ဒေါ်အောင်ဆန်းစုကြည်နှင့် ဝန်ကြီးဦးအောင်ကြည် စတုတ္ထအကြိမ်တွေ့ဆုံ

ဒေါ်အောင်ဆန်းစုကြည်နှင့် ဝန်ကြီးဦးအောင်ကြည် စတုတ္ထအကြိမ်တွေ့ဆုံ
by -
မျိုးသိဏ်း

(မဇ္စျိမ) ။      ။ အစိုးရသစ်လက်ထက် စတုတ္ထ အကြိမ် မြောက် တွေ့ဆုံမှု အဖြစ် ဒေါ်အောင်ဆန်း စုကြည်နှင့်ပြည်ထောင်စု ဝန်ကြီး ဦးအောင်ကြည်တို့ ယနေ့မွန်းလွဲပိုင်းက စိမ်းလဲ့ကန်သာ နိုင်ငံတော် ဧည့်ဂေဟာ၌ တွေ့ဆုံခဲ့ရာ စီးပွားရေး၊ငွေကြေး ကိစ္စ၊ တိုင်းရင်းသားအရေးနှင့် လွတ်ငြိမ်းချမ်းသာခွင့် ကိစ္စများ ဆွေးနွေးခဲ့ကြောင်း သိိရသည်။

တွေ့ဆုံဆွေးနွေးမှုအပြီး သတင်းစာရှင်းလင်းပွဲတွင် ဝန်ကြီးဦးအောင်ကြည် ဖတ်ကြားသည့် နှစ်ဘက်ပူးပေါင်း ထုတ်ပြန် သည့် သတင်းထုတ်ပြန်ချက်နှင့် သတင်းထောက်များ၏ မေးမြန်းချက်များနှင့် ပြန်လည်ဖြေကြား ချက် များကို မဇ္စျိမ စာဖတ်သူများကို တင်ပြလိုက်ပါသည်။

ဝန်ကြီး ဦးအောင်ကြည် - “ကျနော့်အနေနဲ့ သတင်းထုတ်ပြန်ချက်ကို ဦးစွာဖတ်ပြပါမယ်။”

“ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အစိုးရအဖွဲ့၏ ဖိတ်ကြားချက်အရ ဒေါ်အောင်ဆန်းစုကြည်သည် စိမ်းလဲကန်သာ အစိုးရ ဧည့်ဂေဟာတွင် ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်အား ၂၀၁၁ခုနှစ်အောက်တိုဘာ လ ၃၀ ရက် မွန်းလွဲ ၁၃းဝဝ နာရီမှ ၁၃း၅၅ နာရီအထိ လာရောက်တွေ့ဆုံခဲ့ပါသည်။ ထိုသို့ တွေ့ဆုံရာတွင် ယခင်ဆွေးနွေးခဲ့မှု များအပေါ် နိုင်ငံတော်က လိုအပ်သည်များ ကူညီဆောင်ရွက်ပေးနေသည့် အခြေအနေ၊ တိုင်းပြည်စီးပွားရေး ဖွံဖြိုး တိုးတက် လာစေရန်အတွက် လွတ်လပ်စွာကုန်သွယ်ခွင့်၊ ကူးသန်းရောင်းဝယ် ခွင့်ရရှိရေးနှင့် လွတ်လပ်စွာ ငွေကြေး လည်ပတ်သုံးစွဲခွင့် ရရှိရေးတို့၏ အရေးကြီးမှုနှင့် ပတ်သတ်၍အမြင် ခြင်းဖလှယ် ဆွေးနွေးခဲ့ကြပါသည်။ ထို့အပြင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့်ထာဝရငြိမ်း ချမ်းရေးရရှိရန် နိုင်ငံတော်က ဆောင်ရွက်ပေးနေမှုများ၊ တိုးတက်ဖြစ်ထွန်းမှု အခြေအနေများနှင့်လွတ်ငြိမ်း ချမ်း သာခွင့် ပေးသင့်သူများ ကိစ္စကိုလည်း ဆွေးနွေးခဲ့ကြပါသည်။တွေ့ဆုံ ဆွေးနွေးမှုများ ကိုဆက်လက်ပြု လုပ်သွားရန် သဘောတူညီခဲ့ကြပါသည်။”

ဒီလောက်ပါပဲ။
suu-kyi-and-aung-kyi-fourth-meet-2

မေး - ဦးအောင်လှထွန်း (ရိုက်တာ) ။      ။ မမစုကို မေးချင်ပါတယ်။ လက်ရှိ မြန်မာ့နိုင်ငံရေး အခင်း အကျင်းမှာ နည်းနည်း အပြုသဘောဆောင်တဲ့ တိုးတက်မှုတွေ မကြာသေးခင်က တွေ့ခဲ့ရပါတယ်။ ဥပမာအားဖြင့် နိုင်ငံရေး အကျဉ်းသားတချို့လွှတ်ပေးတာ၊ အလုပ်သမားအဖွဲ့ ဖွဲ့စည်းခွင့်ပေးတယ်၊ ဆန္ဒပြခွင့်ပေးတယ်၊ နောက်ဆုံးကတော့ ပါတီမှတ်ပုံတင်ဥပဒေပေါ့။ ဒီဥစ္စာတွေက အန်အယ်လ်ဒီပါတီပြန်လည်မှတ်ပုံတင်ဖို့အတွက် လုံလောက်တဲ့ လိုအပ်ချက်များ ဖြစ်ပါသလား။

ဖြေ - ဒေါ်အောင်ဆန်းစုကြည် ။ ။ ကျမတို့ အန်အယ်လ်ဒီပါတီ မှတ်ပုံတင်ဖို့ ကိစ္စက ဒီဥပဒေအပေါ်မှာ မူတည်ပါတယ်။ ဒီဥပဒေ အတည်ပြုြ့ပီးတော့ ထွက်လာတဲ့အထိ စောင့်ပြီးမှ ပြောနိုင်မယ့် ကိစ္စ ဖြစ်ပါတယ်။ ကျမတို့ ဒီဥပဒေ ထွက်လာပြီ ဆိုရင် အစည်းအဝေးခေါ်ရမှာပေါ့။ ကျမတို့ ပါတီစည်းကမ်းအရအစည်းအဝေး ခေါ်ပြီးမှ ဆုံးဖြတ်ချက်ကို ချရပါလိမ့် မယ်။

မေး - ဦးအောင်လှထွန်း (ရိုက်တာ) ။      ။ ဥပဒေပါအကြောင်း အဓိကသုံးချက်က သိထားပြီးပါပြီ။ အန်အယ်လ်ဒီက ဥပဒေပညာရှင်တချို့လဲ  သိထားပြီးပြီ ထင်ပါတယ်။

ဖြေ - ဒေါ်အောင်ဆန်းစုကြည် ။ ။ ဟုတ်ပါတယ်။ ဒါပေမယ့် ကျမတို့က တိကျတယ်လေ။ ဥပဒေကို ကြည့်ပြီးမှ ပြောနိုင် မှာပါ။ မကြည့်ရသေးပဲ၊ ကျမ မမြင်ရသေးပဲ မပြောနိုင်ပါဘူး။

မေး - ဦးတင်မောင်အေး (အဆာဟိရှင်ဘွန်း) ။     ။ ကျနော်တို့ဒီမှာ ဝန်ကြီးနဲ့ ဒေါ်အောင်ဆန်းစုကြည်
တွေ့တာ လေးခါရှိပါပြီ။ ပူးပေါင်းဆောင်ရွက်မယ်ဆိုတာတွေကို အများအားဖြင့် သိရပါတယ်။ အဲ့တာ ဘယ်နေရာတွေမှာ ဘယ်လိုပေါ့နော် နည်းနည်း အသေးစိတ်လေး ပြောလို့ရမယ်ဆိုရင် ပြောပေးပါလို့
မေတ္တာရပ်ခံပါတယ်။

ဖြေ - ဦးအောင်ကြည် ။ ။ ကျနော်တို့ သြဂတ်စ်တုန်းက ထုတ်ပြန်ခဲ့တဲ့ သတင်းထုတ်ပြန်ချက်ကလေး ရှိပါတယ်။ အဲ့ဒီအထဲမှာ ကျနော်တို့ ဒီမိုကရေစီဖြစ်ပေါ်တိုးတက်မှုလုပ်ငန်းတွေသာမက နိုင်ငံရေး စီးပွားရေး လူမှုရေး နယ်ပယ်အသီးသီးမှာ ပူးပေါင်းဆောင်ရွက်ကြမယ်လို့ ကျနော်တို့ သဘောတူညီထားခဲ့ပြီးဖြစ်ပါ တယ်။ ဒီဥစ္စာ တော်တော်လေး ပြည့်စုံလုံလောက်တဲ့ အဖြေဖြစ်မယ်လို့ ကျနော်ယူဆပါတယ်။

မေး - ကျော်စွာမင်း (ရန်ကုန်တိုင်းမ်စ်) ။  ။ အခုတွေ့ဆုံဆွေးနွေးမှုမှာ ဦးအောင်ကြည်နဲ့ ဒေါ်အောင်ဆန်း စုကြည်တို့ဟာ NLD ပါတီမှတ်ပုံတင်ဖို့ကိစ္စ၊ နိုင်ငံရေး အကျဉ်းသားတွေ ဆက်လက် လွှတ်ပေးရေး ကိစ္စ၊ နောက်တခါ အန်တီစုနဲ့ နိုင်ငံတော် သမ္မတကြီးနဲ့ တွေ့ဆုံဖို့အတွက် ဆွေးနွေးဖြစ်ခဲ့တာရော ရှိပါသလားခင်ဗျ။

ဖြေ - ဒေါ်အောင်ဆန်းစုကြည် ။ ။ ကျမတို့ ဒီကိစ္စတွေ အားလုံးကို ဆွေးနွေးပါတယ်။ အမြဲတမ်းလဲ ကျမတို့ တွေ့တိုင်းလဲ ဒီကိစ္စတွေကို ဆွေးနွေးဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒါကျမတို့ ပေါင်းဆောင်ရွက်ရေးနဲ့ ဆက်နွယ်နေတဲ့ ကိစ္စတွေ မို့လို့ပါ။
suu-kyi-and-aung-kyi-fourth-meet-3
မေး - ဒေါ်အေးအေးဝင်း (အေပီ) ။ ။ ငွေရေးကြေးရေးနဲ့ ပတ်သတ်တယ်ဆိုတာ ဘာများလဲဆိုတာ နည်းနည်းလောက် ရှင်းပြပေးပါလား။ IMF နဲ့ ပတ်သတ်လို့ ဆွေးနွေးတာမျိုးလား။

ဖြေ - ဦးအောင်ကြည် ။ ။ ခုန ဒီအထဲမှာ ကျနော်တို့ ပါသွားပြီးပါပြီ။ တော်တော်လေး ပြည့်ပြည့်စုံစုံလဲ ပါသွားပြီးပါပြီ။သေသေချာချာလေး ဖတ်ကြည့်ရင် ခင်ဗျားတို့ တွေ့မှာပါ။ ငွေကြေးလည်ပတ်သုံးစွဲရေးနဲ့ ပတ်သက်ပြီး အရေးကြီးမှု ဆိုတာကတော့ အများကြီးပါပါတယ်။

မေး (သတင်းထောက်တဦး) - နိုင်ငံရေး အကျဉ်းသားများ ဆက်လွှတ်ဖို့ ရှိပါသေးလားခင်ဗျ။ မကြာခင်ပေါ့။

ဖြေ - ဦးအောင်ကြည် ။ ။ လုပ်ငန်းစဉ် တရပ်ကို လုပ်တဲ့ အခါမှ ကျနော်တို့ တလှမ်းပီး တလှမ်း ဆောင်ရွက် တတ်တဲ့ သဘာဝ ရှိပါတယ်။ ဒါ အားလုံးလဲသိတဲ့အတိုင်းပါပဲ။ ကျနော်တို့က စုံလဲ မခုန်ပါဘူး။ ရပ်လဲ မနေပါဘူး။ အားလုံးကိုကျေးဇူးတင်ပါတယ်။

Most read this week