ရန်ကုန် (မဇ္စျိမ) ။ ။ ဂျပန်နိုင်ငံမှတင်သွင်းလာ သည့် တပတ်ရစ်ကား အစီးရေ ၁၁၀ ကို ပနားမား အလံတင် ဂျပန်နိုင်ငံ Osaka သင်္ဘောကုမ္ဗဏီပိုင် Ocean Blue သင်္ဘောဖြင့် သယ်ယူလာခဲ့ရာ နိုဝင်ဘာလ ၅ ရက်နေ့တွင် မြန်မာနိုင်ငံ ရန်ကုန် ဆူးလေဆိပ်ကမ်းသို့ ဆိုက်ကပ်၍ ကားများချခဲ့ပြီ ဖြစ်ကြောင်း သိရသည်။
ယခု ရောက်ရှိလာသောကားများမှာ သက်တမ်း ၄၀ ကျော်နေသော ကားများအား ပိုမို လတ်ဆတ်သော ကားများနှင့်ပြန်လည် လဲလှယ် အစားထိုး အစီအစဉ်ဖြင့် ပထမဆုံး ရောက်ရှိလာသော ကားများဖြစ်ကာ ယင်းအစီအစဉ်ကို စက်တင်ဘာလ ၁၉ ရက်နေ့မှစ၍ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
ကားများကို နိုဝင်ဘာလ ၅ ရက်နေ့ ည ၁၀ နာရီခန့်တွင် သင်္ဘောပေါ်မှ ချခြင်းဖြစ်ကြောင်း မြန်မာ့ ဆိပ်ကမ်း အာဏာပိုင်မှ တရားဝင် သတင်းထုတ်ပြန်သည်။ ယင်းအပြင် ဆိပ်ကမ်းသို့ ချရာတွင်လည်း စစ်ဆေးမှုများ ပြုလုပ်ခဲ့ သည်ဟု သိရသည်။
“ကားကို လိုအပ်တဲ့ စာရွက်စာတမ်းတွေ အစုံအလင်နဲ့ပဲ လာရောက် ထုတ်ယူရမယ်။ အဲဒီလို ထုတ်ယူတ့အခါ ပိုင်ရှင် ဒါမှမဟုတ် ကိုယ်စားလှယ်နဲ့ ယာဉ်မောင်းယောက်ပဲ ဆိပ်ကမ်းကို ဝင်ခွင့်ရမယ်” ဟု မြန်မာ့ဆိပ်ကမ်း လုပ်ငန်းမှ တာဝန်ရှိသူ တဦးက မဇ္စျိမကို ပြောသည်။
အဆိုပါ သင်္ဘောမှာ အထပ် ရှစ်ထပ်ရှိပြီး ကားစီးရေ ၂၀၀၀ ကျော် တင်ဆောင်နိုင်ကြောင်း၊ ယခု သယ် လာသော ကားများအနက် စီးရေ ၁၅၀၀ နီးပါးကို ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်းသို့ တင်ပို့ခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံသို့ ရောက်ရှိလာသည့် ကားများမှာ ဂျပန်နိုင်ငံမှ တပတ်ရစ်ကားများဖြစ်ပြီး Mark II အမျိုးစား ကားမှာ အများဆုံး ပါဝင်ကြောင်း၊ ယင်းအပြင် Pajero, Hilux Surf ကားများလည်း ပါဝင်ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် ၂ဝဝဝ ခုနှစ်နောက်ပိုင်းမှစ၍ ကားတင်သွင်းခွင့် ပိတ်ပင်ခဲ့ခြင်းကြောင့် ကားစျေးကွက်မှာ ပြည်ပနိုင်ငံများနှင့် ယှဉ်ပါက စျေးနှုန်းမြင့်မားပြီး ကားသစ်ထက် ကားဟောင်းများကသာ ကြီးစိုုးခဲ့သည်။
ကားဟောင်းများ လဲလှယ်ရေးအစီအစဉ်အရ ကားတင်သွင်းရာတွင် ၁၉၉၅ ခုနှစ်မှ ၂ဝဝ၂ အထိ မော် ဒယ်လ်ကား များကို တင်သွင်းခွင့် ရခဲ့သည်။ သို့သော် အင်ဂျင်ပါဝါ ၁၃ဝဝ စီစီထက် မမြင့်သောကား များကို တင်သွင်းမည်ဆိုပါက ယခုနောက်ဆုံးပေါ်မော်လ်ဒယ်များ အထိ အောက်တိုဘာလ ၂၇ ရက်မှစ၍တင်သွင်း ခွင့်ပြုမည် ဖြစ်ကြောင်းအောက်တိုဘာလ ၂၆ ရက်က နေပြည်တော်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ တွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဦးပွင့်ဆန်းက မီဒီယာများကို ပြောကြားခဲ့သည်။
ကားလဲလှယ်အစီအစဉ်အရ လာမည့် ဒီဇင်ဘာလတွင်လည်း ကားစီးရေ ၂၀၀၀ ကျော် တပြိုင်နက်တည်း ရောက်ရှိ မည်ဖြစ်ကြောင်း ဆိပ်ကမ်းအာဏာပိုင်များထံမှ သိရသည်။
သက်တမ်း ၃ဝ မှ ၄ဝ ကြား ပါဝင်သည့် ကားစီးရေ ၈,၃၃၁ စီးကို နိုဝင်ဘာလ ၈ ရက်မှစ၍ လဲလှယ်ပေးမည် ဖြစ်ကာ သက်တမ်း ၂ဝ မှ ၃ဝ ကား ကားအစီးရေ ၃၆,၈၇၅ စီးကိုလည်း ၂ဝ၁၂ ခုနှစ် ဇန်နဝါရီလမှစ၍ လဲလှယ်ပေးရန် စီစဉ်နေကြောင်း သိရသည်။