ဒေါ်စုပုံတူ ပန်းချီများ အမေရိကန်မှ အများဆုံးဝယ်ယူ

ဒေါ်စုပုံတူ ပန်းချီများ အမေရိကန်မှ အများဆုံးဝယ်ယူ
by -
ထွန်းထွန်း

နယူးဒေလီ (မဇ္စျိမ) ။       ။ နိုင်ငံရေး လှုပ်ရှားမှုနှင့် လူမှု အထောက်အကူပြု လုပ်ငန်း ရန်ပုံငွေ အတွက် ရည်ရွယ်သည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် - NLD ၏ ပန်းချီပြပွဲ၌ တနင်္ဂလာနေ့ နံနက်အထိ ပန်းချီကား ရှစ်ကား ရောင်းချရပြီး အများစုမှာ အမေရိကန်နိုင်ငံမှ ဝယ်ယူခြင်း ဖြစ်သည်ဟု သိရသည်။

suu-kyi-attends-at-irrawaddy-art-show-5-story
ရောင်းချရသည့် ပန်းချီကား ရှစ်ကားမှာ ဒေါ်အောင်ဆန်းစုကြည် ပုံတူပန်းချီကားများဖြစ်ကာ အမေရိကန်မှ ခြောက်ကားနှင့် ပြည်တွင်းမှ နှစ်ကား ဝယ်ယူခြင်းဖြစ်ပြီး စုစုပေါင်း ကျပ် ၁၃ သိန်း ရရှိသည်။

“အဓိက အရောင်းရဆုံး ကတော့ ဒေါ်အောင်ဆန်းစုကြည် Portrait  တွေ ရောင်းရပါတယ် ခင်ဗျ။ ပထမဆုံး ပွဲဦးထွက်ရောင်းထွက်တာကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ Portrait  ပါ။ ရှစ်ကားလုံးက ဒေါ်စုကားတွေ ချည်းပါပဲ” ဟု NLD ပြန်ကြားရေး တာဝန်ခံ ဦးအုန်းကြိုင်က မဇ္စျိမကို ပြောသည်။

ပြည်ပမှ ဝယ်ယူသည့် ပန်းချီကားများ အနက် ငါးသိန်းတန် ပန်းချီကားကို ရန်ကုန်အခြေစိုက် အမေရိကန် သံရုံးမှ ဝယ်ယူခြင်းဖြစ်ကာ ကျန်ငါးကားကို အွန်လိုင်းမှ တဆင့် ဝယ်ယူခဲ့ခြင်း ဖြစ်သည်။

ပြပွဲတွင် ထူးခြားချက် အနေဖြင့် ဘူးသီးတောင် ထောင်အတွင်း အကျဉ်းကျနေသည့် ၈၈ ကျောင်းသား ခေါင်းဆောင် ကိုဌေးကြွယ်၏ ဗိုလ်ချုပ်အောင်ဆန်းပုံတူ ဆီဆေး ပန်းချီကားကိုလည်း အထူးအနေဖြင့် ပြသထားသည်။

“The Portraits of Myanmar People Art Show” ဟု အမည်ပေးထားသည့် ယင်းပြပွဲကို ပါတီ သတင်းနှင့် ပြန်ကြား ရေးနှင့် ပြင်ပပန်းချီပညာရှင်များ ပူးပေါင်း လုပ်ဆောင်ခြင်းဖြစ်ကာ NLD မှ ကူညီဆောင်ရွက်ပေးနေ သည့် ပညာရေး၊ ကျန်းမာရေးနှင့် အကျဉ်းသား ကူညီရေး လုပ်ငန်းများတွင် အသုံးပြုသွားမည် ဖြစ်သည်။

အောက်တိုဘာ ၂၃ မှ ၂၅ ရက်နေ့ထိ ကျင်းပသည့် ယင်းပန်းချီပြပွဲတွင် ဗိုလ်ချုပ်အောင်ဆန်း၊ ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းတင်၊ လူထုစိန်ဝင်း၊ တေးရေးဆရာ ကိုနေဝင်း စသူတို့၏ ပုံတူပန်းချီကား များလည်း ပါဝင်ကာ ပန်းချီဆရာများဖြစ်သည့် ဦးဝင်းဖေမြင့်၊ တင်အောင်ကျော်၊ ထင်လင်းနိုင်၊ သန္တာခိုင်၊ ကြည်သာအေး၊ ကျော်လင်း၊ ဖိုးစံတို့၏ ဆီဆေး၊ Acrylic ၊ ခဲပန်းချီ လက်ရာ ပန်းချီကားများ ပါဝင်သည်။

ပြပွဲတွင် ပန်းချီကားပေါင်း ၅၉ ကား ပြသထားကာ တန်ဖိုးအားဖြင့် ကျပ်တသိန်းမှ ၁၀ သိန်းအထိ ဖြစ်သည်။