ချင်းမိုင် (မဇ္စျိမ) ။ ။ မြန်မာနိုင်ငံ၏ ပြုပြင် ပြောင်းလဲရေး လုပ်ဆောင်မှုများတွင်သတင်းလွတ် လပ်ခွင့် အတွက် ဥပဒေဆိုင်ရာ ပြုပြင် ပြောင်းလဲမှု များ နှင့်၊ သတင်းမီဒီယာများကို ကန့်သတ်ထား သည့် ဥပဒေများကိုပါ ဖျက်သိမ်းသင့်ကြောင်းစာနယ် ဇင်းသမားများ ကာကွယ်စောင့်ရှောက်ရေးကော်မ တီ CPJ ၏ အရှေ့တောင်အာရှကိုယ်စားလှယ်ရှောင် ခရစ်ပင်း Shawn Crispin က မြန်မာအစိုးရကို တိုက်တွန်းလိုက်သည်။
“သတင်းလွတ်လပ်ခွင့်ကို အာမခံနိုင်မယ့် ဥပဒေ ဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေ ပြုလုပ်ရင် မြန်မာအစိုးရ ပြောဆိုနေတဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုတွေ လုပ်နေတယ်ဆိုတဲ့ အချက်ကိုပိုပြီး အသိအမှတ်ပြု လာကြစရာ ရှိပါတယ်။ သတင်းမီဒီယာကို ကန့်သတ်ချုပ်ချယ်ထားတဲ့ အရမ်းတင်းကျပ်တဲ့ ဥပဒေတွေကို ဖျက်သိမ်းပြီးတော့ ဖမ်းဆီးထောင်ချထားတဲ့ သတင်းထောက်တွေကို ချက်ခြင်းပြန်လွှတ်ပေးရပါမယ်” ဟု မစ္စတာခရစ်ပင်းက ဆိုသည်။
CPJ ၏ အင်္ဂါနေ့က ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာတွင်လည်း "မြန်မာနိုင်ငံ၌ အကြောင်းအရာတော်တော် များများကို ပိတ်ပင် တားမြစ်ထားဆဲ ဖြစ်ပြီး သတင်းလွတ်လပ်ခွင့်ကို ကန့်သတ်ထားကာ သွေဖည်သူများကို အရေးယူနိုင်သည့် 'အလွန် တဘက်သတ်ဆန်သည့် ဥပဒေများ' ကိုလည်း ပြင်ဆင် ပြောင်းလဲခြင်းနှင့် ဖျက်သိမ်းခြင်းများ မရှိသေးဟု"ဖော်ပြထားသည်။
“အစိုးရရဲ့ ပြုပြင်ပြောင်းလဲရေး လုပ်မယ်ဆိုတဲ့ ကတိကိုတော့ ကြိုဆိုပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံမှာ ဆင်ဆာဖြတ်တောက်မှုက အကြီးအကျယ် ရှိနေတုန်းပါ” ဟု နယူးယောက် အခြေစိုက် CPJ ၏ အကြီးတန်း အရှေ့တောင် အာရှ ကိုယ်စားလှယ်နှင့် အစီရင်ခံစာ ရေးသားသူ Shawn Crispin က ဆိုသည်။
၂ဝ၁ဝ ခုနှစ် နိုဝင်ဘာ ရွေးကောက်ပွဲ ကာလမှစ၍ ယခုအချိန်ထိ သတင်းထောက် နှစ်ယောက် အဖမ်းခံ ခဲ့ရကာထောင်ဒဏ် အနှစ် ၂၀ နီးပါး ချမှတ်ခဲ့ကြသည့် အပြင် တဒါဇင်ထက် ကျော်သည့်စာနယ်ဇင်းများ အားလည်း စည်းမျဉ်းများ ချိုးဖောက်သည်ဟုဆိုကာ ခေတ္တပိတ်ပင်ခြင်းများ ရှိခဲ့သည်။
Crispin အနေဖြင့် ဒီမိုကရက်တစ် မြန်မာ့အသံ (DVB)၊ မဇ္စျိမ၊ ဧရာဝတီ အပါအဝင် မြန်မာမီဒီယာများနှင့် တွေ့ဆုံ ခဲ့သေးပြီး၊ သမ္မတ ဦးသိန်းစိန် ခေါင်းဆောင်သည့် အစိုးရက ပြုပြင်ပြောင်းလဲရေးကို ပြောကြား နေသော်လည်းမြန်မာနိုင်ငံတွင် သတင်းလွတ်လပ်ခွင့် မရှိသေးကြောင်း ဆိုခဲ့သည်။
အပေါ်ယံ သက်သက်သာရှိသည့် ဟန်ပြ သတင်းလွတ်လပ်ခွင့်က ပုဂ္ဂလိကပိုင် ဂျာနယ် အမြောက်အများ ထွက်ပေါ် ခွင့် ပြုခဲ့သော်လည်း ထိုသတင်း ဂျာနယ်များအား တင်းကျပ်စွာ ဆင်ဆာ ဖြတ်တောက်မှုများ၊ အစိုးရပေါ်လစီနှင့် အာဘော်များကို အတင်းအကျပ် ပုံမှန် ထည့်သွင်းခိုင်းနေခြင်း တို့ကြောင့် အမှန်တကယ် သတင်း လွတ်လပ်ခွင့် မရှိကြောင်း CPJ အဖွဲ့က ဆက်လက် ပြောကြားခဲ့သည်။
“မြန်မာနိုင်ငံ အတွင်းတွင် ဖြစ်ပျက် ပြောင်းလဲနေသည့် အခြေအနေများနှင့် ပတ်သတ်၍ စစ်မှန် စိတ်ချရပြီး လွတ်လပ်သည့် သတင်းများ ထုတ်ပြန်ရေးအတွက် ပြည်ပအခြေစိုက် မီဒီယာများအား အဓိကသတင်းရင်း မြစ်အဖြစ် လိုအပ်နေဆဲပင်ဖြစ်ပြီး အလှူရှင် နိုင်ငံများ အနေဖြင့် မြန်မာနိုင်ငံတွင် သတင်းလွတ်လပ်ခွင့် မရမချင်းပြည်ပအခြေစိုက် မီဒီယားများကို စွန့်ခွာမသွားသင့်” ဟုလည်း သူက သတိပေးစကားဆိုသည်။
CPJ အဖွဲ့က ပြုလုပ်သည့် သတင်းထောက်များနှင့် အင်တာဗျူးအရ ပြည်ပရောက် မြန်မာများ နေရပ် ပြန်လာကြရန်နေပြည်တော် အစိုးရ၏ အလွတ်သဘော ဖိတ်ခေါ်မှုသည် ပြုပြင်ပြောင်းလဲမှုများ မည်မည်ရရ မရှိသောကြောင့်ယင်းတို့ အနေနှင့် သံသယ ဖြစ်နေကြကြောင်း သိရသည် ဟုဆိုသည်။
CPJ အဖွဲ့က အစီရင်ခံစာ အတွက် မေးမြန်းခဲ့သော ပြည်တွင်း အခြေစိုက် သတင်းထောက် အားလုံးနီးပါးသည် အစီရင်ခံစာထဲတွင် ယင်းတို့ အမည် ပါလာလျှင် အစိုးရက ရန်တုံ့နှင်းလာမည်ကို စိုးရိမ်သဖြင့် အမည်ကို မဖော်ပြရန်တောင်းဆိုခဲ့ကြကြောင်းလည်း ဆိုထားသည်။
CPJ ၏ ဝန်ထမ်းနှစ်ဦးနှင့် CPJ အတွက် အလုပ်လုပ်နေသည့် အလွတ် သတင်းထောက် တဦးတို့သည် အစီရင်ခံစာ အတွက် သုတေသန ပြုလုပ်ရန် မြန်မာနိုင်ငံသို့ သွားရောက်လိုသော်လည်း ဗီဇာအငြင်းခံ ခဲ့ရကြောင်း CPJ ၏ပြောဆိုချက် အရ သိရသည်။ ထိုကဲ့သို့ ဗီဇာ ငြင်းဆိုမှု အတွက်လည်းအကြောင်းပြ ချက်များ မပေးခဲ့ဟု ဆိုသည်။
စက်တင်ဘာလ အစောပိုင်းက ပြန်ကြားရေးနှင့် ယဉ်ကျေးမှု ဝန်ကြီး ဦးကျော်ဆန်းကအောက်လွှတ်တော် သို့ပြောကြားခဲ့ရာတွင် သတင်း မီဒီယာများ အပေါ် ဆင်ဆာ ဖြတ်တောက်မှုသည် မြန်မာနိုင်ငံတွင် လိုအပ်နေဆဲဖြစ်ပြီး ယခုအချိန်၌ သတင်းစာနှင့် ဂျာနယ်များကို လွတ်လပ်ခွင့် မပေးသင့်သေးကြောင်း ဆိုခဲ့သည်။
စာနယ်ဇင်းများအား အုပ်စု နှစ်ခု ခွဲခြားလိုက်ပြီး အုပ်စု ၁ အဖြစ် အနုပညာ၊ သုတရသ၊ ကျန်းမာရေး၊ အားကစား၊ ကလေး၊ နည်းပညာ စသည်တို့နှင့် ပတ်သတ်သော ဂျာနယ်နှင့် မဂ္ဂဇင်း စုစုပေါင်း ၁၇၈ စောင်ကို စာပေစိစစ်ရေးနှင့် မှတ်ပုံတင် ဌာနသို့ စာမူကြမ်းများ ပေးပို့စရာ မလိုတော့ဘဲ တိုက်ရိုက် ထုတ်ဝေခွင့် ပြုလိုက်ကြောင်းနှင့် ထုတ်ဝေ အပြီးတွင်မူ ဂျာနယ်၊ မဂ္ဂဇင်းများ၏ ကော်ပီများ တင်ပြရန် လိုကြောင်း ဖော်ပြခဲ့သည်။
အုပ်စု ၂ တွင် သတင်း၊ စီးပွားရေး၊ ဘာသာရေး၊ မှုခင်းနှင့် ပညာရေး အကြောင်းအရာများ ပါဝင်ပြီး အုပ်စု ၂ ဝင် စာနယ်ဇင်းများ အနေဖြင့် ဆင်ဆာဘုတ်သို့ စာမူကြမ်းများ ကြိုတင်ပေးပို့ရန် လိုနေဆဲ ဖြစ်သည်။
လူကြိုက်များသည့် ဂျာနယ်တစောင်၏ အယ်ဒီတာ တဦးက “ကျနော်တို့အနေနဲ့ အခြေအနေတွေကို ကြည့်ပြီး လုပ်နေရပါတယ်” ဟု ဆိုခဲ့သည်။
ဆင်ဆာ တင်းကျပ်မှုအား လျှော့ချပေးခဲ့သည်ဟု ဆိုသော်လည်း စည်းကမ်း ဖောက်ဖျက်သည်ဟု ယူဆသည့် စာနယ်ဇင်းများအား ခေါ်ယူ သတိပေးခြင်းနှင့် ခေတ္တ ပိတ်ပင်ခြင်းတို့ ရှိနေသည့်အတွက် ဆင်ဆာ ဥပဒေ ရှိနေ
သည်နှင့် ဘာမျှ မထူးကြောင်း ပြည်တွင်းထုတ် ဂျာနယ် အယ်ဒီတာ တဦးက မဇ္စျိမသို့ ပြောကြားခဲ့သည်။
“ဘာမှ မပြောင်းလဲပါဘူး။ ခြားနားသွားတာကတော့ အရင်တုန်းက စာမူကြမ်းတွေကို မထုတ်ဝေခင်မှာ တင်ရတယ်။ အခုတော့ ထုတ်ဝေအပြီးမှာ တင်ရတယ်။ ဒါဟာ ဆင်ဆာဆိုတာ ရှိနေသေးတဲ့ သဘောပါပဲ” ဟု သူက ဆိုခဲ့သည်။
အောက်လွှတ်တော်မှ အတည်ပြုပြီးသည့် ရပ်/ကျေးအုပ်ချုပ်ရေး ဥပဒေကြမ်းတွင်ရပ်/ကျေးအုပ်ချုပ်ရေးမှူး ၏ သက်တမ်းကို လွှတ်တော်သက်တမ်းနှင့် အညီ သတ်မှတ်ထားပြီး၊ သက်တမ်း သုံးကြိမ်တိုင် ပြန်လည် ခန့်ထားခွင့် ရှိကြောင်းလည်း ပါရှိသည်။
ထိုဥပဒေကြမ်းကို အထက်လွှတ်တော်တွင် ဆက်လက် ဆွေးနွေးရန် ပေးပို့ရမည် ဖြစ်ပြီး လွှတ်တော် နှစ်ရပ်လုံးက အတည်ပြုလျှင် သမ္မတထံသို့ ပေးပို့ပြီး သမ္မတက လက်ခံရရှိသည့်နေ့မှ ၁၄ ရက်အတွင်း လက်မှတ်ရေးထိုး ပြီးလျှင် ဥပဒေအဖြစ် အသက်ဝင်လာမည် ဖြစ်သည်။
ယခု ရပ်/ကျေး အုပ်ချုပ်ရေး ဥပဒေကြမ်းကို အထက်လွှတ်တော်က ကန့်ကွက်ပါက လွှတ်တော်နှစ်ရပ် ပေါင်းကာပြန်လည် ဆွေးနွေးရမည် ဖြစ်သည်။