ရန်ကုန် (မဇ္စျိမ) ။ ။ နေပြည်တော်တွင် လွှတ်တော်တက် သတင်းယူနေသည့် သတင်း ထောက် သုံးဦးထက် မနည်း၏ ကိုယ်ရေးအချက် အလက်များနှင့် ပတ်သက်၍ အာဏာပိုင်များက နေအိမ်များတွင် လိုက်လံစုံစမ်းမှုများပြုလုပ်နေ သည်ဟု ပြည်တွင်း သတင်းရပ်ကွက်မှစုံစမ်းသိရှိ သည်။
“နေပြည်တော် လွှတ်တော်တက်တဲ့ သတင်းသမားတွေကို နောက်ကြောင်းလိုက်တယ်ဆိုတာ ဟုတ်တယ်။ ရန်ကုန်က အိမ်တွေဘာတွေကို လာမေးတာ။ သူ့မိသားစုနဲ့စကားပြောဖြစ်တယ်ဆိုတာလဲ ဟုတ်တယ်။ ဘာတွေပြော ဖြစ်လဲတော့ ပြန်မမေးဖြစ်ဘူးတဲ့။ အိမ်ကစိတ်ပူမှာစိုးလို့ အရေးမကြီးသလိုပဲ လုပ်ထားလိုက် တာတဲ့” ဟု စုံစမ်းခံခဲ့ရသူ သတင်းထောက်နှင့် နီးစပ်သူတဦးက မဇ္စျိမကို ပြောသည်။
အောက်တိုဘာလဆန်းက စတင်ခဲ့သော အမည်စာရင်းနှင့်တကွ လိုက်လံ စုံစမ်းခံရသူများမှာ ပြည်တွင်းထုတ်ဂျာနယ် များမှ သတင်းထောက်များ ဖြစ်ကြပြီး သတင်း ရဲတပ်ဖွဲ့ ကိုယ်တိုင် သော်လည်းကောင်း၊ ရပ်ရွာ အုပ်ချုပ်ရေးမှူးရုံး များမှ တဆင့်လည်းကောင်း စုံစမ်းခံရခြင်းဖြစ်သည်။ မည်သည့်အတွက်ကြောင့် စုံစမ်းနေ
သည်ကို မသိရှိနိုင်ဘဲ ဖြစ်နေသည်။
စုံစမ်းခံရသူ ကာယကံရှင်များက လူသိရှင်ကြားထုတ်ပြောရန် စိုးရွံ့နေကြချိန်တွင် မေးမြန်းခံခဲ့ရသူများအနက် လွှတ်တော်တက် သတင်းရယူရန်အတွက် စာပေစိစစ်ရေးခွင့်ပြုချက် ရရှိထားသူဖြစ်ကာ မည်သည့် သတင်းတိုက် ကိုယ်စားပြုဖြစ်ကြောင်းနှင့် ကိုယ်ရေးအချက်အလက် တင်ပြထားပြီးသူများ ပါဝင်သည်ကို မဇ္ဈိမက စုံစမ်းသိရှိရ
သည်။
ပြန်ကြားရေးဝန်ကြီးဌာနလက်အောက်ခံ စာပေစိစစ်ရေးနှင့် မှတ်ပုံတင်ဌာနသို့ ကိုယ်ရေး အချက်အလက် ပေးပို့ ထားသော သတင်းထောက် အနည်းဆုံး ၃၅ ဦးရှိသည်ဟု ဌာနတွင်း သတင်းရပ်ကွက်က ပြောသည်။
“နယ်က အိမ်မှာ ဒေါ်အောင်ဆန်းစုကြည်စီ အမြဲတမ်းသွားနေတာတွေ့လို့ သူက ဘာအလုပ် လုပ်တာလဲလို့ တခွန်းပဲ မေးတယ်။ ဟိုက သတင်းထောက်လို့ပြောတော့ သြော်…ဟုတ်လားဆိုပြီးတော့့ပဲ ထွက်သွား တယ်တဲ့။ ဘယ်ကလဲလို့ မေးတော့ သတင်းတပ်ဖွဲ့ကလို့တော့ ပြောသွားတယ်” ဟု စုံစမ်းခံခဲ့ရသူနှင့် နီးစပ်သူ တဦးက မဇ္စျိမကို ပြောသည်။
လွှတ်တော်သတင်းတက်ရောက်ရယူထားသူများအနေဖြင့် စာပေစိစစ်ရေးသို့ပေးပို့ထားသော ကိုယ်ရေး အချက် အလက်သည် (လျှို့ဝှက်) ဟုရေးသားထားသော ကိုယ်ရေးရာဇဝင်ဖြစ်သည်။
ယင်းကိုယ်ရေးဖိုင်တွင် ကာယကံရှင် သတင်းထောက်၏ ငယ်စဉ်ကပင်တက်ရောက်ပညာသင်ကြားခဲ့သော ကျောင်းများ၊ မိဘ၊ မိဘ၏ မိသားစု အလုပ် အကိုင်၊ ဇနီး/ခင်ပွန်း၏ မိသားစုအလုပ်အကိုင် စသည်အချက် အလက်များ ပါဝင်သည်။
“ဘာကြောင့်လုပ်တာလဲဆိုတာ ကျမတို့ တိတိကျကျ မသိရဘူး။ ကျမကလည်း နယ်မှာ မဟုတ်တော့ ပိုဆိုးတာပေါ့နော်” ဟု စုံစမ်းမေးမြန်းခံရသူတဦးက ပြောသည်။
ယခုကဲ့သို့ စုံစမ်းမှုများပြုလုပ်ချိန်မှာ ပြည်ပသတင်းဌာနများဖြစ်သည့် VOA နှင့် BBC မှ သတင်းထောက် များအား လွှတ်တော်တက် သတင်းယူခွင့်ချိန်လည်း ဖြစ်သည်။