အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD မှပါတီမှတ် ပုံတင်ရန် ဆုံးဖြတ်ခဲ့အပေါ် တိုင်းပြည် ၏ လက်ရှိ အခြေအနေနှင့် မကိုက်ညီဟုဆိုကာ လွှတ်တော်ထဲ တွင် မြန်မာ့နိုင်ငံရေး ပြဿနာများကိုလုံးဝဖြေ ရှင်း နိုင်မည် မဟုတ်ဘဲ တွေ့ဆုံဆွေးနွေးခြင်းဖြင့်သာ အဖြေရှာနိုင်မည်ဟု အတိုက်အခံ သံဃာအဖွဲ့ ့က ထုတ်ပြန်လိုက် သည်။
နယူးဒေလီ (မဇ္စျိမ) ။ ။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD မှ ပါတီမှတ်ပုံတင်ရန် ဆုံးဖြတ်ခဲ့အပေါ် တိုင်းပြည် ၏ လက်ရှိ အခြေအနေနှင့် မကိုက်ညီဟုဆိုကာ လွှတ်တော်ထဲတွင် မြန်မာ့နိုင်ငံရေး ပြဿနာများကို လုံးဝ ဖြေရှင်းနိုင်မည် မဟုတ်ဘဲ တွေ့ဆုံဆွေးနွေးခြင်းဖြင့်သာ အဖြေရှာနိုင်မည်ဟု အတိုက်အခံ သံဃာအဖွဲ့ ့က ထုတ်ပြန်လိုက် သည်။
“ထူးခြားသည့် ပြောင်းလဲမှုများ မဖြစ်ပေါ်သေးသည့် အခြေအနေအောက်တွင် ရွှေဂုံတိုင် ကြေညာစာတမ်း လမ်းကြောင်းမှ ယခုကဲ့သို့ ပြောင်းလဲသွားခြင်းသည် တိုင်းပြည်၏ ပကတိ အခြေအနေများနှင့် မကိုက်ညီ မသင့်လျော်” ဟု တနင်္လာနေ့က ထုတ်ပြန်သော မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစု၏ကြေညာ ချက်တွင် ပါရှိသည်။
လက်ရှိတွင် တိုင်းရင်းသားဒေသများ၌ စစ်ပွဲများဖြစ်၍ လူ့အခွင့်အရေး ချိုးဖောက်နေခြင်း၊ လူမှုရေး၊ စီးပွားရေးနှင့်နိုင်ငံရေး ကဏ္ဍ အသီးသီး၌ ဒီမိုကရေစီ ကင်းမဲ့နေသေးကြောင်း၊ သံဃာတော်များ၏ လွတ်လပ်စွာ ဟောပြောခွင့်နှင့် ဘုန်းကြီးကျောင်းများကိုလည်း ပိတ်ပင်ထားဆဲ ဖြစ်ကြောင်းလည်း ဖော်ပြထားသည်။
အဓိက အတိုက်အခံဖြစ်သော NLD မှာ ပါတီပြန်လည် မှတ်ပုံတင်ရေးနှင့် ရွေးကောက်ပွဲများတွင်ပါဝင်ရန် အတွက် တိုင်းနှင့် ပြည်နယ် အသီးသီးမှ ဗဟိုကော်မတီဝင် ၁၀၆ ဦး၏ သဘောတူညီချက်ဖြင့် နိုဝင်ဘာလ ၈ ရက်နေ့က ဆုံးဖြတ်ခဲ့သည်။
NLD က တောက်လျောက် ကိုင်စွဲခဲ့သော မူဝါဒဟု ပြောဆိုရမည့် ဧပြီ ၂ဝဝ၉ ခုနှစ်က ထုတ်ပြန်သော ရွှေဂုံတိုင် ကြေညာစာတမ်း မှာ ၁၉၉ဝ ရွေးကောက်ပွဲ ရလဒ် အား အသိအမှတ် ပြုရေး၊ နိုင်ငံရေး အကျဉ်းသား အားလုံး လွှတ်ပေးရေး၊ ၂၀၀၈ အခြေခံဥပဒေ ပြန်လည်ပြင်ဆင်ရေး၊ သုံးပွင့်ဆိုင် ဆွေးနွေးရေးတို့ကို တောင်းဆိုထားခဲ့ သည်။
“ယနေ့ မြန်မာ့နိုင်ငံရေး ပြဿနာများကို စစ်ကြံ့ဖွံ့ လွှတ်တော်ထဲတွင် လုံးဝ ဖြေရှင်းနိုင်မည် မဟုတ်ဘဲ တန်းတူ ရည်တူ တွေ့ဆုံဆွေးနွေးခြင်းဖြင့်သာ ဖြေရှင်းနိုင်မည်” ဟု သံဃာ့တပ်ပေါင်းစုက ပြောသည်။
အလားတူ NLD မှတ်ပုံပြန်တင်ရန် ဆုံးဖြတ်ခဲ့သည့် နိုဝင်ဘာ ၁၈ ရက်အား “ပြည်သူ့ဆန္ဒ ပျက်သုန်းခြင်းနေ့” ဟု သတ်မှတ်ကြောင်း ၁၉၉ဝ ရွေးကောက်ပွဲ ရလဒ်အား ဆွဲကိုင်ထားသူ ဒီချုပ်အဖွဲ့ဝင်ဟောင်းများက ပြောဆို လိုက်သည်။
“နိုဝင်ဘာ ၁၈ ရက်ကျတော့ မှတ်ပုံပြန်တင်မယ့် အခါကျတော့ ကိုယ့်ရဲ့ ၉၀ ခုနှစ် ရွေးကောက်ပွဲရလဒ်ကို နင်းချေ ပစ်လိုက်ပြီးတော့ ပြည်သူတွေ လိုချင်တဲ့ စစ်မှန်တဲ့ ဒီမိုကရေစီ မဖော်ဆောင်နိုင်တဲ့ အတွက် ကျမတို့က ဒီနေ့ဟာပြည်သူ့ဆန္ဒ ပျက်သုန်းတဲ့နေ့လို့ ကျမတို့ သတ်မှတ်လိုက်တယ်” ဟု အင်္ဂါဝတ် ပြုဆုတောင်းအသင်း ဦးဆောင်သူဒေါ်နော်အုန်းလှက မဇ္စျိမကို ပြောသည်။
ယင်းကဲ့သို့ ပြောဆိုရာတွင် ရန်ကုန်တိုင်းအတွင်းရှိ ပါတီ ပြန်လည် မှတ်ပုံမတင်စေလိုသူ NLD အဖွဲ့ဝင်နှင့် ပြည်သူ များ၊ ဧရာဝတီတိုင်း ပုသိမ်မြို့ပေါ်ရှိ မြို့နယ် သုံးခုမှ ပါတီဝင် တချို့လည်း ပါဝင်သည်ဟု သိရသည်။
ဒေါ်နော်အုန်းလှ အပါအဝင် NLD ပါတီဝင်အချို့နှင့် ရွေးကောက်ပွဲ မဝင်စေလိုသူ ပြည်သူတချို့က ပါတီထံ
ရွေးကောက်ပွဲ မဝင်သင့်သေးကြောင်း ပန်ကြားလွှာ နှစ်စောင်ကိုလည်း NLD သို့ ပေးပို့ခဲ့ပြီး ဖြစ်သည်။
“ပြောပြီးရင် လုပ်ရမယ်ဆိုတာ ခေါင်းဆောင်ရဲ့ တာဝန်ပဲလေ။ တောက်လျောက်ပဲ ဒီအပေါ်မှာ ရပ်တည် လာခဲ့တယ်ပေါ့နော်။ အခု ၂၀၁၀ အထိ ကျမတို့ ရပ်တည်ခဲ့တာပေါ့နော်။ ဘာလို့ မရပ်တည်နိုင်ရမှာလဲ။ ရပ်တည်နိုင်တယ် ဆိုတာက ကျမတို့က သက်သေပဲလေ” ဟု NLD ပါတီမှ ထုတ်ပယ်ခံထားရသူဒေါ်နော် အုန်းလှက ပြောဆိုသည်။
NLD အနေဖြင့် မှတ်ပုံတင်တော့မည်ဖြစ်၍ မိမိတို့အနေဖြင့် လိုက်ပါမည် မဟုတ်ကြောင်း၊ မိမိတို့နှင့်ဆန္ဒတ ူသူများ ပူးပေါင်း၍ ပြည်တွင်း ငြိမ်းချမ်းရေး၊ နိုင်ငံရေး အကျဉ်းသား အားလုံး လွှတ်ပေးရေး၊ ပြည်သူ ရရှိသင့်သည့် အခွင့်အရေးနှင့် ဒီမိုကရေစီစံနှုန်းများ ရရှိစေရန် ကြိုးပမ်းသွားမည်ဟု မှတ်ပုံတင်ရေးမလိုလား သူများက ဆုံးဖြတ် ထားသည်။