတော့ ဆောင်းရာသီ ရောက်တယ် ဆိုတော့ တချို့ဆိုရင်တော့ ကိုယ့်ရဲ့အိမ်ကနေ ပါမလာတဲ့ ခြံုဖို့ စောင်တွေ အခင်းတွေလည်း၊ ရှိရင်လည်းပဲ လိုသလောက်တော့ မသယ်ဆောင်နိုင်ဘူးပေါ့။ တချို့ဆိုရင် နဂိုကနေလည်းပဲ ဆင်းရဲတယ်ဆို တော့ လုံလုံခြံုခြံု မရှိတဲ့သူတွေလည်း အအေးဒဏ်တော့ အတူတူခံရတာပေါ့” ဟု KIO ဒုက္ခသည်ကူညီရေး ကော်မတီတာဝန်ခံ အရပ်ဘက်အရာရှိ ဦးဒွဲပီဆားက ဆိုသည်။
ကချင်ဒုက္ခသည်များကို မကူညီရန်အတွက် အစိုးရမှ ပြည်တွင်းရှိ NGO များကို ပြောဆိုမှုများရှိခဲ့သည်ဟု ဇူလိုင် လဆန်းပိုင်းကလည်း သတင်းများ ထွက်ပေါ်ခဲ့ပြီး ယခုအချိန်အထိ တရားဝင် ကူညီပေးမှုများ မရှိသလောက် နည်းပါးလျက် ရှိသည်။
ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် အစိုးရမဟုတ်သော NGO များဖြစ်သော AZG ၊ World Concern ၊ WHO ၊ ငြိမ်းဖာင်ဒေးရှင်း Shalom Foundation နှင့် မေတ္တာဖောင်ဒေးရှင်း စသည့် အဖွဲ့အစည်း အများအပြားရှိသည်။
“အခုအချိန်ထိတော့ တားတာတို့ ဘာတို့တော့ မရှိသေးဘူး။ သူတို့ဘဲ မသိသေးလို့လားတော့ မသိဘူး” ဟု နာရေး ကူညီမှုအသင်း အကြံပေးအဖြစ်လည်း ဒုက္ခသည်များအား ကိုယ်တိုင်ကိုယ်ကျ သွားရောက်ကူညီမည့် ကိုစိုင်းရဲကျော်စွာမြင့်က ပြောဆိုသည်။
KWAT အဖွဲ့က ဒေါ်မိုင်းဂျာကလည်း “လာကူတဲ့သူတွေကို ဘာမှ ပြဿနာမလုပ်စေချင်ပါဘူး အစိုးရက။ ဒီပြည်သူတွေဟာလည်း ဒီအစိုးရနဲ့ ပြည်သူတွေပဲ။ အစိုးရရဲ့ အုပ်ချုပ်မှုအောက်မှာ ရှိတဲ့ ပြည်သူတွေကို ဒီလိုမျိုး ဒုက္ခရောက် တာတော့ မလုပ်စေချင်ဘူးပေါ့နော်” ဟု ဆိုသည်။