ရဲကို NLD လူငယ်သတ်မှု သံသယဖြင့် စစ်ဆေး

ရဲကို NLD လူငယ်သတ်မှု သံသယဖြင့် စစ်ဆေး
by -
ကျော်ခ

ချင်းမိုင် (မဇ္ဈိမ) ။       ။ မြန်မာအတိုက်အခံပါတီ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ၏  လူငယ် တာဝန်ခံ တဦးကို သတ်သူဟု သံသယရှိခံရသူ ရဲတပ်သားတဦးအား သုံးခွမြို့နယ် ရဲစခန်းက အောက် တိုဘာ ၄ ရက်နေ့တွင် စစ်ဆေးမှုများ စတင် ပြုလုပ်လျက် ရှိသည်။

ရန်ကုန်တိုင်း သုံးခွမြို့နယ် အမှတ် ၉  ရပ်ကွက် ဗိုလ်သန်းထူးလမ်းနေ သုံးခွမြို့နယ် NLD လူငယ်တာဝန်ခံ (၂) ကိုနိုင်ဝင်းသည် အိမ်အနီး လမ်းပေါ်တွင် သေဆုံးလျက်ရှိနေသည်ကို အင်္ဂါနေ့ နံနက် လေးနာရီကတရပ်ကွက် တည်းနေသူများက တွေ့ရှိပြီးနောက် ရဲကို အကြောင်းကြားခဲ့သည်။

သေဆုံးခြင်းမဖြစ်မီ နာရီပိုင်းအတွင်း တရပ်ကွက်တည်းသား ရဲဝန်ထမ်း ဦးဇင်မင်းမင်း (ခ) ဇင်မင်းထွန်း (ခ) ပြဿဒါးနှင့် အတူ အရက်သောက်ကာ အငြင်းအခုံ ဖြစ်ခဲ့ကြသေးသည်ဟု မျက်မြင်တွေ့ရှိသူများ၏ ထွက်ဆိုချက် တွင်ပါကြောင်း  သုံးခွမြို့နယ်ရဲစခန်းက မဇ္ဈိမသို့ ပြန်လည်ပြောပြသည်။

“သူတို့နှစ်ယောက် တံတားပေါ်မှာ ရဲတွေ လုပ်ပုံကိုင်ပုံ မှားတယ် ဆိုပြီးတော့ နိုင်ဝင်းက ပြောတာနဲ့ အခြေအတင် စကားများကြတယ်လို့ ပြောတယ်။ ဒါပေမယ့် စစ်ချက်တွေ လုပ်နေတုန်းပါ။ မကြာခင် အမှုမှန်ပေါ်မှာပါ” ဟု တာဝန်ကျ ရဲ အရာရှိက ပြောသည်။ 

သေဆုံးသူ ကိုနိုင်ဝင်းသည် နေအိမ်နှင့် အိမ်လေးလုံးအကွာ အပြန်လမ်းမပေါ်တွင် မှောက်လျက်သား လဲနေပြီး မျက်နှာနှင့် ဦးခေါင်းများတွင်ကျိုးပဲ့၊ ပေါက်ပြဲဒဏ်ရာများနှင့် သေဆုံးနေသည်ကို တွေ့ရှိရကာ ကျန်ရစ်သူမိသားစု က စခန်းတွင်သွားရောက် တိုင်ကြားရာမှ ရဲက လူသတ်မှုဖြင့် အမှုဖွင့်ထားသည်။

စစ်ဆေးမှုခံယူနေသူ ဦးဇင်မင်းမင်း သည် မင်္ဂလာဒုံမြို့နယ် ပျဉ်းမပင် အမှတ် ၈ ရဲတပ်ရင်းမှ ရဲတပ်သားတဦး ဖြစ်ပြီး ယင်းတပ်ရင်း၏ ဌာနခွဲများ မီတာ ၅ဝဝ အပြေးပြိုင်ပွဲအတွက် လေ့ကျင့် ပြင်ဆင်နေသူ ဖြစ်သည်။ သူသည်အောက်တိုဘာ ၁ ရက်နေ့က ဌာနမှ ခေတ္တခွင့် ယူကာ သုံးခွမြို့သို့ပြန်လာခဲ့သည်။ 

သုံးခွမြို့နယ် ရဲစခန်း၏ စစ်ချက်များအရ ည ၁၂ နာရီခွဲခန့်ထိ အစိုးရနှင့် ရဲများ လုပ်ပုံကိုင်ပုံနှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့တို့၏ လုပ်ပုံကိုင်ပုံတို့ကို အပြန်အလှန် ငြင်းခုန်နေကြသည်ဟု သိရပြီး အခင်းဖြစ်ပွားသည့်ညက ဦးဇင်မင်းမင်းမှာ အိမ်ပြန်အိပ်ခဲ့ခြင်း မရှိဟု အစောပိုင်း စစ်ဆေးတွေ့ရှိချက်တွင် တွေ့ရသည်ဟု ရဲက ပြောသည်။

“ဒီကိစ္စနဲ့ပတ်သက်ပြီး သူ့မိသားစုကလည်း မကျေနပ်ဘူး။ တရားဥပဒေအကြောင်းအရ အမှန်ဖြစ်ဖို့ကိုလည်း ကျနော်တို့ဘက်ကို ဝိုင်းဝန်းလုပ်ဆောင်သွားမှာပါ။ အာဏာပိုင်တွေ ဘက်ကလည်း အမှန်တရားအတိုင်း လုပ်ပေးလိမ့်မယ်လို့ ကျနော်တို့ယုံပါတယ်”ဟု မြို့နယ် လူငယ်တာဝန်ခံ (၁) ကိုဝင်းဇော် က မဇ္စျိမကို ပြောသည်။

သေဆုံးသူ အသက် ၂၉ နှစ်အရွယ် ကိုနိုင်ဝင်းမှာ  မိသားစုနှင့်အတူနေထိုင်ကာ ပန်းပဲ လုပ်ငန်းကိုလုပ်ကိုင်ပြီး  သုံးခွမြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ လူမှုရေး၊ နိုင်ငံရေးကိစ္စများကို တက်ကြွစွာ ပါဝင်လှုပ်ရှားနေသူ တဦးလည်းဖြစ်ကြောင်း ကိုဝင်းဇော် က ဆက်ပြောသည်။

ကိုနိုင်ဝင်း၏ အစ်ကို အရင်းဖြစ်သူ ကိုရဲဝင်းက“ကျနော်ညီက အိမ်မှာ တအိမ်လုံးအတွက်ရော၊ ကျနော့် အတွက်ရော အားထားနေရတဲ့ လူတယောက်ပါ။ ကျနော်မရှိတော့ရင်တောင်မှ သူ့ကိုပဲ အားကိုးရမယ့် အနေအထားပါ။ ခုလို သူဆုံးသွားတော့ ကျနော်တို့အတွက် အစားထိုးမရတဲ့ဆုံးရှုံးမှုပါဗျာ” ဟု သူက မဇ္စျိမကိုပြောသည်။

Most read this week