အာဆီယံ ထိပ်သီးညီလာခံ ကျင်းပမည့် ဘာလီတွင် လုံခြုံရေး အထူးတင်းကျပ်

အာဆီယံ ထိပ်သီးညီလာခံ ကျင်းပမည့် ဘာလီတွင် လုံခြုံရေး အထူးတင်းကျပ်
by -
ခရစ်စတင်း

ဘာလီ (မဇ္ဈိမ) ။        ။ လာမည့်နိုဝင်ဘာ ၁၉နှင့် ၂၀ရက်နေ့တို့တွင် ကျင်းပမည့် ၁၉ကြိမ် မြောက် အာဆီယံ အစည်းအဝေးပွဲ ကျင်းပမည့် အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီမြို့တွင် လုံခြံုရေးများ တင်းကျပ်စွာ ချထားပြီး အထူးရဲ တပ်ဖွဲ့ များကို လည်း နေရာအနှံ့တွင် တွေ့ရှိနေရသည်။

မီဒီယာစင်တာ အနီးတဝိုက်ဖြစ်သည့် Nusa Dua Bali ဟိုတယ်ဇုန်အတွင်းတွင် သံချပ်ကာကားများ ချထားသည်ကို လည်း တွေ့ရသည်။ ဟိုတယ်တိုင်းသို့ဝင်သည့် မော်တော်ယာဉ်များကိုလည်း မိုင်းရှာ ကိရိယာများဖြင့် တင်းတင်း ကျပ်ကျပ် စစ်ဆေးလျက် ရှိသည်။

ယခုအကြိမ် ညီလာခံတွင် အာဆီယံ မိတ်ဖက်နိုင်ငံတခုဖြစ်သည့် ရုရှနိုင်ငံမှ ရုရှသမ္မတ မက်ဗီဒက်သည် နိုင်ငံ အတွင်း ကျင်းပမည့် ရွေးကောက်ပွဲကြောင့် တက်ရောက်နိုင်မည် မဟုတ်သလို ထိုင်းနိုင်ငံ ဝန်ကြီးချုပ်သစ် ယင်းလပ်ရှင်နာဝပ်ထရာသည်လည်း ထိုင်းရေဘေးကြောင့် တက်ရောက်မည် မဟုတ်ကြောင်း သိရသည်။
သို့သော် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း တက်ရောက်မည်ဟု အင်ဒိုနီးရှား အခြေစိုက် သတင်းများက ဖော်ပြသည်။

ယင်းအပြင် နိုဝင်ဘာ ၁၉ရက်နေ့တွင် အမေရိကန် သမ္မတ ဘားရက်အိုဘားမားလည်း အာဆီယံ-အမေရိကန် တတိယအကြိမ်မြောက် အစည်းအဝေးသို့ တက်ရောက်မှာဖြစ်သည်။

ဘာလီတွင် ၂၀၀၂ ခုနှစ်က အကြမ်းဖက်သမားများက ဗုံးခွဲမှု ဖြစ်ပွားခဲ့ခြင်းကြောင့် အမေရိကန်သမ္မတ တက်ရောက် မည့်ပွဲတွင် လုံခြံုရေးကို ယခင် ဂျာကာတာတွင် ပြုလုပ်သည့်ပွဲများထက် ပိုသည့် လုံခြံုရေး စီမံမှုများ ပြုလုပ်ထားကြောင်းလည်း သိရသည်။

လက်ရှိအချိန်တွင် အာဆီယံ ထိပ်သီးအစည်းအဝေး စတင်ခြင်း မရှိသေးသော်လည်း အင်္ဂါနေ့က ကျင်းပသည့် အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးတွင် မြန်မာနိုင်ငံကို ဥက္ကဋ္ဌ ပေးရေး၊ မပေးရေးနှင့် ပတ်သက်ပြီး ထည့်သွင်း ဆွေးနွေးနေသည်။

ဒုတိယအဆင့်တွင် အာဆီယံနိုင်ငံများမှ ခေါင်းဆောင်များကို တင်ပြကာ ဥက္ကဋ္ဌခန့်ထားရေးနှင့် ပတ်သက်ပြီး ဆုံးဖြတ်သွားမည်ဖြစ်ကြောင်း အာဆီယံ အတွင်းရေးမှူးချုပ်ရုံး သတင်းများအရ သိရသည်။

ထိပ်သီးညီလာခံသို့ မြန်မာနိုင်ငံမှ သမ္မတ ဦးသိန်းစိန်လည်း တက်ရောက်မည် ဖြစ်ကာ မြန်မာနိုင်ငံကို အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ အဖြစ် ၂၀၁၄ ခုနှစ်တွင် ပေးရေးနှင့် ပတ်သက်ပြီး အလားအလာ ကောင်းမွန် နေခြင်းကြောင့် သတင်းကိုရယူရန် ပြည်တွင်း မြန်မာသတင်းမီဒီယာမှ သတင်းသမားအချို့လည်းရောက်ရှိ လာသည်ကို တွေ့ရ သည်။

ပြည်တွင်းရှိ ဝီးကလီးအလဲဗင်း သတင်းမီဒီယာမှ သတင်းသမားများ စေလွှတ်ကာ သတင်းရယူနေကြောင်း ကိုလည်း ယင်းတို့၏ အင်တာနက် စာမျက်နှာပေါ်တွင် ဖော်ပြထားသည်။ ယင်းသတင်းအဆိုအရ ယခုနှစ်တွင် နိုင်ငံတကာမှ သတင်းသမား စုစုပေါင်း ၁,၅၀၀ ခန့် ထိပ်သီး ညီလာခံသို့ တက်ရောက် သတင်းရယူမည် ဖြစ်ကြောင်း ဖော်ပြထား သည်။

Most read this week