နယူးဒေလီ (မဇ္စျိမ) ။ ။ လူမျိုး၊ ဘာသာမရွေး နာရေး ကိစ္စများအား ကူညီပေးနေသည့် အတွက် ရန်ကုန် မြို့လယ်ရှိ ဧမာနွေလ ခရစ်ယာန် ဘုရားရှိ ခိုးကျောင်းက နာရေးကူညီမှုအသင်း (ရန်ကုန်) ၏ ဥက္ကဋ္ဌဖြစ်သူ ဦးကျော်သူအား လူမှုအကျိုးပြု ဒေါက်တာဘွဲ့ (Doctor of Humane Social Services – D.H.H.S) ပေးအပ် လိုက်သည်။
ယင်းဘွဲ့ကို Immanuel Theological Institute (ပင်မကျောင်းတော်ကြီး)၊ Union Biblical Seminary (ရန်ကုန်)၊ International School of Theology (ဘန်ကောက်) နှင့် Online Bible College International (သြစတြေးလျ) တို့၏ မတည်မှုဖြင့် ဧမာနွေလဘုရားကျောင်းမှ ပေးအပ်ခြင်း ဖြစ်သည်။
ယခုဘွဲ့မှာ ပြည်တွင်းတွင် ပထမဆုံး ချီးမြှင့်ခံရသည့်ဘွဲ့ ဖြစ်ပြီး ပြည်ပမှ ချီးမြှင့်သည့် ပြည်သူ့ဂုဏ်ရည်ဆုနှင့် ပြည်သူ့ ဘက်သား အနုပညာသမားဆုတို့လည်း ရရှိဖူးသည်။ ရုပ်ရှင်သရုပ်ဆောင် ဦးကျော်သူမှာ နာရေးကူညီမှု လုပ်ငန်း အပြင် စေတနာကုသိုလ်ဖြစ် ဆေးခန်း ဖွင့်လှစ်ထားကာ ငွေကြေး မတတ်နိုင် သူများအား ကူညီပေးလျက် ရှိသည်။
“ပြည်တွင်းလည်း ဖြစ်တယ်၊ ပြည်တွင်းမှာလည်း ဘာသာခြား အဖွဲ့အစည်းကနေပြီးတော့ ချီးမြှင့်တဲ့အတွက် အံ့တော့ အံ့သြမိတာပေါ့လေ” ဟု ဦးကျော်သူက မဇ္စျိမကို ပြောသည်။
ဦးကျော်သူအပြင် ဇနီးဖြစ်သူ ဒေါ်မြင့်မြင့်ခင်ဖေ (ခေါ်) ရွှေဇီးကွက်မှာလည်း (Master of Humane Social Services - M.H.H.S) ချီးမြှင့်ခံခဲ့ရသည်။
ရွှေဇီးကွက်မှာ “ခင်ပွန်းဖြစ်သူနှင့် အတူ လူမှုရေး လုပ်ငန်းများကို မောင်တထမ်း မယ်တရွက် တက်တက် ကြွကြွဆောင်ရွက်ပေးသည့်အတွက် ချီးမြှင့်ခံရခြင်း ဖြစ်ကြောင်း” ဦးကျော်သူက သူ၏ လူမှုကွန်ယက် စာမျက်နှာ Facebook တွင် ရေးသားထားသည်။
“ဒီဆုရအောင်ဆိုပြီး မသာချနေတဲ့သူတွေလည်း မဟုတ်ဘူး။ နာမည်ကြီးအောင် မသာချနေတဲ့ အလုပ်လည်း မဟုတ်ပါဘူး။ ဒီတော့ လူသား တယောက်အနေနဲ့ လူပီသစွာ တွေးကြဖို့၊ ခေါ်ကြဖို့၊ လူသားအချင်းချင်း ရိုင်းပင်း ကူညီဖို့ ကျနော်တို့ နိုင်ငံမှာ အရမ်းအရေးကြီးနေပါတယ်” ဟု ဦးကျော်သူက ပြောသည်။