NLD ရွေးကောက်ပွဲဝင်မည့် ဆုံးဖြတ်ချက် ကြိုဆိုကြ

NLD ရွေးကောက်ပွဲဝင်မည့် ဆုံးဖြတ်ချက် ကြိုဆိုကြ
by -
မျိုးသန့်

ချင်းမိုင် (မဇ္ဈိမ) ။         ။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပြန်လည် မှတ်ပုံတင်ကာ ရွေး ကောက်ပွဲ ဝင်သည်ကိုပြိုင်ဘက်ဟောင်း များနှင့် မိတ်ဆွေများက ကြိုဆိုလိုက်ပြီး NLD နှင့်ပူးပေါင်း ရန် ဆန္ဒရှိကြောင်း အမျိုးသား ဒီမိုကရေစီ အင်အားစု NDF ၏ မူဝါဒရေးရာကော်မတီ ခေါင်းဆောင် ဦးခင်မောင်ဆွေက ပြောသည်။

nend2

NLD ခေါင်းဆောင်ဟောင်းဖြစ်ခဲ့သူ ဦးခင်မောင်ဆွေက “ကျနော်တို့ကတော့ လက်တွဲလုပ်သွားဖို့ အဆင်သင့်ပါပဲ။ အတွဲခံမယ့် လူကသာ အတွဲခံဖို့ လိုပါတယ်။ ပေါင်းချင်တယ်ဆိုရင် ကျနော်တို့က ငြင်းစရာ အကြောင်း မရှိပါဘူး။ဒေါ်စုက ဟိုလို လုပ်ချင်ပါတယ် ဒီလို လုပ်ချင်ပါတယ် ဆိုရင်လည်း ကျနော်တို့က လက်ကမ်းဖို့ အသင့်ပါပဲ။” ဟု ဦးခင်မောင်ဆွေက မဇ္ဈိမကို ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာ့နိုင်ငံရေး၏ မီးရှုးတန်ဆောင်ဟု ဦးခင်မောင်ဆွေက ညွှန်းဆိုလိုက်ပြီး ဒေါ်စု ကိုယ်တိုင် လွှတ်တော်အတွင်း ဝင်ရောက်လာပါက ပြည်သူအတွက် အကျိုးပြု ဥပဒေများပြဋ္ဌာန်း နိုင်မည်ဟု ယုံကြည်ခြင်းကြောင့် ထောက်ခံရခြင်း ဖြစ်သည်ဟုလည်း ဆိုသည်။

“လွှတ်တော်ထဲမှာ ပြည်သူအတွက် အကျိုးပြုမယ့် ဥပဒေတွေကို ဖန်တီးနိုင်မယ်လို့ ကျနော်ယုံကြည်တဲ့ အတွက် NLD မှတ်ပုံတင်မယ် ဆိုတာကိုလည်း ထောက်ခံပါတယ်။ ရွေးကောက်ပွဲ ဝင်မယ်ဆိုတာကိုလည်း အပြည့်အဝ ထောက်ခံ ပါတယ်။” ဟု ဦခင်မောင်ဆွေက ပြောသည်။

ယင်းအပြင် ၁၉၉၀ ရွေးကောက်ပွဲ ကာလအတွင်း ပြိုင်ဘက်ဖြစ်ခဲ့သည့် တိုင်းရင်းသား စည်းလုံးညီညွတ် ရေးပါတီ (တစည) ကလည်း NLD ပါတီမှတ်ပုံတင်ကာ ရွေးကောက်ပွဲ ဝင်သည်ကို ထောက်ခံလိုက်ပြီး အမျိုးသား ပြန်လည် သင့်မြတ်ရေးအတွက် ခြေလှမ်းတခုဟု တစည ပါတီ၏ ပြောခွင့်ရ ဦးဟန်ရွှေက ပြောသည်။

“ကျနော်တို့အနေနဲ့ အားလုံး လက်ခံပါတယ်။ နောက်တခုက တမျိုးသားလုံး ပြန်လည်သင့်မြတ်ရေပေါ့။ ဒီကိစ္စဟာ လည်း ခြေလှမ်းတခုအနေနဲ့ ကျနော်မြင်ရပါတယ်။” ဦးဟန်ရွှေက မဇ္ဈိမကိုပြောသည်။

ယင်းအပြင် ၈၈ မျိုးဆက် ကျောင်းသားလူငယ်များအဖွဲ့မှ ကိုတိုးကျော်လှိုင်ကလည်းအမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ မှတ်ပုံတင်ရေး ဆုံးဖြတ်ချက်ကို ထောက်ခံလိုက်ပြီး ပြည်သူအများစု၏ ဆန္ဒဖြစ်သည်ဟု ဆိုသည်။

“NLD ရဲ့ ဆုံးဖြတ်ချက်က NLD အဖွဲ့ဝင် အများစုရဲ့ သဘောထားအပေါ်မှာ အခြေခံတယ်လို့ ကျနော်တို့ ယုံကြည် ပါတယ်။ သူတို့ သယ်ဆောင်လာတဲ့ ဆုံးဖြတ်ချက်ကလည်း သူတို့ဒေသမှာရှိတဲ့ ပြည်သူတွေရဲ့ လိုလားချက်ကို ထင်ဟပ်ထားတယ်လို့ ကျနော်တို့ယုံကြည်ပါတယ်။” ဟု မဇ္ဈိမကို ပြောသည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် မှတ်ပုံတင်၍ ရွေးကောက်ပွဲဝင်ရန် သောကြာနေ့ နံနက် ၁၀ နာရီတွင် ရန်ကုန်မြို့ ပါတီရုံးချုပ်တွင် ပြည်နယ်နှင့်တိုင်း ဗဟိုဦးစီးအဖွဲ့ဝင် ၁၀၆ ဦးမှ ဆုံးဖြတ်ချက်ချခဲဲ့ခြင်း ဖြစ်သည်ဟု ပါတီပြောခွင့်ရ ပုဂ္ဂိုလ် ဦးအုန်းကြိုင်က ပြောသည်။

Most read this week