ချင်းမိုင် (မဇ္ဈိမ) ။ ။ မစိုးရိမ်တိုက်ဟောင်း အတွင်းသို့ ညနေပိုင်းတွင် ပြောင်းရွှေ့သွားခဲ့သော နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးရေးနှင့် ပြည်တွင်းစစ် ရပ်စဲရေး ဆန္ဒပြတောင်းဆိုသော သံဃာတော်ငါးပါးက ဗုဒ္ဓဟူးနေ့ တွင် ဟောပြောမှု ဆက်လက် လုပ်ဆောင်မည်ဟု ပရိတ်သတ်ကို ကြေညာသွားခဲ့သည်။
ဆန္ဒပြသံဃာများဖြစ်သည့် ဦးသောပါက၊ ဦးမာဃ၊ ဦးစန္ဒိမာ၊ ဦးဘိန္ဓောလ၊ ဦးဇောတိပါလ တို့နှင့် မန္တလေးတိုင်း သံဃာ့မဟာနာယက ဥက္ကဋ္ဌဆရာတော်ကြီး၊ မြို့နယ်/တိုင်း အာဏာပိုင်များအကြား ညှိနှိုင်း ပြီးနောက် မန္တလေးမြို့ မဟာမြတ်မုနိ ဘုရားဝင်းအတွင်းရှိ မဟာဗုဒ္ဓဝင်ဗိမ္မာန်မှ မစိုးရိမ်ကျောင်းတိုက် ဟောင်းသို့ ပြောင်းရွှေ့ဟောပြောခွင့် ရသွားသည်။
တောင်းဆိုချက်များကို နိုင်ငံတော်သံဃာ့ မဟာနာယကအထိ အဆင့်ဆင့် တင်ပြသွားမည်ဟုဥက္ကဋ္ဌ ဆရာတော်ထံမှ ကတိရ ခဲ့သည်ဟု ဒေသခံများက ပြောသည်။
“မနက်ဖြန်ကို တနာရီကိုစမယ်လို့ ချိန်းထားတယ်။ ကျောင်းထဲ မှာပဲ ပြောစရာရှိတာကို ပြည်သူကိုပြောပါ။ ငြိမ်းငြိမ်းချမ်းချမ်း ဖြစ်ဖို့ကိုတော့ ဆရာတော်ကြီးတွေက အထူးမေတ္တာရပ်ခံတယ်။” ဟု မြို့ခံတဦးက ပြောသည်။
ဆန္ဒပြသံဃာများက မဟာအောင်မြေမြို့နယ်ထဲတွင်ပင် ရှိသော နေရာသစ်တွင် ရွှေ့ပြောင်း ဟောကြားမည်
ဆိုသဖြင့် လူပရိသတ် ၃၀၀ ကျော်က ကား၊ ဆိုင်ကယ်များဖြင့် လိုက်ပါသွားခဲ့သေးသည်။ သို့သော်အာဏာ ပိုင်များနှင့် ဆက်လက် ညှိနှိုင်းကြပြီးနောက် ဟောပြောမှုကို မနက်ဖြန်တွင် ပြုလုပ်ရန် ရွှေ့ဆိုင်းလိုက်ခြင်း ဖြစ်သည်။
အင်္ဂါနေ့နံနက် ငါးနာရီကျော်က စတင်ပြီး မဟာဗုဒ္ဓဝင်ဗိမာန်တော် အပြင်ဘက်နံရံတွင် “နိုင်ငံရေး အကျဉ်းသားများ ချက်ချင်းလွှတ်”၊ “ပြည်တွင်းစစ် ချက်ချင်းရပ်”၊ “လွတ်လပ်မှုကို ပေးပါ” ဆိုသော စာတမ်းများ ချိတ်ဆွဲကာ ဗိမာန်တော်အတွင်း ဝင်ရောက် ဆန္ဒပြခဲ့သည်။ လက်ကိုင် အသံချဲ့စက်မှလည်း ဆန္ဒပြရခြင်းနှင့် တောင်းဆိုချက်များ ကို ဟောပြောမှုပြုလုပ်ရာ လာရောက်နားထောင်သူ ငါးရာနီးပါးပင် ရှိခဲ့သည်ဟု ဒေသခံများက ပြောသည်။
ဆန္ဒပြသံဃာတော်တို့က ရန်ကုန်ရှိ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တယ်လီဖုန်းမှ တဆင့် စကားပြောလိုသည်ဟု တောင်းခံခဲ့သော်လည်း ယခုသတင်းပေးပို့ချိန်အထိ အဆက်အသွယ် မရကြောင်း သိရသည်။
မန္တလေးရှိ သံဃာတော်များ အဆိုအရ ဦးသောပါကမှာ ဂျာမဏီနိုင်ငံတွင် နိုင်ငံရေး ခိုလှုံခွင့်ဖြင့်သီတင်းသုံး ခဲ့သော ရဟန်းတပါးဖြစ်ပြီး ၂၀၀၇ ခုနှစ် မတ်လအတွင်း ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှ နယ်စပ်မြို့မဲဆောက် အထိ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးအတွက် လမ်းလျှောက်ဆန္ဒပြခဲ့သူ ဖြစ်သည်။ ထိုင်းနိုင်ငံရှိမြန်မာသံရုံး ရှေ့တွင်လည်း အစာငတ်ခံ ဆန္ဒပြရာ ထိုင်းရဲများက တားဆီးခြင်း ခံရဖူးသည့် ဆရာတော်ဖြစ်သည်။
သမ္မတ ဦးသိန်းစိန်က မေလအတွင်း ထောင်ဒဏ် လျှော့ပေးရာတွင် သံဃာသုံးပါး၊ အောက်တိုဘာလ လွတ်ငြိမ်း ချမ်းသာခွင့်တွင် ၂၉ ပါး လွတ်မြောက်လာသော်လည်း မြန်မာနိုင်ငံအနှံ့ ထောင်များတွင် သံဃာတော် ၁၇၆ ပါး ဆက်လျက် အကျဉ်းကျနေသေးသည်ဟု နိုင်ငံရေး အကျဉ်းသားများကူညီစောင့် ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) က ပြောသည်။