မြစ်ဆုံဆည် ရပ်ဆိုင်းထားမှု ကြိုဆို

မြစ်ဆုံဆည် ရပ်ဆိုင်းထားမှု ကြိုဆို
by -
ထွန်းထွန်း

နယူးဒေလီ (မဇ္စျိမ) ။       ။ ထိခိုက်မှုများမည်ဟု လူပြောများနေသည့် မြစ်ဆုံဆည်စီမံကိန်းအား ပြည်သူ့ သဘောထား အတိုင်း မိမိအစိုးရလက် ထက်တွင် ရပ်ဆိုင်ထားမည်ဖြစ်ကြောင်း သမ္မတ ဦးသိန်းစိန်က သောကြာနေ့တွင် လွှတ်တော်များသို့ သဝဏ်လွှာပေးပို့ ပြောဆိုလိုက်သည်။

mayka-malika
“မိမိတို့အစိုးရသည် ပြည်သူမှရွေးချယ်တင်မြှောက်ထားသည့် အစိုးရဖြစ်၍ ပြည်သူများ၏ ဆန္ဒကို အလေးထား ရပါမည်။ ပြည်သူများ၏ စိုးရိမ်ပူပန်မှုများကို အလေးထား၍ ဖြေရှင်း ဆောင်ရွက်ပေးရန် တာဝန်ရှိပါသည်။ သို့ပါ၍ မိမိတို့အစိုးရလက်ထက်တွင် မြစ်ဆုံဆည်တည်ဆောက်ခြင်းကို မပြုလုပ်စေဘဲ ရပ်ဆိုင်းထားမည်ဖြစ်ပါသည်” ဟု ၂၉.၉.၂ဝ၁၁ နေ့စွဲဖြင့် လွှတ်တော်များသို့ ပေးပို့သည့် သဝဏ်လွှာတွင် ပါရှိသည်။

မြစ်ဆုံဆည်စီမံကိန်းများကြောင့် “မြစ်ဆုံသဘာဝအလှပျက်စီးခြင်း၊ မြစ်ညှာဒေသ ရေမြုပ်၍ ဒေသခံများ၏ သက်မွေး ဝမ်းကြောင်းလုပ်ငန်းများ ပျက်စီးခြင်း၊ ပုဂ္ဂိလငွေကြေးဖြင့် စီးပွားဖြစ်စိုက်ပျိုးနေသည့် ရော်ဘာနှင့် စိုက်ခင်းများ ပျက်စီးနိုင်ခြင်း၊ ရာသီဥတုဖောက်ပြန်ပါက ဆည်ပျက်စီး၍ ဆည်အောက်ပိုင်း မြို့ရွာနှင့် ပြည်သူ များ သေကြေ ပျက်စီးခြင်းနှင့် ဧရာဝတီမြစ် ပျက်စီးနိုင်ခြင်း” များကို ပြည်သူများ စိုးရိမ်နေသည်ကို သိရှိကြောင်းလည်း ပြောဆို ထားသည်။

ယခုကဲ့သို့ ရပ်ဆိုင်းထားမည်ဖြစ်သည့်အတွက် စာချုပ်ချုပ်ဆိုထားသည့် တရုတ်နိုင်ငံနှင့်လည်း မိတ် မပျက်စေဘဲ သဘောတူလက်ခံလာအောင် ညှိနှိုင်းသွားမည်ဖြစ်ကြောင်းလည်း သမ္မတ၏သဝဏ်လွှာ ထဲတွင် ပါရှိသည်။

ယခုကဲ့သို့ ထိခိုက်မှုများမည်ဟု အများက စိုးရိမ်နေသည့် ဆည်စီမံကိန်း ရပ်ဆိုင်းမှုနှင့်ပတ်သက်၍ သဘာဝ ပတ်ဝန်းကျင်ပညာရှင်၊ နိုင်ငံရေးပါတီ၊ အနုပညာရှင်နှင့် ဆည်စီမံကိန်းရပ်တန့်ရေး လက်မှတ်ထိုး လှုပ်ရှားနေသူ တချို့ကို မဇ္စျိမသတင်းထောက် ထွန်ထွန်းက ဆက်သွယ် မေးမြန်းထားသည်။

ဦးလနန် (အထွေထွေအတွင်းရေးမှူး၊ ကချင်လွတ်မြောက်ရေးအဖွဲ့ - KIO)

“ကျနော်တို့ အဲဒီကိစ္စနဲ့တော့ သဘောထားမှတ်ချက်ပေးဖို့တော့ စောသေးတယ်ခင်ဗျ။ အခု အားလုံးက တောင်းဆိုနေတာတော့ အစိုးရကာလတခုတည်းကို ပြောတာမဟုတ်ပါဘူး။ ရာသက်ပန် အဲဒီဒေသမှာ ရေကာတာ မတည်ဆောက်ဖို့ ပြောနေကြတာပဲ။

ဒါတောင် အစိုးရကကာလသက်တမ်း၊ သမ္မတ ဦးသိန်းစိန်ရဲ့ သူ့ရဲ့ သက်တမ်းမှာ မလုပ်ဘူးဆိုတာကတော့ ဒါ အာမခံချက် မရှိတဲ့ ကိစ္စပါ။ အခု အစိုးရအဖွဲ့တွေရဲ့ ကာလ ကျော်လွန်သွားတဲ့ အခါမှနောက်လာမယ့် အစိုးရတွေ လုပ်ချင် လုပ်ပလေ့ဆိုတဲ့ ပုံစံမျိုး လမ်းဖွင့်ပေးရင်တော့ မသင့်ဘူးခင်ဗျ။ အခုအစိုးရ အနေနဲ့ ဖြစ်လာနိုင်တဲ့ လူထုအုံကြွမှုကို ခေတ္တခဏ ရှောင်လွှဲတဲ့ပုံစံပါ။ ပြဿနာကို ထိပ်တိုက်မရင်ဆိုင်မိအောင် သတိနဲ့ ရှောင်လွှဲတဲ့သဘောပါ။ ဒါကိုလည်း ပြည်သူတွေကတော့ သုံးသပ်နိုင်မယ် ထင်ပါတယ်။ အမှန်တကယ်တော့ ဒါက ရာသက်ပန် အဲဒီဒေသမှာ Dam တခုကို မဆောက်သင့်ဘူးဗျ။ လူထုတွေ အကုန်လုံး တောင်းဆိုနေတာက အဲဒီကိစ္စပါ”

ဦးအုန်း (သဘာဝပတ်ဝန်းကျင်ပညာရှင်)

“တားတဲ့သတင်းကတော့ ကောင်းတဲ့သတင်းပေါ့။ မြစ်ဆုံ Dam ကို ရပ်တယ်ဆိုတာ အမြဲတမ်း ရပ်မှာလား၊ ခဏရပ်မှာ လားတော့ မသိဘူးပေါ့ဗျာ။ ဘာပဲပြောပြော ကောင်းတယ်လို့ မြင်တယ်။

လောလောဆယ် ရပ်လိုက်တာတော့ ကောင်းတဲ့သတင်းပေါ့။ လုံးလုံးကြီး မလုပ်ရင်တော့ ပိုကောင်းတာပေါ့။ ဘာလို့ဆိုတော့ ဒီ ကချင်ပြည်နယ်က Biodiversity Hotspot။ အင်မတန်ကို ရှားပါးတဲ့ အပင်တွေ၊ သစ်ပင်တွေ၊ သစ်ခွတွေ၊ ဆေးဖက်ဝင် အပင်တွေ၊ အကောင်တွေ၊ ငှက်တွေ။ ဒီနေရာမျိုးကို ဘာမှ မထိတာ အကောင်းဆုံးပဲ။ ထပ်ပြီးတော့ မပြောချင်သေးဘူးစောင့်ကြည့် ရမယ်”

ဦးဝင်းတင် (ဗဟိုကော်မတီဝင်၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်)

ကျနော်တို့ အဲဒီကိစ္စနဲ့တော့ သဘောထား မှတ် ချက်ပေးဖို့တော့ စောသေးတယ်ခင်ဗျ။ အခု အားလုံးက တောင်းဆိုနေတာတော့ အစိုးရ ကာလတခုတည်း ကို ပြောတာမဟုတ်ပါဘူး။ ရာသက်ပန် အဲဒီဒေသမှာ ရေကာတာ မတည်ဆောက်ဖို့ ပြောနေကြတာပဲ

“ဒါကတော့ အကောင်းဆုံးပေါ့ဗျာ။ ဘာဖြစ်လို့ အကောင်းဆုံးလဲဆိုတော့ ကျနော်က ပထမဆုံး ဟိုဒင်းပြုတာ ကတော့ ဒီလို ဟာမျိုးလုပ်ပေးပြီးတော့ သူ့ရဲ့လုပ်ပိုင်ခွင့်ကို ကျင့်သုံးပြီးတော့ ဒီလိုပြတ်ပြတ်သားသား လုပ်တာဟာ အဲဒါက တခုပေါ့။ အဲဒီသိပ်ကောင်းတယ်ဆိုတာ သူ့ရဲ့ဆုံးဖြတ်ချက်က ပြည်သူများရဲ့ လိုလားချက်ကိုလိုက်လျော တဲ့အနေနဲ့ ဆုံးဖြတ်တာဖြစ်တဲ့အတွက် ပိုကောင်းတယ်လို့ ကျနော် ယူဆတယ်”

“နောက်တခုကတော့ ဒီမြစ်ဆုံဆည်ဆိုတာက ဒီကိစ္စနဲ့ပတ်သက်လို့က ကျနော်တို့ အသေးစိတ်တော့ မသိသေး ဘူးပေါ့ဗျာ။ သို့သော် ဘာပဲပြောပြော ဒီလိုလုပ်ခြင်းဟာ အကောင်းဆုံးဖြစ်တယ်လို့ ယူဆတယ်။ အထူးသဖြင့် ဘာဖြစ်လို့လဲဆိုတော့ သူ့ရဲ့အစိုးရအဖွဲ့ထဲမှာ ဦးဇော်မင်းလို ဝန်ကြီးတယောက်ကနေပြီးတော့ ဒီကိစ္စကို ဆက်လုပ်မယ်၊ သူများ ဘာတွေပြောပြော ဆက်လုပ်မယ်ဆိုပြီးတော့ အပိုင်ကို ပြောနေတဲ့ဟာတခု ကို ကျော်ပြီးတော့အခုလို ဆုံးဖြတ်နို်င်တာကလည်း ကောင်းတယ်လို့ ယူဆတယ်”

“အဲဒီလို ဆောင်ရွက်ဖို့ လိုအပ်တဲ့ဟာတွေလည်း ရှိပါတယ်။ လိုအပ်တဲ့ကိစ္စတွေ တိုင်းပြည်မှာ အများကြီး ဒီလို လိုအပ်နေတာတွေ အများကြီးရှိနေတယ်။ လိုအပ်တယ်ဆိုတာက အကျဉ်းသားကိစ္စတို့ ဘာတို့ စသည်ဖြင့် ဒီလိုကိစ္စမျိုးတွေမှာ ကက်ဘိနက်ထဲကနေ သူ့ကို သဘောတူတာတို့၊ တချို့ ကက်ဘိနက် ထဲမှာရှိတဲ့ သူတွေက သူ့ရဲ့လုပ်ပိုင်ခွင့်တွေ ဘာတွေကို ဟန့်တားပြီးတော့ သမ္မတကို ဘာမှမလုပ်နိုင်အောင် လုပ်နေတဲ့ အနေအထားတွေရှိတယ်ဆိုတာ ထင်ရှားနေတာကိုး”

တားတဲ့သတင်းကတော့ ကောင်းတဲ့သတင်းပေါ့။ မြစ်ဆုံ Dam ကို ရပ်တယ်ဆိုတာ အမြဲ တမ်း ရပ်မှာလား၊ ခဏရပ်မှာ လားတော့ မသိ ဘူးပေါ့ဗျာ။ ဘာပဲပြောပြော ကောင်းတယ် လို့ မြင်တယ်။

“အခုကျတဲ့အခါကျတော့ ဒီလို မြစ်ဆုံလို ဧရာမကိစ္စကြီး၊နည်းနည်းနောနော ကြီးမားတဲ့ကိစ္စချည်း။ ဒီကိစ္စ ချည်းကို သမ္မတက အခုလို ရပ်ဆိုင်းပစ်လိုက်တယ်။ သူ့သက်တမ်း အတွင်းမှာတော့ မလုပ်ဘူးလို့ ပြောလိုက် ခြင်းဟာ ဒါ အလွန်ကို ရဲတင်းပြတ်သားတဲ့ ဆုံးဖြတ်ချက်ဖြစ်တယ်လို့ ကျနော် ယူဆတယ်။ တခုပဲ ရှိတယ်။ သမ္မတက ဒီကိစ္စနဲ့ ပတ်သက် ပြီးတော့ သူ့ရဲ့သက်တမ်းအတွင်းမှာ မလုပ်ဘူး။ ဒါကငါးနှစ်သက် တမ်းကို ပြောတာဖြစ်တယ်”

“အဲဒီတော့ ကျနော်တို့က ဒီကိစ္စနဲ့ ပတ်သက်လို့ရှိရင် သမ္မတကြီးကို ဆုံးဖြတ်ချက် ပေးဖို့ ကောင်းတာက ဘာလဲ ဆိုတော့ နောက် သူ သမ္မတ အပြောင်းအလဲတွေ လုပ်လို့ နောက် သမ္မတနဲ့ အပြောင်းအလဲတွေ လုပ်တဲ့ အခါမှာနောက်သမ္မတ သက်တမ်း လာမယ့်ပုဂ္ဂိုလ်ကို ထပ်ပြီးတော့ လွှဲပြောင်းတဲ့ အမှာစကားတွေ ချမှတ်တဲ့ အခါမှာ ဒီအလုပ်ကိုတော့ ဆက်ပြီးတော့ မလုပ်ပါနဲ့။ နောက်သမ္မတကလည်း မလုပ်ပါနဲ့လို့ သူ့ရဲ့မှာကြားချက်နဲ့ အတူနောက်သမ္မတ သက်တမ်းတွေ၊ သက်တမ်းတွေမှာလည်း ထပ်ပြီးတော့မလုပ် ဖြစ်ဘဲနဲ့ ဒီကိစ္စဟာ ထာဝရကို ရပ်ဆိုင်းသွားတဲ့ ကိစ္စမျိုးဖြစ်သွားအောင် ဆုံးဖြတ်ပေးနိုင်မယ်ဆိုရင် အကောင်းဆုံး ဖြစ်မှာပဲ”

ကာတွန်းအော်ပီကျယ်

“အောင်ပွဲဆိုတာထက် အောင်မြင်မှုတခုပေါ့။ ဘာလို့လဲဆိုတော့ဒါက စာမေးပွဲလိုဆိုရင်တော့ ဘာသာရပ် တရပ်ပဲ အောင်တဲ့ သဘောပဲ ရှိသေးတာကိုး။ စာမေးပွဲဆိုရင် ဘာသာစုံအောင်မှ
အောင်တာကိုး”

အခုကျတဲ့အခါကျတော့ ဒီလို မြစ်ဆုံလို ဧရာမ ကိစ္စကြီး၊ နည်းနည်းနောနော ကြီးမားတဲ့ ကိစ္စ ချည်း။ ဒီကိစ္စ ချည်းကို သမ္မတက အခုလို ရပ် ဆိုင်းပစ်လိုက်တယ်။ သူ့သက်တမ်း အတွင်းမှာ
တော့ မလုပ်ဘူးလို့ ပြောလိုက်ခြင်းဟာ ဒါအလွန် ကို ရဲတင်းပြတ်သားတဲ့ ဆုံးဖြတ်ချက်ဖြစ်တယ်လို့ ကျနော် ယူဆတယ်။ တခုပဲ ရှိတယ်။ သမ္မတက ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ သူ့ရဲ့သက်တမ်း အတွင်းမှာ မလုပ်ဘူး။ ဒါက ငါးနှစ်သက်တမ်းကို ပြောတာ ဖြစ်တယ်

“ကျနော်တို့ကတော့ ပညာရှင်တွေကော ပြည်သူတွေကော အားလုံး တောင်းဆိုိတဲ့ဟာက အောင်မြင်မှုတခု ရတယ်လို့ကျနော် ယူဆပါတယ်။ သို့သော် ဒီဟာသည် ယာယီ ရပ်ဆိုင်း တာ ဖြစ်တဲ့အတွက် ဒီမြစ်ဆုံနဲ့ ပတ်သက်တဲ့ ဆိုးကျိုး၊ ကောင်းကျိုး လေးတွေကို စနစ်တကျ လေ့လာမှုကိုတော့ မရပ်စေ
ချင်ဘူး။

အဲဒီလေ့ လာမှုကိုတော့ ပညာရှင်တွေနဲ့၊ တကယ်နိုင်ငံတကာအသိအမှတ်ပြုတဲ့ လူတွေ၊မြန်မာနိုင်ငံ ကလည်း တကယ်တော်တဲ့ ပညာရှင်တွေပေါ့လေ။ အဲဒါတွေနဲ့သေချာကွင်းဆင်းပြီးတော့ မြစ်ဆုံရဲ့ အထက်ပိုင်းကော၊ အောက်ပိုင်းကော လေ့လာဆန်းစစ်မှုပေါ့လေ။ သဘာဝ ပတ်ဝန်းကျင်နဲ့ပတ်သက် လို့သော်လည်းကောင်း၊ ရေအနေအထားနဲ့ပတ်သက်လို့သော်လည်းကောင်း၊ လူမှုရေး လူမျိုးရေးနဲ့ ပတ်သက်လို့ သက်ရောက်မှုတွေ  အဲဒါတွေ အကုန်လုံးကိုတော့ သေသေချာချာ ဆက်လက် ပြီးတော့ မရပ်ဘဲနဲ့ ဆန်းစစ်စေချင်ပါတယ်”

“ဒါက ကိုယ့်နိုင်ငံက စီးပွားရေးသမားနဲ့ လုပ်တာ မဟုတ်ဘူးလေ။ ကိုယ့်နိုင်ငံက စီးပွားရေးသမားကတော့ နိုင်ငံရဲ့ အုပ်ချုပ်မှုအောက်မှာ ရှိတာကိုး။ အခုဟာကတော့ အခြားနိုင်ငံ၊ အဲဒီနိုင်ငံကလည်း ရိုးရိုးနိုင်ငံ မဟုတ်ဘူး။ အင်မတန် အင်အားကြီးတဲ့ နိုင်ငံ။ အဲဒီအင်အားကြီးတဲ့ နိုင်ငံမှာ ကိုယ့်ဘက်က ရပ်လိုက် ရုံနဲ့ ရှေ့ပိုင်းက သဘောတူထားတဲ့၊ ရှေ့ အစိုးရတုန်းက သဘောတူထားတဲ့ စာချုပ်စာတမ်းတွေ၊ငွေပေးချေမှု တွေ ရှိသေးတာကိုး။ အဲဒါတွေကိုကျတော့ ဘယ်လို ဆောင်ရွက်မလဲဆိုတာ နှစ်နိုင်ငံ ချစ်ကြည်ရေးလည်း မပျက်စေ ချင်ဘူးဗျာ။ သို့သော် ကျနော်တို့ နိုင်ငံရဲ့ပင်မ အသက်သွေးကြောကြီးကို လည်းမပျက်စီးစေ ချင်ဘူး။ ဆိုတော့ အဲဒါကိုတော့ ကျနော် ထင်တယ်။ စနစ်တကျနဲ့မှ ရမယ် ထင်တယ်။ ဘာလို့ဆိုတော့ ဘယ်သူတွေက စာချုပ် ချုပ်ပြီးတော့ ဘယ်လို သဘောတူညီချက်တွေနဲ့ လုပ်ခဲ့လဲဆိုတာကို ပြည်သူတွေ ဒါမှမဟုတ် အမျိုးသားညီလာခံမှာ ချပြဖို့ လိုမယ်”

“လှေကားထစ်တွေကတော့ အများကြီးလိုသေးတာပေါ့နော်။ တထစ်ပြီးမှ တထစ်သွားကြရတာ။ သိပ်လည်း ကြာလို့တော့ မဖြစ်ဘူးလေ။ တထစ် တထစ်ကို တနှစ်လောက်ကြာနေရင်လည်း မဖြစ်သေးဘူးလေ။ ကျနော် တို့ကတော့ ထိထိရောက်ရောက်နဲ့ လျင်လျင်မြန်မြန်ပေါ့ဗျာ။ ထိရောက်မှုဆိုတာက အချိန်လည်း လိုသေးတာကိုး။ ဒါကြောင့် ထိထိရောက်ရောက်၊ လျင်လျင်မြန်မြန်နဲ့ နောက်ကျန်တဲ့အဆင့်တွေလည်း လျင်လျင်မြန်မြန်ဖြစ်စေချင်တာပေါ့”

“ဒီမြစ်ဆုံကိစ္စက တချို့လူတွေက မထွေးနိုင် မအန်နိုင် ဖြစ်နေမှာပေါ့။ ကျနော်ကတော့ မထွေးနိုင် မအန်နိုင် ဆိုတဲ့မြန်မာစကားလုံးကို ဒီတခါတော့ သုံးဖြစ်တယ်။ ဘာလို့လဲဆိုတော့ ကိုယ်မြိုထားတဲ့အရာက နည်းနည်း ကြီးတာကိုဗျ။ မြိုထားတဲ့အရာကကြီးတော့ အန်ရမယ့်လူကလည်း အန်လိုက်ရင် သူ့ဗိုက်ထဲမှာ ဘာကို စားထားတယ်ဆိုတာ ပေါ်သွားမယ် ထင်တယ်။ အဲဒီတော့ သူကလည်း မအန်နိုင်၊ နောက်ပြီး မျိုချလို့လည်း မရသေးပေါ့ဗျာ။ အဲဒီလိုအခြေအနေလို့တော့ ကျနော်က မြင်တာပဲ။ ဒါက ကာတွန်းဆရာတယောက်ရဲ့ အမြင်ပါဗျာ”

ဦးဝင်းချို (မြစ်ဆုံစီမံကိန်း ပြန်လည်သုံးသပ်ရန် လက်မှတ်ထိုးကောက်ခံမှု လှုပ်ရှားသူ)

ကျနော်ကတော့ “ဧရာဝတီကျေးဇူး” နဲ့ “မင်း”နဲ့ “ပြည်သူ” ညီညွတ်ပြီလို့ ပြောရမှာပေါ့ဗျာ။ အစိုးရသစ်ရဲ့ ပြည်သူနဲ့ ညှိနှိုင်းလုပ်ဆောင်လိုတဲ့ ဆန္ဒကို ပြည်သူတွေညီညွတ်စွာနဲ့ ဖြည့်ဆည်းပေးလိုက်တာပါဘဲ။ အကောင်း ဘက်ကို ဦးတည်တယ်။ ညီညွတ်မှုကို ထိန်းသိမ်းမထားနိုင်ရင် ဖြစ်လာမယ့် ပြဿနာတော့ ရှိလိမ့်မပေါ့ဗျာ။ ပြည်သူတွေကို အသိအမှတ်ပြုထားပြီးပြီဖြစ်တဲ့အတွက် ညီညွတ်စွာ ပူးပေါင်းလုပ်ဆောင် သွားရင် ဒီကိစ္စဟာ အခက်အခဲ မဟုတ်တော့ပါဘူး”