ချင်းမိုင် (မဇ္စျိမ) ။ ။ ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပရန် နီးလာချိန်တွင် အစိုးရအဖွဲ့ဝင်များကို လွှတ်တော်အမတ်နေရာ ပြန်ပေးရန် ရည်ရွယ်၍ ၂ဝဝ၈ ဖွဲ့စည်းပုံပါ ဥပဒေ တချို့ကို ပြင်ဆင် ဖြည့်စွက်နိုင်ရန် အာဏာရ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီမှ အမတ်အချို့ ကြိုးပမ်းမှုများ ရှိနေကြောင်း မဇ္စျိမက စုံစမ်းသိရှိရသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေပါ "နိုင်ငံတော်သမ္မတ၊ ဒုသမ္မတများသည် မည်သည့်လွှတ်တော်ကိုယ်စားလှယ်မျှ မဖြစ်စေရ" ဟူသည့်အချက်ကို ကြံ့ခိုင်ရေးအမတ်များက ပယ်ဖျက်လိုနေသည်။ ယင်းအပြင်“သမ္မတများ သည် မိမိရွေးချယ် ခံခဲ့သော မြို့နယ်များ၏ လွှတ်တော်ကိုယ်စားလှယ်အဖြစ် ပြန်လည်ရပ်တည်ခွင့် ရှိသည်။”ဟု ကြံ့ခိုင်ရေး အမတ်များမှ ဖြည့်စွက်လိုကြောင်း မဇ္ဈိမက ရရှိထားသည့် အထောက်အထားများက ဖေါ်ပြသည်။
သမ္မတများအပါအဝင် ပြည်ထောင်စုဝန်ကြီးများ၊ ဒုဝန်ကြီးများ၊ ပြည်ထောင်စု စာရင်းစစ်ချုပ်တို့အဖြစ် တာဝန် ထမ်းဆောင်ရပါက လွှတ်တော်အမတ်အဖြစ်မှ နုတ်ထွက်ရမည်ဟူသည့် ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း (၃) တွင် ပြဋ္ဌာန်းထားသည့် ပုဒ်မအချို့ကို ဖြည့်စွက်ပြင်ဆင်ရန် ကြံ့ခိုင်ရေးအမတ်များလွှတ်တော် ပြင်ပတွင် ကြိုးပမ်းနေကြခြင်းလည်းဖြစ်သည်။
အခွင့်အရေးဆုံးရှုံးရသည်ဟု အကြောင်းပြ၍ လွှတ်တော်သို့ အဆိုတင်နိုင်ရေး အမတ်ဦးရေ၏ ၂ဝ ရာခိုင်နှုန်း ရရှိနိုင်ရန် ကြံ့ခိုင်ရေးနှင့် ပါတီတချို့မှ ကိုယ်စားလှယ်များ အုပ်စုဖွဲ့ လက်မှတ်ထိုးသည့် အဆင့်သာ ရှိသေးကြောင်းပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တဦးက မဇ္စျိမကိုပြောသည်။
“တချို့ အဲဒါ လက်မှတ် လိုက်ထိုးကြတယ်လို့ ကြားပါတယ်။ သမ္မတရော ဘာရော လွှတ်တော်ကိုယ်စား လှယ်ထဲ မပါတော့ဘူးဆိုရင် သူတို့ရဲ့ အခွင့်အရေး ဆုံးရှုံးတယ်။ သူတို့နယ်မြေမှာလည်း မလုပ်ပေးနိုင်ဘူး။ လွှတ်တော်နဲ့ လုံးဝအဆက်ပြတ်သွားလို့ရှိရင် လွှတ်တော်က ဘာဆုံးဖြတ်တယ် ဆိုတာလည်း သူတို့ သိခွင့်မရှိဘူးလို့ အကြောင်းပြတယ်လို့ ပြောတာပဲ။” ဟု သူကပြောသည်။
ပြည်ထောင်စု စာရင်းစစ်ချုပ်၊ ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးများသည် တာဝန်ပေးခံရသည့် နေ့မှစ၍ “လွှတ်တော်ကိုယ်စားလှယ်အဖြစ်မှ နုတ်ထွက်ပြီးဖြစ်သည်။” ဟု ဆိုသော ပုဒ်မ ၂၄၂ (င)၊ ၂၃၂ (စျ)၊ ၂၃၄ (စ) တို့မှ စာပိုဒ်ကိုလည်း အလားတူ ပြင်ဆင်ရန် စိုင်းပြင်းနေသည်။
ကြံ့ခိုင်ရေးနှင့် စစ်တပ်အမတ်ပေါင်းပြီး ပြည်ထောင်စုလွှတ်တော် အမတ်အားလုံး၏ ရ၅ ရာခိုင်နှုန်း ကျော်ဖြင့် ဖော်ပြပါ ဥပဒေများကို ပြင်နိုင်ရန် အခွင့်အလမ်းရှိနေသော်လည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ အစိုးရနှင့် လွှတ်တော်အကြား ဆက်ဆံရေးကောင်းမွန်နေသဖြင့် ယင်းကြိုးပမ်းမှုမှာ လွယ်လွယ်ဖြင့် အောင်မြင်မည်ဟုပြည်သူ့လွှတ်တော်အမတ်က မယူဆပေ။
တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးပါတီ ပြောခွင့်ရသူ ဦးဟန်ရွှေကမူ ဖွဲ့စည်းပုံပါ ပြင်ဆင်ရန် ကြိုးစား နေမှုကို မကြားသိသော်လည်း အာဏာပိုင်အဖွဲ့အစည်းဝင်များအနေဖြင့် လူထုထံ မှ အမြင်ရှင်းလင်းမှုကို ကြိုးစား ရယူသင့်သည်ဟု ဆိုသည်။
“တချိန်တုန်းက ကျင့်သုံးခဲ့တဲ့ အစဉ်အလာအရက one party system ဆိုရင် ဒါပြဿနာမဟုတ်ပါဘူး။ ပါတီစုံ စနစ် ဆိုရင်တော့ လွှတ်တော်ကိုယ်စားလှယ်ဆိုတာကလည်း ဘယ် source ကလာတာလဲ။ ဘယ်ပါတီကလာတာလဲ ဆိုတာရှိတာကိုး။ အဲဒီဟာမှာ အာဏာပိုင်အဖွဲ့အစည်းဆိုတဲ့ ပုဂ္ဂိုလ်ကရှင်းရှင်း လင်းလင်းနဲ့ လုပ်နိုင်လို့ရှိရင်တော့ ပိုပြီးတော့ ကောင်းတာပေါ့။” ဟု သူကပြောသည်။
တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးပါတီအဆိုအရ လစ်လပ်နေသော အမတ်နေရာ ၄၈ နေရာရှိသော ကြားဖြတ်ရွေးကောက်ပွဲတွင် မွန်ပြည်နယ်၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် တို့တွင် နေရာ ၂ဝ ခန့် ဝင်ပြိုင်ရန် လျာထားသည်။ အချို့သော နိုင်ငံရေးပါတီများကရွေး ကောက်ပွဲကော်မရှင်ကို ကိုးကားပြောကြားရာတွင် လစ်လပ်နေသော အမတ်နေရာမှာ ရဝ အထိရှိသည် ဟုဆိုသည်။
အမျိုသားဒီမိုကရေစီပါတီသစ် သင်္ကန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော်အမတ် ရှေ့နေ ဦးသိန်းညွန့်က အစိုးရ အဖွဲ့ဝင်များ အမတ်နေရာပါယူခွင့် လှုပ်ရှားနေမှုနှင့်ပတ်သက်၍ မကြားသိရသော်လည်း ဖြစ်လာလိမ့်မည်ဟု လည်း မျှော်လင့်မထားသူပင်ဖြစ်သည်။
“အဲဒီလိုအခြေအနေမျိုး ရောက်လာမယ်လို့ အခုအခြေ အနေမှာတော့ မထင်သေးဘူး။” ဟုပြောသည်။
ပြင်ဆင်ရန်ကြိုးစားနေသည့် ကျန်ဥပဒေများတွင် ပြည်ထောင်စုဝန်ကြီး ရွေးကောက်ပွဲနီးချိန်တွင်ပါတီစည်း ရုံးရေးပြုလုပ်နိုင်ရန်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် ကောင်စီဝင်များ လွှတ်တော် အမတ်အဖြစ်ပြန်ရပ် တည်ခွင့်၊ပြည်ထောင်စု အဆင့် တရားသူကြီးများနှင့် တိုင်း/ပြည်နယ် တရားသူကြီး တို့၏တာဝန်ထမ်းဆောင် ခွင့် သက်တမ်း ပြင်ဆင်မှုများလည်း ပါဝင်သည်။
အခြေခံဥပဒေအရ လွှတ်တော်အမတ် ဖြစ်ခွင့် မရှိသူများထဲတွင် နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ဆိုင်ရာခုံရုံး အဖွဲ့ဝင်များ၊ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ပြည်ထောင်စု စာရင်းစစ်ချုပ်နှင့် ဒုစာရင်းစစ်ချုပ်၊ ပြည်ထောင်စု ရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များလည်း ပါဝင်သည်။