နယူးဒေလီ (မဇ္စျိမ) ။ ။ သံဃာတပါးအပါအဝင် နိုင်ငံရေးအကျဉ်းသားငါးဦးအား “အညတရသူရဲ ကောင်းဆု” ဆု ပေးအပ်ရန် ဂျပန်ရောက်မြန်မာများ က ရွေးချယ်လိုက်သည်။
ဦးဝိရသူ (ခ) ဝင်းခိုင်ဦး၊ ကိုဇေယျာအောင် (မြစ်ကြီးနားထောင်)၊ ကိုသန့်ဇော် (သရက်ထောင်)၊ ဦးစွမ်းလှအောင် (ကျောက်ဖြူထောင်)နှင့် မမာမာဦး (ဗန်းမော်ထောင်) တို့အား ရွေးချယ်ခြင်းဖြစ်ကြောင်း အင်္ဂါနေ့့က ထုတ်ပြန် ခဲ့ခြင်းဖြစ်သည်။
“ဒီလူတွေရဲ့တန်ဖိုးကို ကျနော်တို့ နားလည်ရမယ်။ စိတ်ဓာတ်နဲ့ စေတနာကို ဦးညွှတ်ဂုဏ်ပြုရမယ်။ သူတို့ဟာ ကျနော်တို့ တိုင်းပြည်အတွက် အဖိုးမဖြတ်နိုင်တဲ့ လူသားရတနာတွေ” ဟု “အညတရသူရကောင်းဆု” ချီးမြှင့်ရေးကော်မတီ - ဂျပန်မှ တာဝန်ရှိသူ ကိုမင်းထက်ဇော်က မဇ္စျိမကို ပြောသည်။
ယခုဆုချီးမြှင့်ရန်အတွက် ဂျပန်နိုင်ငံရောက် မြန်မာပြည်သားများမှ ကမကထပြု လုပ်ဆောင်ခြင်းဖြစ်ကာ လူသိမများသော်လည်း တိုင်းပြည်နှင့် ဒီမိုကရေစီလုပ်ဆောင်သူများအား ချီးမြှောက်လိုခြင်း၊ ယင်းကဲ့သို့ လူများ ပိုမိုပေါ်ထွန်း လာရေးနှင့် ပြည်တွင်းပြည်ပရှိ ဒီမိုကရေစီရေး လှုပ်ရှားသူများ ပူးပေါင်း လုပ်ဆောင်နိုင်ရေး အတွက် ရည်ရွယ်ခြင်းဖြစ်သည်။
“အညတရသူရဲကောင်းဆု” ကို ပထမအကြိမ်အဖြစ် ယခုနှစ် မြန်မာနှစ်ဆန်းတရပ်နေ့ကလည်း ရွေးချယ်ခဲ့ပြီး ဖြစ်ရာ မဂ္ဂင်ကျောင်းဆရာတော် ဦးအိန္ဒက (လားရှိုးထောင်)၊ ဘိုးတော် ခင်ဝင်း (ခ) ဦးခင်ဝင်းနှင့် ကိုသန်းနိုင် (မအူပင်ထောင်) တို့ ရရှိခဲ့သည်။
“လူသိထင်ရှားတဲ့ သူတွေမှပဲ လူတွေက အသိအမှတ်ပြုကြမယ်။ နိုင်ငံရေး အကျဉ်းသားအနေနဲ့ အသိအမှတ်ပြုမယ်ဆိုတာမျိုးနဲ့တော့ မဖြစ်ဘူး။ ကျနော်တို့ဟာ လူမသိသူမသိ အနစ်နာခံတဲ့ သူတွေကိုလည်း အသိအမှတ်၊ ဒီလူတွေရဲ့ အရေးပါမှု၊ ဒီလူတွေရဲ့ ဒီမိုကရေစီရေးအတွက် ပေးဆပ်နိုင်မှုတွေက အလွန် ကြီးမားတယ် ဆို တာကို ကျနော်တို့ ဖော်ထုတ်ရမယ်” ဟု ဆုရွေးချယ်ရေး ကော်မတီတွင် ပါဝင်သည့် နိုင်ငံရေးအကျဉ်းသမား ဟောင်း ဦးဝင်းတင်က ဆိုသည်။
ဆုချီးမြှင့်မှုကို ဂျပန်နိုင်ငံရောက် မြန်မာများမှ စီစဉ်ခြင်းဖြစ်ကာ ရွေးချယ်ရေးအတွက်ကိုမူ ဦးဝင်းတင် အပါအဝင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ ဦးဆောင်ပြုလုပ်ပေးခြင်း ဖြစ်သည်။
ရွေးချယ်ခံရသူများထဲမှ မစိုးရိမ်တိုက်သစ် ဆရာတော် ဦးဝိရသူမှာ စက်တင်ဘာ အရေးအခင်းတွင်ဖမ်းဆီး ခံခဲ့ရခြင်း ဖြစ်ကာ ထောင်ဒဏ် ၂၅ နှစ်နှင့် မမာမာဦးမှာ ၂ဝဝ၇ လောင်စာဆီစျေးနှုန်း ကြီးမြင့်မှု ဆန့်ကျင် ကန့်ကွက်ရာတွင် ပါဝင်ခဲ့မှုကြောင့် ၂ဝဝ၈ ခုနှစ်တွင် ဖမ်းဆီးခံရခြင်း ဖြစ်ကာ ထောင်ဒဏ် ၆၅ နှစ် ကျခံနေရသူ ဖြစ်သည်။
ကိုဇေယျာအောင်မှာမူ “ဒေါင်းမာန်” ဟူသည့် ကဗျာဖြန့်ဝေမှုဖြင့် ၂ဝဝ၆ ခုနှစ်က ဖမ်းဆီးခံရခဲ့ခြင်းဖြစ်ကာထောင် ဒဏ် ၂၆ နှစ်ကျခံထားရသူ ဖြစ်သည်။ သူသည် ဥပဒေနောက်ဆုံးနှစ်ကျောင်းသားဖြစ်ကာ ဖမ်းဆီးခံရစဉ် က အသက် ၂၁ နှစ်သာ ရှိသေးသည်။
“အကျဉ်းသားတွေ အခုအချိန်မှာ တချို့တွေက သေဒဏ်ကျတယ်ဆိုတာထက် နှစ်ရှည် ဆက်တိုက် ဆက်တိုက် ကျနေတာပဲ။ ဥပမာ ဘိုးတော်ခင်ဝင်းလို ပုဂ္ဂိုလ်မျိုးပေါ့။ ရ၈ ကတည်းက ထောင်တွေ အကြိမ်ကြိမ် ကျနေတာပဲ။ သို့သော် သေဒဏ်တော့ မကျဘူးပေါ့ဗျာ။ အဲဒီလိုတော့ ထူးခြားချက်တော့ ရှိပါတယ်” ဟု ဦးဝင်းတင်က
ပြောသည်။
ဦးစွမ်းလှအောင်မှာ ၂ဝဝ၂ က ယုံကြချက်ကြောင့် အကျဉ်းကျခံရသူဖြစ်ကာ စစ်အစိုးရက ထောင်ဒဏ် ရ၉ နှစ် ချမှတ်ခံခဲ့ရသူဖြစ်ပြီး ကိုသန့်ဇော်မှာ ဗုံးခွဲရန်ပြုလုပ်သည်ဟူသည့် စွပ်စွဲချက်ဖြင့် ၁၉၈၉ ခုနှစ်တွင်ဖမ်းဆီးခံ ရခြင်းဖြစ်ကာ သေဒဏ် အပြစ်ပေးခံခဲ့ရသူ ဖြစ်သည်။
ယခုရွေးချယ်ခံရသူများအား အောက်တိုဘာလ ၁၂ ရက် (သီတင်းကျွတ် လပြည့်နေ့) တွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ရုံးချုပ်၌ အခမ်းအနားဖြင့် ပေးအပ်နိုင်ရန် စီစဉ်နေကြောင်း သိရသည်။ ဆုအဖြစ် မြန်မာကျပ်ငွေ ၁၀ သိန်းနှင့် အထိမ်းအမှတ်ဆုတခု ပေးအပ်ဖြစ်ကာ ယခင်က ဆုကြေးသာ ပေးအပ်နိုင်ခဲ့သည်။
“အညတရ သူရဲကောင်းဆုရှင်တွေ အတွက် ဆရာကြီးဦးဝင်းတင်ရဲ့ အိုင်ဒီယာနဲ့ပေါ့။ စွန့်လွှတ်ခြင်း၊ ညီမျှခြင်း၊
ပေးဆပ်ခြင်းဆိုတဲ့ လိုဂိုလေးရှိပါတယ်။ အဲဒီဟာကိုပဲ အခြေခံပြီးတော့ ပြည်တွင်းက ဆုရွေးချယ်ရေး ကော်မတီ ကနေပြီးတော့ တာဝန်ယူပြီး လုပ်ပေးတာ။ ပုံသဏ္ဍာန် အတိအကျကတော့ ဆုတံဆိပ် ထွက်လာတော့မှပဲ သိရမှာ” ဟု ကိုမင်းထက်ဇော်က ဆိုသည်။
ဆုချီးမြှင့်ရန်အတွက် အလှူရှင် ၅၀ ဦးမှ ဂျပန်ယန်းငွေ ၅၆၀ဝ,၈၀၀ နှင့် အမေရိကန်ဒေါ်လာ ၂၀ လှူဒါန်းထား သည်။
ယခုကဲ့သို့ အကျဉ်းကျသူများအား ဂုဏ်ပြုခြင်းမှာ ကောင်းမွန်သည့် လုပ်ရပ် ဖြစ်ကြောင်းနှင့် လွတ်မြောက်လာ
နိုင်သည့်သူများ၏ ပညာရေး၊ စီးပွားရေး၊ လူမှုရေးနှင့် နိုင်ငံရေးကဏ္ဍများတွင် ပြန်လည် ထူထောင်ရန် အတွက် ကူညီပံ့ပိုးမှုများ လိုအပ်နေသည်ဟု သုံးသပ်မှုများရှိသည်။
“မျိုးစုံသောဘဝတွေမှာ ထူထောင်မှုကိစ္စ၊ သူတို့ရဲ့ လူအဖွဲ့အစည်းအတွင်းမှာ ပြန်ပြီးတော့ လှုပ်ရှားနိုင်တဲ့ သူတွေ၊ ဦးဆောင်နိုင်တဲ့သူတွေ၊ သို့မဟုတ်လို့ရှိရင်လည်း ပြည်သူနဲ့အတူ လက်တွဲနိုင်တဲ့သူတွေ၊ သို့မဟုတ် ကိုယ့်ဘဝကိုယ်မြှင့်တင်နိုင်တဲ့သူတွေ ဖြစ်အောင်တော့ ထပ်လုပ်စရာတွေ ရှိသေးတယ်” ဟု နိုင်ငံရေးအကျဉ်း သားဟောင်း ဦးဝင်းတင်က ပြောသည်။
“အညတရသူရဲကောင်းဆု” ကို လာမည့်နှစ် မြန်မာနှစ်ဆန်းတရက်နေ့ (ဧပြီလ) တွင်လည်း တတိယအကြိမ် အဖြစ် ထပ်မံပေးအပ်သွားနိုင်ရန်အတွက် ညှိနှိုင်းတိုင်ပင်နေကြဆဲဖြစ်သည်။