NLD နည်းပရိယာယ်သစ် ချမှတ်ရန် ဗကပ အကြံပြု

NLD နည်းပရိယာယ်သစ် ချမှတ်ရန် ဗကပ အကြံပြု
by -
ကိုပေါက်

နယူးဒေလီ (မဇ္စျိမ) ။       ။အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် NLD အနေဖြင့် နည်းပရိယာယ်ပေါင်းစုံ ကျင့်သုံး ဆောင်ရွက်သင့်ကြောင်း ဗမာပြည်ကွန်မြူနစ်ပါတီ (ဗကပ)က အကြံပြု ပြောကြားလိုက်သည်။

တနင်္လာနေ့က ဖြန့်ချိလိုက်သည့် ဗကပ အာဘော် ‘အရေးတော်ပုံ’ ဂျာနယ်တွင်  “NLD က အကြမ်းမဖက် ရေးကို အသေစွဲ ကိုင်ထားလျှင် မှားလိမ့်မည်ဟု ယူဆပါသည်။ … နည်းပရိယာယ် လမ်းစဉ်သစ် ချမှတ်ဖို့ လိုပြီဟု ယူဆပါသည်” ဟု ဖော်ပြ ပါရှိသည်။

အာဏာရ အစိုးရဘက်မှ အကြမ်းဖက်မှုဆိုသည်မှာ အချိန်မရွေး ဖြစ်ပေါ်လာနိုင်သဖြင့် မိမိဘက်မှ စတင် ပြင်ဆင်ထားသင့်ကြောင်း “သေသေချာချာ ခုချိန်ကတည်းက ပြင်ဆင်သင့်တယ်လို့ထင်တယ်။ အကယ်၍ ဗိုလ်သိန်းစိန် အစိုးရက ခြေလှမ်းတခု ယူလိုက်ရင် အလစ်အငိုက် မခံရဖို့ အရေးကြီးတယ်။ ကိုယ့်ကိုယ်ကို တုပ်နှောင်ထားရာကျမယ့် ဘာတော့ မလုပ်ဘူး၊ ဘာပဲလုပ်မယ်လို့ ပြောလိုက်ရင် အကာအကွယ်မဲ့သွား မယ်လို့ထင်တယ်။ အဲဒါကို စိုးရိမ်လို့ ကျနော်တို့က ထုတ်ပြောတာပါ” ဟု ဗကပ ပြောခွင့်ရရဲဘော်ဖိုးသံ ချောင်းက မဇ္စျိမကို ပြောသည်။
bakata

သို့သော် မည်သည့် နည်းပရိယာယ်များ ချမှတ် ကျင့်သုံးသင့်သည်ကိုမူ ၎င်းက တိတိကျကျ ပြောဆိုခြင်း မရှိပေ။

‪NLD အနေနှင့်မူ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ချမှတ်ထားသည့် မူအတိုင်း ငြိမ်းချမ်းစွာ ပြောင်းလဲမှုကိုပဲ ယုံကြည်စွာ ဆက်လက် လျှောက်လှမ်းသွားမည် ဖြစ်ကြောင်း ပြောခွင့်ရ ဦးအုန်းကြိုင်က တုန့်ပြန် ပြောဆိုလိုက်
သည်။

“အကြံပြုတဲ့ စေတနာကိုတော့ ဘာမှပြောစရာမရှိပါဘူး။ ကျနော်တို့ကလည်း ကျနော်တို့ အခြေအနေနဲ့ လုပ်ကိုင်ဆောင်ရွက်နေရတဲ့ အခြေအနေ အပေါ်မှာ ဓမ္မဓိဋ္ဌာန်ကျကျ ချဉ်းကပ် သုံးသပ်ပြီး ဆောင်ရွက် တာဖြစ်ပါတယ်” ဟု မဇ္စျိမကို ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်အား ဤကာလများအတွင်း ရုတ်တရက်အသိအမှတ်ပြုနေခြင်းမှာလည်း သူမ၏ပါတီ
NLD နှင့် ခွဲခြားပစ်ရန် ကြိုးပမ်းမှုများဖြစ်ကြောင်းရဲဘော်ဖိုးသံချောင်းက ပြောရင်း “ဒေါ်အောင်ဆန်းစုကြည် ကိုဗြုန်းစားကြီး အသိအမှတ်ပြုလာတာ၊ အင်မတန် တော်တဲ့အကြောင်း၊ ဉာဏ်အမြော်အမြင်ကြီးတဲ့ အကြောင်းမြှောက်ပင့် ပြောလာတာ။ ရိုးရိုးသားသားဆို ဒါမျိုးပြောနေစရာ မလိုဘူးလေ။ ဒီလို အိန္ဒြေမရတဲ့၊ တည်တည် ကြည်ကြည် မရှိတဲ့ လုပ်ရပ်တွေကြောင့် ကျနော်ကတော့ သူတို့အပေါ်မှာ လုံးဝသံသယရှိတယ်” ဟု ရဲဘော် ဖိုးသံချောင်းက ဆိုသည်။

Most read this week