ပါတီသစ်များလည်း ကြားဖြတ်ရွေးကောက်ပွဲ ဝင်ပြိုင်ရန်ပြင်

ပါတီသစ်များလည်း ကြားဖြတ်ရွေးကောက်ပွဲ ဝင်ပြိုင်ရန်ပြင်
by -
ထွန်းထွန်း

နယူးဒေလီ (မဇ္ဈိမ) ။    ။ လွှတ်တော်သုံးရပ်အတွင်း လစ်လပ်နေသည့် အမတ်နေရာ ၄၈ နေရာအတွက် ဒီဇင်ဘာလအတွင်း ကျင်းပနိုင်သည့်ကြားဖြတ် ရွေးကောက်ပွဲ၌ ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲတွင် ဝင်ပြိုင်ခဲ့သည့် ပါတီများ သာမက ပါတီသစ်များလည်း ဝင်ရောက် ယှဉ်ပြိုင်ကြမည် ဖြစ်သည်။

lotdaw98

ဝင်ရောက်အရွေးချယ်ခံမည့် ပါတီများအနက် အမျိုးသားဒီမိုကရေစီအင်အားစုပါတီနှင့် တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး ပါတီများမှာ နေရာ ၂ဝ စီဖြင့် အများဆုံးဖြစ်သည်။ ပါတီသစ်တခုဖြစ်သည့် အမျိုးသား ဒီမိုကရေစီ ပါတီသစ်မှာမူ သုံးနေရာဝင်ပြိုင်မည်ဖြစ်ပြီး ရက်ပ်အဆိုတော်ရသမှာ မရမ်း ကုန်းမြို့နယ် ပြည်သူ့ လွှတ်တော် အတွက် ရွေးချယ်ခံမည် ဖြစ်သည်။

လစ်လပ်နေရာ ၄၈ နေရာအနက် ပြည်သူ့လွှတ်တော်တွင် ၄၀၊ အမျိုးသား လွှတ်တော်တွင် ခြောက်နေ ရာနှင့် တိုင်းဒေသကြီး/ ပြည်နယ် လွှတ်တော်တို့တွင် နှစ်နေရာစီ ရှိသည်။ ယင်းတို့အနက် လစ်လပ်နေရာ အများဆုံးဒေသမှာ မန္တလေးဖြစ်ပြီး ၁၀ နေရာအထိ ရှိသည်။

လက်ရှိအာဏာရ ကြံ့ခိုင်ရေးပါတီမှာ နေရာအားလုံးတွင် ဝင်ရောက် ရွေးချယ်ခံနိုင်ဖွယ် ရှိသည်ဟု ပါတီများက ခန့်မှန်းထားကြပြီး ဒေသအခြေစိုက် တိုင်းရင်းသားပါတီ အများစုမှာမူ တနေရာစီခန့်သာ ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး ၂ဝ၁၅ ရွေးကောက်ပွဲအတွက်ကိုသာ အာရုံထားကြသည်။

ရခိုင်အခြေစိုက် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ RNDP နှင့် ချင်းအမျိုးသား CNP ပါတီတို့မှာ ဝင်ရောက် ယှဉ်ပြိုင်ကြမည် မဟုတ်ပေ။

လစ်လပ်မဲဆန္ဒနယ်များ ကြားဖြတ် ရွေးကောက်ပွဲ ကျင်းပရေး အတွက် ကြိုတင် ပြင်ဆင်ထားရန် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က တိုင်းဒေသကြီးနှင့် ပြည်နယ် ကော်မရှင် အဖွဲ့ခွဲများသို့ နိုဝင်ဘာလလယ်ပိုင်း ကတည်းက အကြောင်းကြားထားပြီးဖြစ်ကြောင်းလည်း ပြည်တွင်းအခြေစိုက် Eleven  မီဒီယာ၏ အင်တာနက် စာမျက်နှာ၌ ဖော်ပြထားသည်။

ယင်းအပြင် မဲရုံနေရာများ လျာထားသတ်မှတ်ခြင်း၊ မဲပုံးနှင့် ဆန္ဒပြုခန်းများ ပြည့်စုံကောင်းမွန်မှု ရှိ၊ မရှိ စိစစ်ခြင်း တို့ကို ကြိုတင်ဆောင်ရွက်ထားရန် အကြောင်းကြားထားပြီး ဖြစ်သည်။

၂၀၁၀ ရွေးကောက်ပွဲတွင်မူ လက်ရှိအာဏာရ ကြံ့ခိုင်ရေးပါတီမှာ မဲဆန္ဒနယ် ၁,၁၅၄ အနက် ၈၈၂ နေရာ (၇၆.၅ ရာခိုင်နှုန်း) ဖြင့် အနိုင်ရရှိခဲ့သည်။

တစညကမူ  ၆၃ နေရာဖြင့် ဒုတိယလိုက်ပြီး ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ SNDP က ၅၇ နေရာ၊ RNDP က ၃၅ နေရာ၊ NDF နှင့် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီ ပါတီ AMRDP တို့က ၁၆ နေရာစီ ရရှိခဲ့သည်။

ယင်းအပြင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှာလည်း ပါတီမှတ်ပုံပြန်တင်ရေးအတွက် လာမယ့် နိုဝင်ဘာလ ၁၈ ရက်နေ့တွင် ဆုံးဖြတ်ဖွယ်ရှိပြီး၊ မှတ်ပုံတင်မည်ဆိုပါက ရွေးကောက်ပွဲတွင် အနည်းဆုံး သုံးနေရာ ဝင်ရောက် ယှဉ်ပြိုင် ရမည် ဖြစ်သည်။

lottable

Most read this week