နယူးဒေလီ (မဇ္စျိမ) ။ ။ ထောင်ဒဏ်လျှော့ရက် ရရှိရေး ဆန္ဒပြနေသည့် အင်းစိန် အကျဉ်းထောင်မှ အကျဉ်းသား ၁၅ ဦးအား နိုဝင်ဘာလကုန်အထိ ထောင်ဝင်စာ ပိတ်ထားလိုက်ပြီ ဖြစ်ကြောင်း နိုင်ငံရေး အကျဉ်းသားများ အကျိုးဆောင် ကွန်ယက်ထံမှ သိရသည်။
ထောင်လက်စွဲပါ ဥပဒေအရ သာမန် အကျဉ်းသားများ လျှော့ရက်ခံစားရချိန်တွင် နိုင်ငံရေးအကျဉ်းသားများ အားလျှော့ရက်မရသည့်အတွက် အောက်တိုဘာလ ၂၆ ရက်မှ စ၍ အစာငတ်ခံ ဆန္ဒပြခဲ့ကြခြင်းလည်း ဖြစ်သည်။
“ကိုစိုးမိုးထွန်းတို့၊ ကိုညီညီထွန်းတို့ရဲ့ မိသားစုဝင်တွေ ဒီကနေ့ ထောင်ဝင်စာ သွားတွေ့ပါတယ်။ သွားတွေ့တဲ့ အခါ ကျတော့ ထောင်အာဏာပိုင်တွေက ထောင်ဝင်စာကိုတော့ ပေးမတွေ့ဘူး ပေါ့ဗျာ။ ပါဆယ်သွင်းခွင့်ပဲ ပြုတယ် ဆိုပြီး ပြောတယ်။ ထောင်ဝင်စာကိုလည်း တလပိတ်ထားတယ်လို့ ပြောတယ်” ဟု နိုင်ငံရေး အကျဉ်းသားများ အကျိုးဆောင် ကွန်ယက် တာဝန်ခံ ကိုအောင်ဇော်ထွန်းက မဇ္စျိမကို ပြောသည်။
အင်းစိန်ထောင်တွင် ၁၄ ရက်လျှင် တကြိမ် မိသားစုနှင့် တွေ့ခွင့်ရှိပြီး ခုနှစ် ရက်လျှင် တကြိမ် ပါဆယ်ပို့ခွင့် ရှိရာ ပါဆယ်ပို့ခွင့်ကို နိုဝင်ဘာလ ၄ ရက်မှစ၍ ပြန်လည် ခွင့်ပြုထားသည်ဟု သိရသည်။
အစာငတ်ခံ ဆန္ဒပြသူများမှာ ထောင်လက်စွဲအရ သေဒဏ်ကျ၊ နှစ်အကန့်အသတ် မရှိနှင့် တသက်တကျွန်း ထောင် ဒဏ် ကျခံရသူများမှလွဲ၍ အကျဉ်းသားတိုင်း လျှော့ရက် ခံစားခွင့်ရသော်လည်း ယင်းကဲ့သို့မပေး ခဲ့သည့် အတွက် ဆန္ဒပြခဲ့ခြင်းလည်း ဖြစ်သည်။
ထောင်လက်စွဲ ဥပဒေအရ အကျဉ်းထောင်အတွင်း ဆန္ဒပြခြင်း သို့မဟုတ် အကျဉ်းသား အချင်းချင်း ပြဿနာ တစုံတရာ ရှိလာပါက စစ်ခွေးတိုက်ပို့ခြင်း၊ ထောင်ပြောင်းခြင်း၊ ဒေါက်တပ်ခြင်း၊ ရိုက်နှက်ခြင်း၊ ထောင်ဝင်စာ ပိတ်ခြင်းများ ပြုလုပ်လေ့ရှိရာ ယခုပိတ်ခြင်းမှာလည်း အပြစ်ပေးခြင်း တမျိုးဖြစ်သည်ဟု ကိုအောင်ဇော်ထွန်း က ပြောဆိုသည်။
“ထောင်လက်စွဲဥပဒေပါ လျှော့ရက်ကို မပေးကတည်းက ချိုးဖောက်တာပဲလေ။ သူတို့ဘက်က ပေးအပ်ရမယ့် အခွင့်အရေးတွေကို မပေးအပ်တဲ့အတွက် နိုင်ငံရေးအကျဉ်းသားတွေက ဆန္ဒပြတာပဲ။ အဲဒါကိုမှ နောက်ထပ်
ထောင်ဝင်စာ ထပ်ပိတ်တယ်ဆိုတာကတော့ ဖိနှိပ်မှုကို ဖိနှိပ်မှုနဲ့ပဲ ထပ်ပြီးတော့ လုပ်တယ်လို့ ကျနော်တို့က သုံးသပ်တယ်။ လက်မခံပါဘူး” ဟု ကိုအောင်ဇော်ထွန်းက ဆိုသည်။
သူက ဆက်ပြီး ပါဆယ်ထုပ်ပို့ခွင့်ပြုထားသည့်အတွက် အစာငတ်ခံဆန္ဒပြမှုမှာ ရပ်ဆိုင်းသွားပြီဟု ယူဆရ ကြောင်းနှင့် မည်သည့်သဘောတူညီချက်များ ရှိသည်ကိုမူ မသိရသေးကြောင်း၊ စနေနေ့တွင်လည်းအကျဉ်း သားမိသားစုများက သွားရောက်စုံစမ်းဖြစ်ကြောင်း ပြောသည်။
မြန်မာနိုင်ငံတွင် နိုင်ငံရေး အကျဉ်းသားများကို လျှော့ရက်ခံစားခွင့် ပိတ်ပင်ခြင်းကို ၁၉၉၇ ခုနှစ်မှစ၍စတင် ခဲ့သည်။