ခေါင်းဆောင်များနှင့် နိုင်ငံရေး အကျဉ်းသား လွှတ်ပေးပါက ပူးပေါင်းမည်ဟု CRPP ပြော

ခေါင်းဆောင်များနှင့် နိုင်ငံရေး အကျဉ်းသား လွှတ်ပေးပါက ပူးပေါင်းမည်ဟု CRPP ပြော
by -
သဲသဲ

နယူးဒေလီ(မဇ္စျိမ) ။       ။ ဖမ်းဆီးခံထားရသည့် တိုင်းရင်းသားခေါင်းဆောင်များနှင့် နိုင်ငံရေး အကျဉ်း သားအားလုံး လွှတ်ပေးကာ တနိုင်ငံလုံး အပစ်ရပ်၍ ငြိမ်းချမ်းရေး ဆွေးနွေးမှုများ လုပ် ဆောင်ပါက အစိုးရသစ်နှင့် ပူးပေါင်းဆောင်ရွက် သွားမည် ဖြစ်ကြောင်း ပြည်သူ့လွှတ်တော်ကိုယ် စားပြု ကော်မတီ-CRPP က ပြောသည်။

“ဖြစ်ပေါ်တိုးတက်လာတဲ့ အနေအထားပေါ်မှာ တည်ပြီးတော့ အန်ကယ်တို့က ပူးပေါင်းဆောင်ရွက်မှာပါ။ အဲဒါ (ပါတီမှတ်ပုံတင်ပြီး ရွေးကောက်ပွဲဝင်တာ) တော့ နောက်ဆုံးအဆင့်ပေါ့” ဟု  CRPP ၏ အတွင်းရေးမှူး ဦးအေးသာအောင် မဇ္စျိမကိုပြောသည်။

၁၉၉ဝ ပြည့်နှစ်တွင်ကျင်းပသော ရွေးကောက်ပွဲရလဒ်နှင့်အညီ လွှတ်တော်ခေါ်ရေး ကြိုးပမ်းရန်  ၁၉၉၈ ခုနှစ်တွင် ဖွဲ့စည်းခဲ့သည့် CRPP တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အပါအဝင် ၁၉၉ဝ ရွေးကောက်ပွဲ အနိုင်ရ ချင်း၊ ရှမ်း၊ ရခိုင်၊ မွန် စသည့် တိုင်းရင်းသား ၁ဝ ပါတီမှ ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားခဲ့သည်။

CPRR ကော်မတီဝင် ဇိုမီးအမျိုးသားကွန်ကရက်ပါတီ (ZNC) ကလည်း အစိုးရဘက်မှ သိသာထင်ရှားသည့် ပြောင်းလဲမှုမျိုး ရှိလာလျှင် ပါတီတရားဝင် ရပ်တည်ရန် မှတ်ပုံတင်မည်ဟု ဆိုသည်။

“တကယ်လို့ ပြောင်းလာရင်တော့ မှတ်ပုံတင်တာတို့ ဘာတို့ကတော့ စဉ်းစားရမှာပဲ၊ သူတို့က ပြောင်းမယ် ပြောင်းမယ်နဲ့ လွှတ်တော်ထဲမှာ အဓိက အချက်တွေ ပြောင်းတာ မတွေ့သေးဘူးဗျ” ဟု ZNC ဥက္ကဋ္ဌ ပူးကျင့်ရှင်းထန်က ပြောသည်။

အငြင်းပွားနေသည့် မြစ်ဆုံဆည်စီမံကိန်း ရပ်ဆိုင်းထားမှု၊ ဒေါ်အောင်ဆန်းစုကြည်နှင့် အစိုးရအဖွဲ့တို့ တွေ့ဆုံမှုတို့ကို အစိုးရသစ်၏ တိုးတက်မှု ခြေလှမ်းဟု ရှုမြင်သော်လည်း အမျိုးသားရင်ကြားစေ့ရေး လမ်းစပွင့်မည့် လုပ်ရပ်များ မရှိသေးဟု ဆိုသည်။

ရန်ကုန်မြို့ NLD ရုံးချုပ်၌ သောကြာနေ့တွင် ကျင်းပခဲ့သည့်  CRPP ၏ လပတ် အစည်းအဝေးတွင် ဒေါ်အောင်ဆန်းစုကြည် က သူနှင့် ဦးအောင်ကြည်တို့၏ တတိယအကြိမ် တွေ့ဆုံဆွေးနွေးခဲ့များကို ရှင်းလင်းပြောဆိုခဲ့ပြီး ကော်မတီဝင်များက ပြန်လည်ဆွေးနွေးခဲ့ကြောင်း သိရသည်။

နေ့လည် ၁ နာရီမှ စတင်ကာ  နှစ်နာရီပြုလုပ်ခဲ့သည့် အစည်းအဝေးသို့  ကော်မတီဝင်များဖြစ်သည့် NLD ပါတီမှ  ဒုဥက္ကဋ္ဌ ဦးတင်ဦး၊ ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းတင်၊ ဦးလှဖေ၊ ဦးစိုးဝင်းနှင့် CRPP အတွင်းရေးမှူး ဦးအေးသာအောင်၊ ပူးကျင့်ရှင့်ထန်တို့ တက်ရောက်ခဲ့သည်။

"နှစ်ပေါင်းများစွာ ညီညီညွတ်ညွတ် ဆောင်ရွက်သလိုပဲ လက်တွဲ လုပ်ဆောင်လာသလိုပဲ နောင်မှာလဲ ဘာလိုကိစ္စပဲဖြစ်ဖြစ် တညီတညွတ်တည်း လုပ်ဆောင်ဖို့ သဘောတူခဲ့ကြတယ်" ဟု  အစည်အဝေး တက်ရောက်ခဲ့သူ ဦးအေးသာအောင်က ပြောသည်။

လွတ်ငြိမ်းချမ်းသာခွင့်ပေးရေး၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် အစိုးရတို့ ငြိမ်းချမ်းရေးဆောင်ရွက် နေ သည့် ကိစ္စရပ်များကို ဒေါ်အောင်ဆန်းစုကြည်နှင့် အစိုးရကိုယ်စားလှယ် အလုပ်သမာဝန်ကြီး ဦးအောင်ကြည် တို့ စက်တင်ဘာလ ၃ဝရက်နေ့ တတိယအကြိမ် တွေ့ဆုံမှုတွင်ထည့်သွင်းဆွေးနွေးခဲ့ကြသည်။