တနိုင်ငံလုံး အပစ်ရပ်ဖို့ ဦးသိန်းစိန်ကို ဆန္ဒပြ

တနိုင်ငံလုံး အပစ်ရပ်ဖို့ ဦးသိန်းစိန်ကို ဆန္ဒပြ
by -
သဲသဲ

နယူးဒေလီ(မဇ္စျိမ) ။       ။ နိုင်ငံရေးအကျဉ်းသား အားလုံလွှတ်ပြီး တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး လုပ်ဆောင်ရန်  အိန္ဒိယရောက် မြန်မာ့ဒီမိုကရေစီလှုပ်ရှားသူများက အိန္ဒိယနိုင်ငံသို့ ချစ်ကြည်ရေး အလည်အပတ် ရောက်နေသောမြန်မာသမ္မတဦးသိန်းစိန်ကို ကြာသပတေးနေ့တွင် ဆန္ဒပြတောင်းဆို လိုက်ကြသည်။

နှစ်ရာကျော်သော မြန်မာဒုက္ခသည်များက နယူးဒေလီမြို့လယ် ဂျန်တာမန်တားပန်းခြံတွင်  နံနက် ၁၁ နာရီခန့်မှ စတင်ပြီး တနာရီကျော်ကြာ ဆန္ဒပြရာတွင် ကျန်ရစ်နေသေးသော နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရန်နှင့် တိုင်းရင်းသားဒေသများတွင် စစ်ပွဲများရပ်ဆိုင်းရန်တို့ တောင်းဆိုခဲ့ကြသည်။

ဦးသိန်းစိန်သည်ပြည်ထောင်စုအဆင့် ဝန်ကြီး ၁၃ ဦးနှင့် စစ်ဘက်အရာရှိများ အပါအဝင် အဖွဲ့ဝင် ၅၉ ဦးကို ဦးဆောင်ကာ နယူးဒေလီမြို့သို့ ကြာသပတေးနေ့ ညနေတွင် ဗုဒ္ဓဂါယာမှ ရောက်ရှိလာခဲ့သည်။မတ်လ အတွင်းက သမ္မတဖြစ်လာပြီးနောက် အိန္ဒိယသို့ ပထမဆုံးအကြိမ် လည်ပတ်သည့်ခရီးစဉ်ပထမနေ့ဖြစ် သော ဗုဒ္ဓဟူးနေ့က ဘီဟာပြည်နယ်ရှိ ဗုဒ္ဓဘာသာဝင်များ အထွဋ်အမြတ်ထားသည့် ဂေါတမဗုဒ္ဓ ပွင့်တော်မူရာဒေသသို့ ဘုရားဖူးရောက်ရှိနေခဲ့သည်။

ဦးသိန်းစိန်သည် အိန္ဒိယ သမ္မတ ပရာတီဘာပတေးလ်၊ ဝန်ကြီးချုပ် မန်မိုဟန်ဆင်းတို့နှင့် တွေ့ဆုံမှာဖြစ်ပြီးအောက်တိုဘာ ၁၅ ရက်နေ့တွင် မြန်မာနိုင်ငံသို့ ပြန်မည်ဖြစ်သည်။

အိန္ဒိယ- မြန်မာ ဆက်ဆံရေးတွင်  မြန်မာအစိုးရဘက်က အကြိမ်ကြိမ် ကတိမတည်မှုများကြောင့် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု ခရီးမတွင်ဘဲဖြစ်ခဲ့ရသည်ကို သင်ခန်းစာယူကာ နောက်ထပ် အမှားမကြံုသင့်ဟု ဆန္ဒပြသူများက အိန္ဒိယဝန်ကြီးချုပ် မန်မိုဟန်ဆင်းထံ ပေးပို့သောစာတွင် ရေးသားထားသည်။

ကြာသာပတေးနေ့့နံနက်တွင် ဗုဒ္ဒဂါယာရှိ ဘုန်ကြီးကျောင်း၂၇ ကျောင်းမှ သံဃာများကိုကထိန်သင်္ကန်း ကပ်လှူခဲ့ပြီး ဦးသိန်းစိန်နှင့် ဇနီးဒေါ်ခင်ခင်ဝင်းတို့သည်  ဗာရာဏသီသို့ သွားရောက်ခဲ့ကြသည်။

“ကထိန်ခင်းပြီး စာရေးတံမဲဖောက်ပေးတယ်။ သံဃာတပါးကို ရူပီး ၅,၀၀၀ စီလှူတယ်။စာရေးတံမဲလည်း ဖောက်တော့ မဲဗလာကျတဲ့ ကျောင်းတွေကို ဒေါ်လာ ၁ဝဝ စီ သမ္မတ ကတော်က လှူသွားတယ်” ဂါယာရှိ မြန်မာ ဘုန်းတော်ကြီး တပါးက မိန့်သည်။

အင်္ဂလိပ်ဘာသာဖြင့် ထုတ်ဝေသော အိန္ဒိယသတင်းစာအများစုတွင် ဦးသိန်းစိန်၏ ခရီးစဉ်ထက်ဗုဒ္ဓဟူး နေ့က မြန်မာနိုင်ငံတွင် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်မြောက်လာခဲ့သူ လူရွှင်တော်ဇာဂနာ၏သတင်း ကိုပိုမို ဖော်ပြခဲ့ကြ သည်။