နယူးဒေလီ (မဇ္ဈိမ) ။ ။ မြန်မာနိုင်ငံသို့နှစ်ရက် ကြာ ရောက်ရှိနေသော အမေရိကန်အစိုးရ အထူး ကိုယ်စားလှယ် မစ္စတာ ဒဲရက်ခ် ဂျေ မစ်ချဲလ် Derek J. Mitchell နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ အင်္ဂါနေ့ နေ့လည်က တွေ့ဆုံ ခဲ့ကြသည်။
ရန်ကုန်မြို့ရှိ အမေရိကန် ဒုသံအမတ်ကြီးနေအိမ်တွင် မွန်းလွဲ နှစ်နာရီမှစတင်ကာ မိနစ် ၉ဝ ကြာ ဆွေးနွေးခဲ့ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပြောခွင့်ရ ဦးဉာဏ်ဝင်းက မဇ္စျိမကို ပြောသည်။
“ဟုတ်ပါတယ်။ ကျနော့်အနေနဲ့ကတော့ တွေ့ဆုံတာမှန်ကြောင်း ထုတ်ပြန်ဖို့ပါပဲ။ တခြားထုတ်ပြန်စရာကျနော့် မှာ မရှိပါဘူး” ဟု ပြောသည်။
ဤဆွေးနွေးမှုနဲ့ပါတ်သက်၍ သတင်းရယူရန် ပြည်တွင်း၊ ပြည်ပ သတင်းသမားများ ဒေါ်အောင်ဆန်းစုကြည် နေအိမ်ရှေ့တွင် သွားရောက် စောင့်ဆိုင်းခဲ့သော်လည်း တွေ့ဆုံမှုနှင့် ပတ်သတ်၍ ထုတ်ပြန်ချက်၊ မှတ်ချက် ပေးခဲ့ခြင်း မရှိပေ။
မြန်မာနိုင်ငံအပေါ် ချမှတ်ထားသည့် ပိတ်ဆို့တားမြစ်မှုများ ရုတ်သိမ်းရန် အချိန် မကျသေးကြောင်း
ဒေါ်အောင်ဆန်းစုကြည် က Wall Street Journal အား ပြောကြားလိုက်ပြီး နောက်တရက်အကြာတွင် မစ္စတာမစ်ချဲလ် မြန်မာနိုင်ငံသို့ တိုက်ဆိုင်စွာ ရောက်ရှိလာခြင်းဖြစ်သည်။
အမေရိကန် အစိုးရ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်နှင့် မူဝါဒ ညှိနှိုင်းရေးမှူးအဖြစ် မစ္စတာ ဒဲရက်ခ် ဂျေ မစ်ချဲလ် Derek J. Mitchell စက်တင်္ဘာလအတွင်းက ပထမအကြိမ် လာရောက်ခဲ့စဉ်က NLD ခေါင်းဆောင်များအပြင် အခြား နိုင်ငံရေး အင်အားစုများနှင့်ပါ တွေ့ဆုံဆွေးနွေးခဲ့သော်လည်း ယခုကသုတ် ကရက် ခရီးစဉ်တွင်တွေ့ဆုံ နိုင်ခြင်းမရှိခဲ့ပေ။
မကြာမီက လွတ်မြောက်လာသော နိုင်ငံရေး အကျဉ်းသားများကလည်း မစ္စတာ ဒဲရစ်မစ်ချဲလ်ထံ လိပ်မူ၍ အမေရိကန် သံရုံးမှတဆင့် စာတစောင် ရေးသားပေးပို့ခဲ့သေးသည်။
အင်္ဂါနေ့ နံနက်က ပေးပို့လိုက်သောစာတွင် အဓိကအားဖြင့် တောင်းဆိုချက် သုံးချက် ပါဝင်ကြောင်း ၈၈ မျိုးဆက်ကျောင်းသားတဦးဖြစ်သည့် စမ်းချောင်းကိုကိုကြီးက မဇ္စျိမကို ပြောသည်။
“ကျန်ရှိနေသေးတဲ့ နိုင်ငံရေး အကျဉ်းသားတွေကို အမြန်ဆုံး ပြန်လည် လွတ်မြောက်စေရန်၊ တိုင်းရင်းသား ဒေသတွေမှာ ထိုးစစ်ဆင်နေတဲ့ တိုက်ပွဲတွေကို ရပ်ဆိုင်းပြီးတော့ တနိုင်ငံလုံး အတိုင်းအတာနဲ့ ပြည်တွင်း ငြိမ်းချမ်းရေးကြေညာပေးဖို့၊ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်မှုအပြင် တိုင်းရင်းသားကိုယ်စားလှယ်များ အားလုံး၊ သက်ဆိုင်သူတွေ အားလုံးပါဝင်တဲ့ တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ရန်ဆိုတဲ့ အချက်သုံးချက်” ဟု ပြောသည်။
အောက်တိုဘာ ၁၂ ရက်နေ့က လွတ်မြောက်လာသည့် နိုင်ငံရေး အကျဉ်းသား ၂၃၄ ယောက် အနက် အချိန် အခက်အခဲကြောင့် ၅၅ ယောက်သာ ပါဝင် လက်မှတ်ရေးထိုးနိုင်ခဲ့သည်ဟု သိရသည်။
ဤတောင်းဆိုချက်များအား အမေရိကန် ကိုယ်စားလှယ်ထံသို့ ပေးပို့ရသည့် အကြောင်းနှင့် ပတ်သက်၍ ကိုကိုကြီး က “လက်ရှိတိုင်းပြည်မှာ ဖြစ်နေတဲ့ ပြဿနာတွေကို ဖြေရှင်းချင်တယ်၊ နိုင်ငံတကာအသိုင်း အဝိုင်းကို ဝင်ဆံ့ချင် တယ် ဆိုရင် ခုနပြောတဲ့ အချက် သုံးချက်က မဖြစ်မနေ ဖြေရှင်းရမှာပါ။ အဲဒီထဲကမှ နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေး ဆိုတဲ့အချက်ကို မပြေလည်ဘဲနဲ့ နိုင်ငံရေးပြဿနာ ပြေလည်မယ်လို့ ကျနော်တို့က မယူဆပါဘူး။ အဲဒီအတွက် ဒီအစိုးရကိုရော၊ ဒီအစိုးရနဲ့ ဆက်ဆံရေး ကောင်းမွန်နေတဲ့ အမေရိကန် အစိုးရ ကိုယ်စားလှယ်ကိုရော တိုက်တွန်းတောင်းဆိုရခြင်း ဖြစ်ပါတယ်” ဟု ပြောသည်။
ဒဲရစ်မစ်ချဲလ်သည် ၎င်း၏ နှစ်ရက်ကြာ ဒုတိယ ခရီးစဉ်အတွင်း နေပြည်တော်ရှိ အစိုးရ အရာရှိများနှင့်လည်း တွေ့ဆုံဆွေးနွေးခဲ့သည်။ ခရီးစဉ်အတွင်း ဆွေးနွေးမည့် အကြောင်းအရာများ အနက် နိုင်ငံရေးအကျဉ်းသား များ ထပ်မံ လွှတ်ပေးရေး ဖိအားပေးသွားရန်နှင့် လူမျိုးစု ဒေသများအတွင်း စစ်မက်ဖြစ်ပွားမှု ကိစ္စများလည်း ပါဝင်မည်ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံ အကျဉ်းထောင် အသီးသီးတွင် ကျခံနေရသည့် ၈၈ မျိုးဆက် ကျောင်းသား ၃၇ ယောက်အနက် ၎င်းအပါအဝင် ခုနှစ်ယောက်သာ လွတ်မြောက်လာသေးကြောင်း ကိုကိုကြီးက ပြောဆိုသည်။
ထို့ပြင် နိုင်ငံရေး အကျဉ်းသား ၁၈ဝဝ ခန့် ကျန်ရှိနေသေးပြီး ၎င်းအနက် ၁၂၂ ဦးမှာ ကျန်းမာရေး အခြေအနေ ဆိုးရွား လျက်ရှိကြောင်း နိုင်ငံရေးအကျဉ်းသား ကူညီစောင့်ရောက်ရေးအသင်း AAPP မှတ်တမ်းများတွင် ပါရှိသည်။