သင်္ကန်းညီနောင်- ကော့ကရိတ်လမ်း ဖေါက်ရန် ထိုင်း- မြန်မာ သဘောတူ

သင်္ကန်းညီနောင်- ကော့ကရိတ်လမ်း ဖေါက်ရန် ထိုင်း- မြန်မာ သဘောတူ
by -
မျိုးသန့်

ချင်းမိုင် (မဇ္ဈိမ)။        ။ ကရင်ပြည်နယ် သင်္ကန်း ညီနောင်မှ ကော့ကရိတ်အထိ ကားလမ်းဖောက် လုပ်ရန် ထိုင်းနိုင်ငံ နှင့် မြန်မာနိုင်ငံတို့အကြား သဘောတူညီမှု စာချုပ်ကို ထိုင်းဝန်ကြီးချုပ်မြန်မာ နိုင်ငံခရီးစဉ်အတွင်း ချုပ်ဆိုခဲ့သည်ဟု အောက်တို ဘာလ ၆ရက်နေ့ထုတ် နိုင်ငံပိုင် သတင်းစာများတွင် ဖေါ်ပြထားသည်။

ထိုင်းနိုင်ငံ ဝန်ကြီးချုပ် မစ္စရင်လပ် ရှင်နာဝပ်၏ မြန်မာနိုင်ငံသို့ အောက်တိုဘာလ ၅ ရက်နေ့က သွားရောက်ခဲ့သည့် တရက်တာ ခရီးစဉ်အတွင် အဆိုပါ လမ်းဖေါက်လုပ်ရန် သဘောတူညီမှု ရရှိခဲ့ခြင်းဖြစ်သည်။

၂၂ ကီလိုမီတာ ရှည်လျားသည့် ကရင်ပြည်နယ် အရှေ့တောင်ဘက်ရှိ သင်္ကန်းညီနောင်နှင့်ကော့ကရိတ် လမ်းဖောက်လုပ်မှုရန် နားလည်မှု စာချွန်လွှာကို မြန်မာနိုင်ငံဘက်မှ နိုင်ငံခြားရေး ဝန်ကြီးဦးဝဏ္ဏမောင်လွင် နှင့် ထိုင်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဆူရာပွန် တိုဝီချိုက်ချာကူးတို့ ယခုလ ၅ ရက်နေ့က လက်မှတ် ရေးထိုးခဲ့ခြင်းဖြစ်သည်။

ထိုင်းဝန်ကြီးချုပ်၏ ခရီးစဉ်အတွင်း သမ္မတ ဦးသိန်းစိန်နှင့်လည်း တွေ့ဆုံခဲ့ရာ နှစ်နိုင်ငံရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှု ကဏ္ဍများ တိုးမြှင့်သွားရန် ဆွေးနွေးခဲ့သည်ဟု မြန်မာ့အလင်း သတင်းစာက ဖေါ်ပြသည်။ ထိုင်းဝန်ကြီးချုပ်မှ မိုးလေဝသနှင့် ဇလဗေဒဆိုင်ရာ ကိရိယာများ ပေးခဲ့သည်ဟုလည်း ပါရှိသည်။

ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၆ နှင့် တပ်မဟာ ရ တို့ ထိန်းချုပ်ရာနယ်မြေအတွင်း တည်ရှိသည့် အဆိုပါလမ်းသည် မိမိတို့တပ်များ လှုပ်ရှားရာဒေသတွင်း ဖြစ်နေခြင်းကြောင့် မိမိတို့အနေနှင့် ဖေါက်လုပ်မှုကို သဘောမတူနိုင်ကြောင်း KNU ၏ ပြောရေးဆိုခွင့်ရှိသူ ပဒိုဒေးဗစ်ထောက မဇ္ဈိမနှင့် အင်တာဗျူး တခုတွင်ပြောဆိုခဲ့သည်။

ထိုင်းနိုင်ငံ အကူညီဖြင့် ၁၈ ကီလိုမီတာ အကွာအဝေးရှိသည့် မြဝတီ၊ သင်္ကန်းညီနောင် လမ်းအပိုင်းကို ၂ဝဝ၇ဖေါက်လုပ်ပြီးစီးခဲ့သည်။

ထိုင်း- မြန်မာနယ်စပ် မြဝတီမြို့မှ သင်္ကန်းညီနောင်- ကော့ကရိတ်- မော်လမြိုင်အထိ ကီလိုမီတာ ၁,၄ဝဝ အထိ ရှည်လျားပြီး အာရှဟိုင်းဝေးလမ်းမကြီး ဖြစ်လာမည်ဖြစ်သည်။

ထိုင်းဝန်ကြီးချုပ်ဟောင်း မစ္စတာ အဘီဆစ် ဝဲချာချီဝကလည်း ၂ဝ၁ဝ ခုနှစ် အောက်တိုဘာလအတွင်းက မြန်မာနိုင်ငံသို့ သွားရောက်ခဲ့ပြီး ထိုစဉ်က မြန်မာဝန်ကြီးချုပ်ဖြစ်သူ ဦးသိန်းစိန်နှင့် တွေ့ဆုံခဲ့သေးပြီး ထိုင်းဘတ်ဘီလီယံ ၄ဝဝ ကျော်ကုန်ကျမည့် ထားဝယ်ရေနက် ဆိပ်ကမ်း တည်ဆောက်ရေးစီမံကိန်းကို အကောင်အထည်ဖေါ်ရန် သဘောတူခဲ့သေးသည်။