အင်ဒိုနီးရှားနိုင်ငံ နိုင်ငံခြားရေး ဝန်ကြီး မြန်မာသို့ ရောက်ရှိ

အင်ဒိုနီးရှားနိုင်ငံ နိုင်ငံခြားရေး ဝန်ကြီး မြန်မာသို့ ရောက်ရှိ
by -
ညီသစ်

မြန်မာနိုင်ငံကို အရှေ့တောင်အာရှ နိုင်ငံများ အသင်း ဥက္ကဋ္ဌရာထူး ပေးရေးအတွက်စနည်းနာ သော အားဖြင့် အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန်ကြီး မာတီ အမ် နာတာလီဂါဝါ (Marty M Natalegawa) သည် မြန်မာနိုင်ငံသို့ သောကြာနေ့တွင် ရောက်ရှိလာသည်။

အောက်တိုဘာ ၃ဝ ရက်နေ့အထိ ကြာမြင့်မည့်ခရီးစဉ်အတွင်း နေပြည်တော်သို့သွားရောက်ကာ အစိုးရအရာရှိ များနှင့် တွေ့ဆုံမည်ဖြစ်သည်။  

မစ္စတာ မာတီ အမ် နာတာလီဂါဝါသည် မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ အလုပ်သမားနှင့် လူမှုဝန်ထမ်းနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီး ဦးအောင်ကြည်နှင့် တွေ့ဆုံဆွေးနွေးမည်ဟု သံတမန် အသိုင်းအဝိုင်းမှ တဆင့် သိရသည်။

ထို့အပြင် ပြည်တွင်းရှိ အစိုးရ မဟုတ်သော အဖွဲ့အစည်းများ၊ လူမှုရေး အဖွဲ့အစည်းများနှင့်လည်းတွေ့ဆုံရန်ရှိ သည်ဟု သတင်းများ ထွက်ပေါ်လျက် ရှိသည်။

အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန်ကြီးသည် ယခုခရီးစဉ် လာရောက်ရန် ပြီးခဲ့သည့် မေလက ပြုလုပ်ခဲ့သော ၁၈ကြိမ်
မြောက် အာဆီယံထိပ်သီး အစည်းအဝေး ကျင်းပစဉ်ကတည်းက စီစဉ်ခဲ့ခြင်းလည်း ဖြစ်သည်။ အောက်တိုဘာ ၂၆ရက်နေ့ခန့်က လာရောက် လည်ပတ်ရန် ကနဦး စီစဉ်ခဲ့သော်လည်း ရွှေ့ဆိုင်းခဲ့ရသည်။

အင်ဒိုနီးရှားနိုင်ငံသည် လက်ရှိ အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌအဖြစ်လည်း ဆောင်ရွက်နေခြင်းကြောင့် သူ၏ လေ့လာတွေ့ရှိမှု အပေါ် မူတည်ကာ မြန်မာနိုင်ငံကို ၂ဝ၁၄ ခုနှစ်တွင် အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ ပေးရေးနှင့် ပတ်သက်ပြီး ဆုံးဖြတ်ချက်တခု ပေါ်ထွက်လာဖွယ်ရှိကြောင်းလည်း လေ့လာသူများကပြောသည်။

မြန်မာအစိုးရ၏ လူ့အခွင့်အရေးချိုးဖောက်မှုများ၊ အကျဉ်းထောင်များထဲတွင် နိုင်ငံရေးအကျဉ်းသားများ ဆက်လက် ကျန်ရစ်နေခြင်းတို့ကြောင့် မြန်မာကို အာဆီယံဥက္ကဋ္ဌမပေးရန် ဖိအားပေးမှုများလည်း ရှိနေခဲ့သည်။

မြန်မာနိုင်ငံသည် ၂ဝဝ၆ ခုနှစ်က အလှည့်ကျော်ခဲ့သော အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌနေရာကို ၂ဝ၁၆ ခုနှစ်မှသာ ရရှိမည်ဖြစ်သော်လည်း လာအိုနိုင်ငံမှ အလှည့်ကျော်ပေးခဲ့ခြင်းကြောင့် ၂ဝ၁၄ ခုနှစ်တွင် ဥက္ကဋ္ဌ နေရာရယူနိုင် သည့် အခွင့်အရေး ရှိနေသည်။

လွန်ခဲ့သည့် သြဂုတ်လ အတွင်းကလည်း မြန်မာ နိုင်ငံခြားရေး ဝန်ကြီး ဦးဝဏ္ဏမောင်လွင်က မြန်မာနိုင်ငံကို အလှည့်ကျ ဥက္ကဋ္ဌနေရာ ပေးရေးကို လာမည့်နိုဝင်ဘာ ၁၄ မှ ၁၉ ရက်နေ့အတွင်း ကျင်းပမည့် ၁၉ကြိမ်မြောက် အာဆီယံ ထိပ်သီး ညီလာခံတွင် ဆုံးဖြတ်ကြမည်ဟု ပြောကြားခဲ့သည်။