ဟီလာရီကလင်တန် မြန်မာနိုင်ငံ သွားရန်ရှိ

ဟီလာရီကလင်တန် မြန်မာနိုင်ငံ သွားရန်ရှိ
by -
မဇ္စျိမသတင်းဌာန

ချင်းမိုင် (မဇ္ဈိမ) ။   ။ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီကလင်တန်သည် မြန်မာနိုင်ငံသို့ ဒီဇင်ဘာလ အတွင်း သွားရောက် လည်ပတ်ဖွယ် ရှိကြောင်း အေဘီစီ သတင်းတရပ်အရ သိရသည်။

အာဆီယံထိပ်သီး အစည်းအဝေးကို တက်ရောက်သော အမေရိကန် သမ္မတ အိုဘားမားက မြန်မာအတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တယ်လီဖုန်းဆက် စကားပြောရာတွင် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ၏ မြန်မာပြည် ခရီးစဉ် အစီအစဉ်အပေါ် သဘောတူထောက်ခံ အတည်ပြုချက် ရယူခဲ့သည်ဟု ဆိုသည်။

သြစတြေးလျနိုင်ငံ ဒါဝင်မြို့မှ အင်ဒိုနီးရှားနိုင်ငံ ဘာလီသို့အသွား သမ္မတအိုဘားမားကဒေါ်အောင်ဆန်းစုကြည် ထံ ဖုန်းဆက်ပြီး မြန်မာအစိုးရ၏ ပြုပြင်ပြောင်းလဲရေး ခြေလှမ်းများကို အမေရိကန်က အားပေးသည့် ထိတွေ့ ဆက်ဆံမှု အပေါ် ဒေါ်အောင်ဆန်းစုကြည်၏ ထောက်ခံမှုရရေး မေးမြန်းခဲ့ခြင်း ဖြစ်သည်။

မစ္စဟီလာရီကလင်တန် အလည်အပတ် ရောက်ရှိလာလျှင် နှစ်ပေါင်း ၅၀ ကျော်အတွင်း အမေရိကန်နိုင်ငံခြား ရေး ဝန်ကြီး၏ မြန်မာပြည်သို့ လည်ပတ်မှု ခရီးစဉ် ဖြစ်လာလိမ့်မည်။

ယခင် မြန်မာစစ်အစိုးရ၏ လူ့အခွင့်အရေး ချိုးဖောက်မှုများကြောင့်  ပြင်းပြင်းထန်ထန်ဆန့်ကျင်ကန့်ကွက်ခဲ့ သော အမေရိကန်၏ နိုင်ငံခြားရေး ဝန်ကြီး ခရီးစဉ်တွင် “နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု၊ လူ့အခွင့်အရေးနှင့် အမျိုးသားပြန်လည် သင့်မြတ်ရေး တိုးတက်မှုများ” နှင့် ပတ်သက်ပြီး အမေရိကန်၏ ထောက်ပံ့ပေးနိုင်ရေး ရှာဖွေသွားမည် ဟုလည်း သတင်းတွင် ပါရှိသည်။

Most read this week