စစ်တွေ လေဆင်နှာမောင်း ပျက်စီးမှု အချို့ရှိ

စစ်တွေ လေဆင်နှာမောင်း ပျက်စီးမှု အချို့ရှိ
by -
သဲသဲ

နယူးဒေလီ(မဇ္စျိမ) ။      ။ ရခိုင်ပြည်နယ်မြောက် စွန်းအနီး ဖြတ်သန်း တိုက်ခက်ခဲ့သည့် O2Bမုန်တိုင်း အရှိန်ကြောင့်စစ်တွေမြို့ အတွင်းလေဆင် နှာ မောင်း တိုက်ခက်ခဲ့ကာ စာသင်ကျောင်း နှစ် ကျောင်းနှင့် စစ်တွေမြို့စျေးကြီးမှ ဆိုင်ခန်းတချို့ ပျက်စီးခဲ့သည်။

O2B မုန်တိုင်းမှာ ရခိုင်ပြည်နယ်မြောက်စွန်းနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံကြား ဖြတ်သန်း သွားခြင်းဖြစ်ကာ ယင်းအရှိန်ကြောင့် စစ်တွေမြို့ အိုးတန်း၊ ကျေးပင်ကြီးနှင့် ကျောင်းတက်လမ်းရပ်ကွက်များတွင်အောက်တို ဘာလ ၁၉  ရက်ကလေဆင်နှာမောင်း တိုက်ခက်ခဲ့ခြင်း ဖြစ်သည်။

“တိုက်တာ ၁၅ မိနစ်လောက်ပဲကြာတယ်။ စာသင်ကျောင်းထဲက ကျွန်းပင်ကြီးတွေ ကျိုးကျ ကုန်တယ်။ ကျောင်းခေါင်မိုးတွေ လေနဲ့ ပါသွားတယ်။ စျေးမှာလည်း ခေါင်မိုးတွေ လေနဲ့ ပါသွားတယ်” ဟု  မြို့ခံ တဦးက မဇ္စျိမကိုပြောသည်။

လေဆင်နှာမောင်းမှာ ညနေ ၆ နာရီခန့်နှင့် ည ၁၂ ခန့်တို့တွင် နှစ်ကြိမ်တိုက်ခက်ခဲ့ခြင်းဖြစ်သည်။  ပထမ အကြိမ် တိုက်ခက်စဉ်က စစ်တွေစျေးကြီးအတွင်းမှ ဆိုင်ခန်းအချို့ ပျက်စီးခဲ့ခြင်းဖြစ်ပြီး ဒုတိယအကြိမ် တိုက်ခက်ရာတွင် စာသင်ကျောင်းနှစ်ကျောင်းပါ ပျက်စီးခဲ့ခြင်း ဖြစ်သည်။

ဘင်္ဂလား ပင်လယ်အော် အတွင်း ဖြစ်ပေါ်ခဲ့သည့် ယင်းအပူပိုင်းမုန်တိုင်းမှာ တနာရီလျှင် မိုင် ၆၀ မှ ရ၀ အထိ
ပြင်းအားရှိပြီး ရခိုင်ပြည်နယ် မောင်တောမြို့နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားမြို့ အကြား ဖြတ်သန်းမည် ဟု မြန်မာနိုင်ငံ မိုးလေဝသနှင့် ဇလဗေဒဌာနက ဗုဒ္ဓဟူးနေ့ နေ့လယ်ပိုင်းမှစ၍ သတိပေးချက်ထုတ်ပြန်ခဲ့ သည်။

ယင်းအပြင် မုန်တိုင်းဝင်ရောက်ချိန်တွင် ပင်လယ်ရေမှာ ခြောက်ပေမှ ရှစ်ပေအထိ မြင့်တက်နိုင်သဖြင့် ဘေးကင်း ရာသို့ ရှောင်ရှားကြရန်လည်း နိုင်ငံပိုင် ရေဒီယိုနှင့် ရုပ်မြင်သံကြားမှတဆင့် ကြေညာခဲ့သည်။

“ရေတက်မယ်လို့ ကြေငြာထားတော့ ပစ္စည်းတွေ အပေါ်တင်ထားတယ်။ အိမ်ထဲတော့ ရေမဝင်ဘူး၊ လမ်းမ ပေါ်လောက်ပဲ တက်လာတယ်”ဟု စစ်တွေမြို့ခံက ပြောသည်။ ယနေ့ နံနက်တွင်လည်း လေတိုက်နှုန်းငြိမ် သွားပြီဖြစ်သော်လည်း ပင်လယ်သို့ သင်္ဘောများ မထွက်ကြဟုလည်း သိရသည်။

မုန််တိုင်းဖြတ်သန်းမည်ဟု ကြေညာခဲ့သည့် မောင်တောမြို့တွင်မူ ဆိုးဆိုးဝါးဝါး ထိခိုက်မှုမရှိခဲ့သော်လည်း ခရိုင် အုပ်ချုပ်ရေးမှူးရုံးမှာမူ သစ်ပင်ကျိုးကျမှုကြောင့် အနည်းငယ်ပျက်စီးသွားသည်ဟု သိရသည်။

“ရွာဘက်တွေမှာတော့ ဘယ်လောက်ထိသလဲ ကျနော်တို့ မသိရသေးဘူး။ မောင်တောမြို့ပေါ်မှာတော့ ခယက ရုံးလောက်ပဲ သစ်ပင်ပိလို့ နည်းနည်း ထိသွားတယ်။ ကျန်တာ ဘာမှမဖြစ်ဘူး နည်းနည်းပါးပါးပဲ။ အခုက လေတိုက် တာ ရပ်သွားပြီ” ဟု မောင်တောမြို့ပေါ်ရှိ ဒေသခံတဦးက မဇ္စျိမကို ပြောသည်။

ယခုအခါ မုန်ုတိုင်းမှာ အားပျော့နေပြီဖြစ်ကာ ယနေ့နံနက်တွင် အိန္ဒိယ-မြန်မာနယ်စပ် ချင်းပြည်နယ်ဘက်သို့
 ရွေ့လျားလျက်ရှိကာ မုန်တိုင်းအရှိန်ကြောင့် ရခိုင်နှင့် ချင်းပြည်နယ်၊ စစ်ကိုင်းနှင့် မကွေးတိုင်းတိို့တွင်မိုးကြီး နိုင် မည်ဟု မိုး/ဇလမှ ယနေ့ နံနက်တွင် ကြေညာချက်ထုတ်ထားသည်။

“ကုန်းတွင်းရောက်သွားတော့ မကွေးဘက်ထိ မိုးရွာနိုင်တယ်။ အဲဒီမှာ လျှပ်တပြက် ရေကြီးတာတို့၊ အန္တရာယ် ရှိနိုင် တာပေါ့” ဟု မိုး/ဇလ ညွှန်ကြားရေးမှူးချုပ် ဦးချစ်ကျော်က ဆိုသည်။ ရေကြီးရေလျှံမှု ကာကွယ်နိုင်ရန် အတွက်လည်း
ဒေသအာဏာပိုင်များသို့ အကြောင်းကြားထားည်ဟု သိရသည်။

မုန်တိုင်းမိုးကြောင့် စစ်တွေမြို့တွင် ရ.၆၊ မောင်တောတွင် ၆.၆၉၊ စစ်ကိုင်းတိုင်း မော်လိုက်မြို့တွင် ၂.၂၈ နှင့် ချင်းပြည်နယ် ဟားခါးတို့တွင် ၁.၅ဝ လက်မအထိ တရက်အတွင်း ရွာသွန်းမြဲထက် ပိုမိုရွာသွန်းခဲ့သည်။

မိုးရွာသွန်းမှုကြောင့် လာမယ့် ၄၈ နာရီအတွင်း ချင်းတွင်းမြစ်ရေမှာ မုံရွာမြို့၏  စိုးရိမ်ရေမှတ်သို့ရောက်ရှိ နိုင်ပြီး စစ်တောင်းမြစ်ရေမှာမူ တောင်ငူမြို့တွင် စိုးရိမ်ရေမှတ်အထက် တပေ ကျော်လွန်နေပြီ ဖြစ်သည်။

မုန်တိုင်းမှာ လက်ရှိတွင် တနာရီ ၄ဝ မှ ၄၅ မိုင် ပြင်းအားရှိ လေဖိအားနည်းရပ်ဝန်းအဖြစ် ဆက်လက် ရွေ့လျား လျက်ရှိသည်။