ချင်းမိုင် (မဇ္စျိမ) ။ ။ ကြားဖြတ်ရွေးကောက်ပွဲ နီးလာချိန်တွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နှင့် တိုင်းရင်းသား များအကြား ပူးပေါင်းဆောင်ရွက်ရန် ၁၉၉၀ ရွေးကောက်ပွဲ ရလဒ်အပေါ် အခြေခံဖွဲ့စည်း ထားသည့် လွှတ်တော် ကိုယ်စားပြု ကော်မတီ-CRPP ဆက်လက် ရပ်တည်ရေးမှာ မရေမရာဖြစ် နေကြောင်း အဖွဲ့ဝင် တိုင်းရင်းသားပါတီ ခေါင်းဆောင် များက ပြောသည်။
CRPP ကို နိုင်ငံရေးအရ ဦးဆောင်နေသည့် NLD ပါတီက နိုဝင်ဘာ ၁၈ ရက်နေ့တွင် ပါတီမှတ်ပုံ ပြန်တင်မည်ဟု ဆုံးဖြတ်ပါက “CRPP ရဲ့ အနေအထားကလည်း ပုံစံပြောင်းရမယ့် သဘောရှိတယ်။” ဟု CRPP အဖွဲ့ဝင်တခု ဖြစ်သော မွန်အမျိုးသား ဒီမိုကရေစီ အဖွဲ့မှ ဦးနိုင်ငွေသိန်းက ပြောသည်။
၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲအနိုင်ရအမတ်များဖြင့် လွှတ်တော် ခေါ်ယူနိုင်ရေး ဟူသော ရည်ရွယ် ချက်နှင့် NLDနှင့် ရှမ်း၊ မွန်၊ ရခိုင်၊ ဇိုမီး၊ ကိုးကန့် တိုင်းရင်းသားပါတီများ၊ တသီးပုဂ္ဂလအမတ်များဖြင့် CRPP ကို ၁၉၉၈ ခု စက်တင်ဘာတွင် ဖွဲ့စည်း ခဲ့သည်။
ဇိုမီး အမျိုးသား ကွန်ကရက်ပါတီ ဥက္ကဋ္ဌ ဦးပူကျင့်ရှင်းထန်က CRPP ကို “တခြား သင့်တော်တဲ့ နာမည် ယူပြီးတော့ ပြောင်းရင် ပြောင်းမယ်။ ဒီမဟာမိတ် အဖွဲ့တွေတော့ ဆက်ပြီးတော့ သွားမှာပါ။” ဟု ဆိုသည်။
နိုဝင်ဘာ ၁၅ ရက်နေ့က NLD အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးနိုင်ငွေသိန်း၊ ဦးပူကျင့်ရှင်းထန်၊ ရှမ်း SNLD မှ ဦးစိုင်းရွှေကြူး၊ ရခိုင်ပါတီမှ ဦးအေးသာအောင်၊ CRPP အဖွဲ့ဝင် တသီးပုဂ္ဂလ ဦးသိန်းဖေနှင့် အမျိုးသား ဒီမိုကရေစီ ပါတီမှ ဦးစိုးဝင်းတို့ တွေ့ဆုံကြစဉ်ကလည်း CRPP သက်တမ်း ၁၃ နှစ် ကျော် အတွင်း မပြီးသေးသည့် လုပ်ငန်းများကို ဆက်လက် လက်တွဲကြိုးစားသွားရန်သဘောထားပေး ကြသည်။
“မှတ်ပုံတင်တဲ့ပါတီ ရှိကောင်းရှိမယ်၊ နောက်ကျမှတင်တဲ့ ပါတီလည်းရှိမယ်။ မတင်တဲ့ ပါတီတွေလည်း ရှိမယ်။နိုင်ငံရေး ရည်မှန်းချက်က အတူတူပဲလေ။ ပြည်တွင်းစစ်ရပ်ဖို့၊ ပြည်တွင်း ငြိမ်းချမ်းရေးတည်ဆောက် ဖို့၊ စစ်မှန်တဲ့ပြည်ထောင်စု ဖော်ဆောင်ဖို့၊ ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ရေးဆိုတာ တူတယ်။” ဟုဦးအေးသာအောင် က ပြောသည်။
CRPP ကို အမည်အသစ်ဖြင့် ပြန်လည်စုဖွဲ့မှုတခု လုပ်ရတော့မည်ကို တိုင်းရင်းသား ခေါင်းဆောင်များက တညီတည်း သဘောတူကြသော်လည်း တိကျသည့် အဖြေကိုမူ ပြောဆိုနိုင်ခြင်း မရှိသေးဘဲ ဖြစ်နေကြသည်။
ကိုးကန့်ပါတီက မပါတော့သဖြင့် တိုင်းရင်းသားသီးသန့် ပါတီ ၁၁ ဖွဲ့သာ ကျန်တော့သည့်စည်းလုံးညီညွှတ် သော တိုင်းရင်းသားလူမျိုးစု နိုင်ငံရေးပါတီများ မဟာမိတ်အဖွဲ့ United Nationalities Alliance (UNA) နှင့် NLD ပူးပေါင်း လူပ်ရှားနိုင်မည့် နည်းလမ်းကို ရှာဖွေရန် ဦးနိုင်ငွေသိန်းက စိတ်ကူးရှိနေသည်။ UNA ၌ CRPP အဖွဲ့ဝင်ပါတီ လေးခု ပါဝင်သည်။
“UNA နဲ့ NLD ပူးပေါင်းဆောင်ရွက်ဖို့ ဘယ်လိုပုံစံနဲ့ သွားမလဲဆိုတာ ကျနော်တို့ ပြန်ကြည့်ရမယ်လို့။ CRPP ကလည်း အခြေအနေ မပေးတော့ဘူး ဖြစ်သွားရင် အဲဒါ ပြန်ပူးပေါင်း ဖွဲ့စည်းရေးပေါ့။ စဉ်းစားထားတာ။” ဟု ဦးနိုင်ငွေသိန်းက ပြောသည်။
UNA ကို ၁၉၉ဝ ခုတွင် ဒုတိယ မဲအများဆုံးရသည့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် SNLD က ဦးဆောင် ခဲ့သည်။ သို့သော် ပါတီ ဥက္ကဋ္ဌ ခွန်ထွန်းဦးနှင့် အတွင်းရေးမှူး စိုင်းညွန့်လွင်တို့ အကျဉ်းကျနေရာမှ ပြန်လွတ်လာမှသာ SNLD က မှတ်ပုံပြန်တင်၊ မတင် ဆွေးနွေးမှာ ဖြစ်သည်။
ဦးပူကျင့်ရှင်းထန်ကမူ “UNA က ဒီခေါင်းဆောင်တွေ မရှိဘဲနဲ့၊ သူတို့ လိုအင်ဆန္ဒကို မသိဘဲနဲ့ ကျန်တဲ့ လူတွေကိုပြောဖို့က မသင့်တော်သေးဘူး ထင်လို့။ အစိုးရ တာဝန်ရှိ လူတွေရဲ့ စကားအရဆို နှစ်မကုန်ခင် လွတ်မယ့် သဘော ရှိနေတယ်။” ဟု ပြောသည်။
UNA ပါတီဝင်များမှာ ကျန်ပါတီများမှာ ၁၉၉၂ ခုနှစ်တွင် မှတ်ပုံတင် ပြန်ရုပ်သိမ်းခြင်း၊ ၂ဝ၁ဝ ပြည့်နှစ် ရွေးကောက် ပွဲ အတွက် ပါတီမှတ်ပုံ ပြန်မတင်ခြင်းတို့ကြောင့် တရားမဝင်ဘဲ ဖြစ်နေသည်။
တိုင်းရင်းသားပါတီ အားလုံးသည် ပါတီမှတ်ပုံမတင်ထားသဖြင့် နိုင်ငံရေး လုပ်ငန်းများကို တရားဝင်လှုပ်ရှား နိုင်ရေး အတွက် အခက်အခဲဖြစ်နေသဖြင့် ပါတီကြီးများ ဖြစ်သည့် NLD နှင့် SNLD တို့၏အခြေအနေ ကို စောင့်ကြည့်နေကြကြောင်း ဦးပူကျင့်ရှင်းထန်က ပြောသည်။
ထို့ပြင် ရွေးကောက်ပွဲ ဥပဒေအရ မှတ်ပုံတင်ပါက အနည်းဆုံး သုံး နေရာဝင်ပြိုင်ရမည် ဖြစ်သော်လည်း လစ်လပ်နေရာ ၄၈ နေရာတွင် ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်များ မပါဝင်သဖြင့် ဇိုမီးပါတီနှင့် ရခိုင်ပါတီတို့ အခက်တွေ့နေကြောင်း သူက ဆိုသည်။