ချင်းမိုင် (မဇ္ဈိမ) ။ ။ နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရေးနှင့် ပြည်တွင်းစစ် ရပ်စဲရေးအတွက် မန္တလေးမြို့ မဟာအောင်မြေမြို့နယ် မဟာမြတ် မုနိ ဘုရားကြီးဝင်းအတွင်း ဆန္ဒပြနေသော ရဟန်း များက ဆန္ဒပြမှု ဆက်လက်လုပ်ဆောင် သွားမည်ဖြစ်ကြောင်း မိန့်ကြားသည်။
"ဦးဇင်းတို့ကို ဒီည မစိုးရိမ် တိုက်ဟောင်းမှာလာပြီး ဟောပြောပွဲ လုပ်ဖို့အတွက် ဆရာတော်ကြီးက ဖိတ်ခေါ်နေ တယ်။ အာဏာပိုင်တွေကနေ ဦးဇင်းတို့ကို ဒီမှာမလုပ်ဖို့ ပြောတာပေါ့ဗျာ။ ဦးဇင်းတို့က အဲဒါကိုလက်မခံသေး ဘူး။ ဦးဇင်းတို့က ဒီည ဒီမှာပဲ ဆက်လုပ်မယ်လို့ ပြောထားတယ်။"ဟု ဆန္ဒပြရာတွင် ပါဝင်သော ဦးဇင်း တပါးက မဇ္ဈိမသို့ တယ်လီဖုန်းမှ တဆင့် မိန့်ကြားသည်။
သပိတ်စခန်းအဖြစ် ဖွင့်လှစ်ထားသော အဆောက်အဦးအတွင်း ဦးသောပါက၊ ဦးမာဃ၊ ဦးစန္ဒိမာ၊ ဦးဘိန္ဓော လ၊ ဦးဇောတိပါလတို့ ရှိနေသည်ဟု ဆိုသည်။
အင်္ဂါနေ့နံနက် ၅ နာရီခန့်က စတင်၍ ဘုရားကြီးဝင်းအတွင်းရှိ မဟာဗုဒ္ဓဝင် ဗိမာန်တော် အပြင်ဘက်နံရံတွင် “နိုင်ငံရေး အကျဉ်းသားများ ချက်ချင်းလွှတ်” “ပြည်တွင်းစစ် ချက်ချင်းရပ်” “လွတ်လပ်မှုကို ပေးပါ” ဆိုသော စာတမ်း များ ချိတ်ဆွဲကာ ဗိမာန်တော်အတွင်း ဝင်ရောက် သီတင်းသုံး ဆန္ဒပြနေကြခြင်း ဖြစ်သည်။
ဆန္ဒပြမှု အဆုံးသတ်ရေးအတွက် မန္တလေးတိုင်း သံဃာ့နာယက ဆရာတော်များဖြစ်သည့် မစိုးရိမ်ကျောင်း တိုက်မှ ဆရာတော် ဦးရာဇဓမ္မာဘိဝံသနှင့် ရွှေကိန္နရီကျောင်းမှ ဆရာတော်တို့က သုံးကြိမ်မြောက် ကြွရောက်ဆွေးနွေးပြီးဖြစ်သော်လည်း သဘောတူညီချက် မရသေးဟု သိရသည်။
ဆန္ဒပြသံဃာတော်တို့က ရန်ကုန်ရှိ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တယ်လီဖုန်းမှ တဆင့် စကားပြောလိုသည်ဟု တောင်းခံထားသော်လည်း ဒေသစံတော်ချိန် ညနေ နှစ်နာရီကျော် အထိ အဆက်သွယ် မရှိသေးကြောင်းလည်း ဆန္ဒပြကိုယ်တော်တပါးက မဇ္ဈိမကို မိန့်ကြားသည်။
“ ဦးဇင်းတို့က ဖုံးနံပတ်ပေးထားတယ်။ (မွန်းလွဲ) ၁ နာရီ ၁၅ မိနစ်မှာခေါ်မယ်လို့လည်း ပြောတယ်။ ခုချိန်ထိလည်း မခေါ်သေးဘူး။ ဦးဇင်းတို့လည်း ဆွေးနွေးပွဲ လုပ်နေတယ် မပြီးသေးဘူး။” ဟု အဆိုပါ ရဟန်းက မိန့်သည်။
ဆန္ဒပြပွဲ သို့ သွားရောက်ကြည့်ရှု့သူ တဦးက မဇ္ဈိမသို့ တယ်လီဖုန်းမှတဆင့် ပြောကြားရာတွင် “သူတို့လုပ် နေတာက မဟာဗုဒ္ဓဝင် စင်္ကြန်ပေါ်မှာ၊ အဲဒီဝရန်တာကို သော့ခတ်ပြီးတော့ သူတို့ယူထားလိုက်တယ်။ အဲဒီနေရာက အကျယ် ငါးပေပေါ့။ အရှည်ကတော့ ပေ ၃၀ လောက်ရှိမယ် အဲဒီမှာနေ နေတာ။ ဘုရားကြီးရဲ့ အရှေ့မြောက်ထောင့် မဟာဗုဒ္ဓဝင် ပြခန်း မှာရှိတယ်။ သူတို့သုံးတာက အသံချဲ့စက်ရယ်၊ Sound Box ရယ် မီးစက်လေးလည်း ပါတယ်ဗျ။” ဟု ဆိုသည်။
“လုံခြံုရေး အခြေအနေကတော့ ခုချိန်ထိ အေးဆေးပဲ၊ ခုချိန်ထိ ဘာမှ မတွေ့ရသေးဘူး။ လာကြည့်တဲ့လူတွေ ကတော့ ၅၀၀ တော့ ကျော်မယ်ဗျ၊ အားလုံး စိတ်ဝင်တစားနဲ့ ကြည့်နေကြတယ်။ ကျနော်တို့ကိုလည်း ညှိ လို့ရပြီ ဆိုပြီးတော့ပြန်လွှတ်နေတယ်။ ဒါပေမယ့် ဘာကို ညှိလို့ရတယ်ဆိုတာ ကျနော်တို့ မသိရဘူး။” ဟု အဆိုပါ ဆန္ဒပြပွဲသို့ သွားကြည့် သူက ပြောသည်။
မန္တလေးရှိ သံဃာတော်များ အဆိုအရ ဦးသောပါကမှာ ဂျာမဏီနိုင်ငံတွင် နိုင်ငံရေး ခိုလှုံခွင့်ဖြင့် သီတင်းသုံး ခဲ့သော ရဟန်းတပါးဖြစ်ပြီး ၂၀၀၇ ခုနှစ် မတ်လအတွင်း ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှ နယ်စပ်မြို့မဲဆောက် အထိ လမ်းလျှောက် ဆန္ဒပြခဲ့သူ ဖြစ်သည်။ ထိုင်းနိုင်ငံရှိ မြန်မာသံရုံးရှေ့တွင်လည်း အစာငတ်ခံ ဆန္ဒပြရာ ထိုင်းရဲများက တားဆီးခြင်း ခံရဖူးသည်။
သမ္မတ ဦးသိန်းစိန်က မေလအတွင်း ထောင်ဒဏ် လျှော့ပေးရာတွင် သုံးပါး၊ အောက်တိုဘာလ လွတ်ငြိမ်းချမ်း သာ ခွင့်တွင် ၂၉ ပါး လွတ်မြောက်လာသော်လည်း မြန်မာနိုင်ငံအနှံ့ ထောင်များတွင် သံဃာတော် ၁၇၆ ပါး ဆက်လျက် အကျဉ်းကျနေသေးသည်ဟု နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) က ပြောသည်။