ခုနှစ်နှစ်အတွက် သမဝါယမ အမြတ် ၁၈၉ ကျပ်

ခုနှစ်နှစ်အတွက် သမဝါယမ အမြတ် ၁၈၉ ကျပ်
by -
မျိုးသန့်

ချင်းမိုင် (မဇ္ဈိမ) ။       ။ ၂၀၀၄ ခုနှစ်မှ ၂၀၁၁ ခုနှစ်အထိ ခုနှစ်နှစ်တာ ကာလအတွင်း ရန်ကုန်တိုင်း သမဝါယမ အသင်းသားများ၏ အစုငွေနှင့် ကုန်ဝယ်ပေါ် အမြတ်ငွေတို့အတွက် ကျပ်ငွေ ၁၈၉ ကျပ်သာပေးနိုင် ခဲ့ကြောင်း သမဝါယမ ဝန်ကြီး ဦးအုန်းမြင့်မှ အင်္ဂါနေ့ အောက်လွှတ်တော်တွင် ပြောကြားသွားဟုအမတ်များ က ပြောသည်။

အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီမှ အမတ် ဦးခိုင်မောင်ရည်၏ ရန်ကုန်တိုင်းအတွင်းရှိ သမဝါယမအသင်းသား များ အစုငွေအမြတ်နှင့် ကုန်ဝယ်အမြတ်များ မရရှိခြင်းနှင့် စပ်လျင်းသည့် မေးခွန်းကို ဝန်ကြီးမှ ရန်ကုန်တိုင်း အတွင်း သမဝါယမ အသင်းဝင်ပေါင်း ၁ဝ၆,၆၂၉ ဦး အတွက် ၂ဝဝ၄ ခုနှစ်မှ ၂ဝ၁၁ ခုနှစ်အထိ အမြတ်ငွေ ၂,ဝ၁၉ သိန်း ထုတ်ပေးပြီးဖြစ်ကြောင်း ဖြေကြားခဲ့သည်။

အသင်းဝင်ပေါင်း ၁၀၆,၆၂၉ ဦးအတွက် အမြတ်ငွေ သိန်း ၂,၀၁၉ ကို တွက်ချက်ကြည့်မည်ဆိုပါက အသင်းဝင် တဦးအတွက် ကျပ်ငွေ ၁၈၉ ကျပ်သာ ရရှိနေခြင်းဖြစ်သည်။

ဝန်ကြီးက ရန်ကုန်တိုင်းအတွင်း ၂၀၁၁၊ ၂၀၁၂ ဘဏ္ဍာရေးနှစ် အတွက် သမဝါယမ အသင်း၏ အစုငွေမှာ ၂,၂၄၅ သိန်းရှိပြီး၊ ရင်းနှီး ပစ္စည်းတန်ဖိုးမှာ ၁,၂၁၅ သိန်းရှိသည်ဟု ထည့်သွင်းပြောသွားသည်။

ရန်ကုန်တိုင်း အတွင်းရှိ သမဝါယမ အသင်းသားများအတွက် ၁၉၉၃ ခုနှစ်မှ၂ဝဝ၃ ခုနှစ်အထိ ၁ဝ နှစ်တာကာလ အတွင်း အသင်းသား တဦးလျှင် အမြတ်ငွေ ၁,၅၃၁ ကျပ် ပေးနိုင်ခဲ့ကြောင်းလည်းဆိုသည်။ သို့သော် ထိုနှစ်များအတွင်း ရင်းနှီးငွေများနှင့် အသင်းသားဦးရေကို ထည့်သွင်းပြောသွားခြင်းမရှိဟု လွှတ်တော် အမတ်များက ဆိုကြ
သည်။

သမဝါယမ ဝန်ကြီးဌာန လက်အောက်တွင် တနိုင်ငံလုံး သမဝါယမ အသင်းစုပေါင်း ၃၇ သင်း၊ အခြေခံအသင်း ၄၃၆ သင်းနှင့် သမဝါယမ အသင်းစုစုပေါင်း ၄၇၅ သင်း ရှိသည်ဟုလည်း ဝန်ကြီးကဆိုသည်။

အမတ် ဦးခိုင်မောင်ရည်၏ မေးခွန်းတွင် သမဝါယမ အမှုဆောင်များအနေဖြင့် တဦးလျှင် ဆိုင်ခန်း ၄ ခန်း၊ ၅ ခန်းထိ ရယူက ဆိုင်ခန်းငှားရမ်းခများ ရယူနေကြောင်း စွပ်စွဲကာ မေးခွန်းတွင် ထည့်သွင်း ပြောသွားသည်ကို ဝန်ကြီးက လက်ခံပြီး အဆိုပါ ဖြစ်ရပ်များကို အရေးယူသွားမည်ဟု ဖြေသွားကြောင်း ဦးခိုင်မောင်ရည်က မဇ္ဈိမကို ပြောသည်။

"ဒါကိုတော့ မအောင်မြင်ဘူးဆိုတာကို သူက လက်ခံတယ် အဓိက ကတော့ ကျနော် စွပ်စွဲခဲ့သလိုပဲ အောက်ခြေမှာ မသမာမှုတွေ ရှိတာကြောင့် မအောင်မြင်တာလို့ ပြောတာပေါ့နော်။ အဲဒါကြောင့် ဒီဟာတွေကို တိတိကျကျ တိုင်ပြီးတော့ သူ့အနေနဲ့ တကယ်ပဲ အရေးယူပေးမယ်၊ လက်ဝါးကြီး အုပ်တာတွေကို တိတိကျကျ တိုင်ပါလို့ပြောတယ်" ဟု ဆိုသည်။

တနိုင်ငံလုံး သမဝါယမ အသင်းပေါင်း ၄၇၅ သင်းတွင် အသင်းဝင် ၆၄၇,၄၅ဝ ယောက်မှ အစုငွေပေါင်း ရ၅၁.၂၅ သန်းဖြင့် ၂ဝ၁၁၊ ၂ဝ၁၂ ဘဏ္ဍာရေးနှစ်အတွက် လုပ်ငန်းလည်ပတ် နေကြောင်းလည်း သိရသည်။

သမဝါယမ အသင်းများအနေဖြင့် အရစ်ကျ ချေးငွေလုပ်ငန်း၊ ဆေးရုံ၊ ဘော်ဒါဆောင်၊ သကြားစက်များ၊ ဆီစက်၊ သွင်းကုန် ထုတ်ကုန်လုပ်ငန်းများ လုပ်ဆောင်ပေးနေသည်။

Most read this week