ဇာဂနာ ထောင်ထဲမှာပင်ရှိနေသေး

ဇာဂနာ ထောင်ထဲမှာပင်ရှိနေသေး
by -
မဇ္စျိမသတင်းဌာန

ရန်ကုန် (မဇ္ဈိမ) ။        ။ နိုင်ငံခြားရေး ဝန်ကြီး ဦးဝဏ္ဏမောင်လွင်က နယူးယောက်မြို့တွင်ကျင်းပ နေသည့် ၆၆ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံတွင် မကြာခင် အကျဉ်းသားများလွတ်ပေး ရန် ရှိသည်ဟု ပြောကြားခဲ့နောက် နိုင်ငံရေးအကျဉ်း သားများလည်း လွတ်လာဖွယ်ရှိသည်ဟု နိုင်ငံရေး ပါတီများကလည်း မျှော်လင့်နေကြသည်။

လူပြောများနေသော ကောလဟတခုကတော့ ကိုသူရ ခေါ် ဇာဂနာ သည်လည်း လွတ်လာပြီဆိုခြင်း ဖြစ်သည်။

နာဂစ်မုန်တိုင်း တိုက်ပြီးနောက် ကူညီကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ကိုင်ရင်း ထောင်ဒဏ် ၃၅ နှစ် ကျခံနေရသူမြစ်ကြီးနားထောင် ကြိုးတိုက်တွင် ရှိနေသော ဇာဂနာ၏ ခယ်မ မငြိမ်း ခေါ် မစန္ဒာနှင့် မဇ္ဈိမ သတင်းထောက်ကမေးမြန်း ခဲ့သည်ကို တင်ပြလိုက်ပါသည်။
--------------------------------------------------------------------------------------------------------------------------------------

ကိုဇာဂနာသာလွတ်မယ် ဆိုရင် မိသားစု အနေနဲ့ ဘယ်လို ဝမ်းသာခံစားမှုမျိုး ရမလဲ အမ။

“အမတို့ အနေနဲ့ မိသားစု အနေနဲ့တော့ လွတ်တယ်ဆိုရင် ပျော်ရမှာပါ ဒါပေမယ့် အခုသတင်းက ပျံ့နေတာ နေ့တိုင်း လည်း ဖုန်းတွေ ဖြေနေရတာပေါ့နော်။ မြစ်ကြီးထောင်ကို မေးပြီးပြီ ကိုသူရက ထောင်မှာပဲ ရှိနေပါတယ်တဲ့။ အမ ကတော့ ကိုသူရကို ၂၀၀၈ က ဖမ်းကတည်းကပဲ ၂၀၀၉ ကစပြီးတော့ စက်တင်ဘာကို ရောက်တိုင်း လွတ်လာပြီဆိုတဲ့ သတင်းထွက်နေတာ အခုဆိုရင် ၃ နှစ် ရှိနေပြီဆိုတော့ ဒီစက်တင်ဘာမှ ထွက်တဲ့ သတင်းအပေါ်တော့ ဘာမှ မဖြစ်တော့ဘူး။ ဒါပေမယ့် ကိုသူရကို လွတ်စေချင်တယ်။ မျှော်လည်း မျှော်လင့်ပါတယ်”

မိသားစုဝင် တယောက်အနေနဲ့ ကိုဇာဂနာ လွတ်လာပြီးနောက် ပိုင်းမှာ  နိုင်ငံရေး ဆက်လုပ်စေချင်လား။ ဒါမှမဟုတ် အမတ် အရွေးခံစေချင်လား။

“ကိုသူရက နိုင်ငံရေးကို ဆက်လုပ်မယ်လို့ အမတို့ကို ပြောဖူးတယ်။ အဲဒီတော့သူက နိုင်ငံရေးကို ဆက်လုပ်မယ်လို့ပဲ ယူဆရတာပေါ့။”

ပါတီတခုခုကိုကော ဝင်စေချင်တာမျိုး ရှိလား။

“ကိုသူရက အရင်ကပဲ ပါတီ နိုင်ငံရေးကို မကြိုက်ဘူး။ အဲဒီအတွက် ပါတီတခုခုမှာ သူဝင်မှာ မဟုတ်ဘူး။ အခု အဖမ်းခံရတာကိုကလည်း လူမှုရေး လုပ်ရင်း အဖမ်းခံရတာလေ သူက လူမှုရေးကို တောက်လျှောက် လုပ်မယ့် သဘောရှိပါတယ်။”

တကယ်လို့ နောက်ထပ် ထောင်ကျတဲ့အဖြစ်မျိုးရှိခဲ့မယ် ဆိုရင် မိသားစုအနေနဲ့ ရင်ဆိုင်နိုင်ပါ့မလား။

“နောက်ထပ် ထောင်ကျတာမျိုး ကိုတော့ မလိုချင်တော့ဘူးပေါ့။ ဒါပေမယ့် တကယ်တမ်း ရင်ဆိုင်ရပြီ ဆိုရင်လည်း အမတို့ မိသားစုအနေနဲ့ ကြံ့ကြံ့ခံနိုင်စွမ်း ရှိပါတယ်။ မဖြစ်တော့ မဖြစ်စေချင်တော့ဘူးပေါ့။”

အခုထောင်ကျနေလို့ ဘာတွေထိခိုက်နစ်နာမှုတွေ ဘာတွေဖြစ်ခဲ့လဲ။

“ထိခိုက်နစ်နာမှု ဆိုတော့ ဒါက ကိုယ်တယောက်တည်း မဟုတ်ဘူး။ အကျဉ်းကျခံရတဲ့ နိုင်ငံရေး အကျဉ်းသား မိသားစုတိုင်း သောကတွေ ဒုက္ခတွေရှိမှာပဲ ဒါကို နစ်နာတယ်လို့လည်း ပြောလို့မရဘူးပေါ့။ နစ်နာတယ်လို့ မသုံးရက်ဘူး နိုင်ငံရေး အကျဉ်းသား မိသားစုတိုင်း အတွက်ပါ”

ကိုသူရ လွတ်လာတယ်ဆိုရင် သူ့မိသားစုတွေ ရှိတဲ့ ပြည်ပနိုင်ငံကို သွားလို့ရနိုင်မယ့် အနေအထား ရှိလား။

“အရင်က အစိုးရ လက်ထက်ကတော့ နိုင်ငံကူးလက်မှတ် မရခဲ့ဘူး။ တကယ်လို့သာ လွတ်လာရင်တော့လည်း
ကိုသူရမှာ ဇနီး၊ သား၊ သမီးတွေက ပြည်ပမှာ ဆိုတော့ အလည်သွားရင်လည်း သွားနိုင်အောင် နိုင်ငံကူးလက်မှတ် လုပ်ကြည့်ရမှာပေါ့။ ရမယ်၊ မရဘူးတော့ မသိဘူးပေါ့နော်။”

အခု မြစ်ကြီးနားထောင်က ကိုဇာဂနာရဲ့ အခြေအနေ ဘယ်လိုရှိပါသလဲ။

“အရင်က အင်းစိန်အကျဉ်းထောင်မှာဆိုရင် မိသားစုနဲ့တွေ့ရင် ဆန်ခါ(ဇကာ) အပေါက်လောက်ပဲရှိတဲ့ သံဇကာ အပေါက်လေးတွေကနေ လက်ထိပ်လေးတွေ ထိရတာမျိုးရှိခဲ့တာရယ်။ ကိုသူရကို မိသားစုနဲ့ပေးတွေ့ဖို့ ခေါ်လာရင် အိတ်နက်ကြီးကို ခေါင်းမှာစွပ်ပြီးတော့ ခေါ်လာတာတွေကို အမ ရဲ့ အမ ဖြစ်တဲ့ ကိုသူရဇနီးက ပြောခဲ့ဖူးတယ်။ အခုတော့ မြစ်ကြီးနားထောင်မှာ ကိုသူရနေရတာ ကြိုးတိုက်လို့ ခေါ်တဲ့နေရာမှာ ကြိုးပေးပြီးသတ်မယ့် သူတွေကို ထားတဲ့နေရာမှာ ထားတယ်လို့ သိရပါတယ်။ နေကောင်းပါတယ်။ ခုနကပဲ မြစ်ကြီးနားထောင်နဲ့ အဆက်အသွယ်ရ တယ်။ ထောင်ထဲမှာပဲ ကိုသူရ ရှိနေပါတယ်တဲ့။ အရင်က အစားအစာတွေ ပို့တာနဲ့ စာရင်တော့ အဆင်ပြေတယ်ပဲပြောရမှာပါ။ အရင်က အစားအစာ။ ပစ္စည်းတွေကို လအလိုက်နဲ့ ကန့်သက်ပြီးတော့ ပို့ရတာမျိုး ရှိခဲ့တယ်လေ။ အခုတော့ များများပို့လို့ရတာပေါ့နော် ဥပမာ တလကို ကော်ဖီမစ် အထုပ် ၃ဝ ပဲ ပို့ ရတာ မျိုး ရှိခဲ့တာ ကနေ အခု ကျတော့ အများကြီးပေါ့ အမတို့ကတော့ အရင်ထက်ပို့ပေးတယ်ပေါ့။ အဲဒါမျိုးလေးတွေတော့ ရှိတယ်။