မြန်မာကို ဥက္ကဋ္ဌပေးရန် အာဆီယံ သဘောတူဟုဆို

မြန်မာကို ဥက္ကဋ္ဌပေးရန် အာဆီယံ သဘောတူဟုဆို
by -
ကိုပေါက်

နယူးဒေလီ (မဇ္စျိမ) ။        ။ ၂၀၁၄ အာရှဒေသ ဆိုင်ရာ ထိပ်သီး အစည်းအဝေးများအား အိမ်ရှင် နိုင်ငံအဖြစ် မြန်မာ က ကျင်းပရန် အာဆီယံ ခေါင်းဆောင်များက နှစ်ထောင်းအားရသဘော တူမှုကို ဖော်ပြကြကြောင်း အင်ဒိုနီးရှား နိုင်ငံခြား ရေးဝန်ကြီး မာတီနာတာလီဂါဝါ Marty Natalegawa အား ကိုးကား၍ Jakata Globe သတင်းက ရေးသား ထားသည်။

“(ရှေ့အပါတ် ဘာလီ အစည်းအဝေးမှာ) မြန်မာအတွက် ထောက်ခံပေးမှာလားလို့ မေးရင် ကျနော့်အနေနဲ့ အဖြူအမဲ အဖြေ မပေးနိုင်ပါဘူး” ဟု Marty Natalegawa က သတင်းထောက်များအား ပြောကြားလိုက်ပြီး မြန်မာနိုင်ငံ အခြေအနေနှင့် ပတ်သက်၍ “အကယ်၍ (အခု) နိုဝင်္ဘာ အခြေအနေကို ပြီးခဲ့တဲ့ ဇူလိုင်နဲ့ မေလတုန်းက အခြေအနေတွေနဲ့ နှိုင်းယှဉ်ခိုင်းရင်တော့ ကျနော့်အနေနဲ့ ပိုပြီးတော့ အကောင်းမြင် အပေါင်းလက္ခဏာ ပြတယ်လို့ ခံစားရပါ တယ်” ဟု မကြာသေးမီက မြန်မာနိုင်ငံသို့ သွားရောက်ခဲ့သည့် လက်ရှိ အာဆီယံ ဥက္ကဋ္ဌ အင်ဒိုနီးရှားနိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးက ပြောသည်။

suu-kyi-indonesian-fm-marty-natalegawa-3
ပြီးခဲ့သည့် ဇူလိုင် ထိပ်သီးအစည်းအဝေး ထုတ်ပြန်ချက်တွင်လည်း အိမ်ရှင်နိုင်ငံလုပ်ရန်“မြန်မာရဲ့အဆိုပြုချက် ကို အပေါင်းလက္ခဏာပြ စဉ်းစားကြရန်” တိုက်တွန်းချက်တခု ထူးခြား အရေးပါလှစွာ ဖော်ပြထားပြီးဖြစ်သည်။

ဥက္ကဋ္ဌအဖြစ် မြန်မာအနေနှင့် အာဆီယံကိုယ်စား စကားပြောရမည်ဖြစ်ပြီး ဒေသတွင်း အစည်းအဝေးများ လည်း အိမ်ရှင်အဖြစ် လက်ခံကျင်းပပေးရမည်ဖြစ်သည်။ ထိုအထဲတွင် အမေရိကန် ပြည်ထောင်စု ပါဝင်သည့် အရှေ့အာရှ ထိပ်သီးအစည်းအဝေးလည်း တခုအပါအဝင်ဖြစ်သည်။

လာမည့် ရက်သတ္တပါတ်အတွင်း အင်ဒိုနီးရှားနိုင်ငံ ဘာလီမြို့တွင် ကျင်းပမည့် အစည်းအဝေးသို့ အိုဘားမား တရားဝင် တက်ရောက်မည် ဖြစ်သည်။ မြန်မာတွင် အာဆီယံထိပ်သီး အစည်းအဝေး ကျင်းပဖြစ်လျှင် မြန်မာ အစိုးရ ကို မာမာတင်းတင်း ဆန့်ကျင်နေခဲ့သော အမေရိကန်နိုင်ငံ၏ သမ္မတသည်လည်း အစည်းအဝေး လာတက်ရဖွယ် ရှိနေသည်။ 

အမေရိကန်နှင့် မြန်မာ နှစ်နိုင်ငံဆက်ဆံရေး ချောမွေ့ ပြေလည်စေရေး အတွက် “နေပြည်တော်ရော ဝါရှင်တန်ရော ဟာ နားလည်မှု လွဲမှားစေနိုင်တဲ့ ဝန်းကျင်ကို ရှောင်ရှားပြီး ယုံကြည်မှု တည်ဆောက်ဖို့ လိုပါတယ်။ ရှင်းလင်းတဲ့ ဆက်သွယ်ရေး လမ်းကြောင်းတွေ သေချာခိုင်မာ ရှိနေရပါမယ်” ဟု အမေရိကန် သံအမတ် ဒဲရစ်မစ်ချယ် Derek Mitchell က သောကြာနေ့က အမေရိကန် သုံရုံးတွင် ပြုလုပ်ခဲ့သည့် သတင်းစာ ရှင်းလင်းပွဲတွင် ထည့်သွင်း
ပြောကြားခဲ့သည်။

“NLD အပါအဝင် နိုင်ငံရေးအင်အားစုများအနေနှင့် တိုင်းပြည်၏ နိုင်ငံရေးဘဝအတွင်း အပြည့်အဝ ပါဝင် ဆောင် ရွက်နိုင်ရန်အတွက် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေအား လက်မှတ်ရေးထိုး ထုတ်ပြန်ပေးရန် လိုအပ်ကြောင်း” မစ္စတာဒဲရစ်မစ်ချဲလ်က ပြောဆိုလိုက်သည့် နေ့ ည ၈ နာရီသတင်းမှာပင် သမ္မတ ဦးသိန်းစိန် လက်မှတ်ဖြင့် ထုတ်ပြန်လိုက်ကြောင်း အစိုးရက ကြေညာခဲ့သည်။